12/05/2012

လက်ဆောင်ပေးချင်တယ်..။





တန်ဆောင်တိုင် ည ပွဲထဲမှာတုန်းက တက္ကသိုလ်တက်တုန်းက သူငယ်ချင်းမ တယောက်က လှမ်းခေါ်နှုတ်ဆက်ရှာတယ်..
*(ထိုအမကြီး) ..ဟယ်..ညီမလေး.. မတွေ့တာကြာဘီ ..
“ဟုတ် မမ ”
* တော်တော်ကြီးကို ၀ လာတယ်နော်.. ( ၁ခါ)
ဟုတ် မမ .. ကွန်ပျူတာရှေ့မှာ ထိုင်ရတာများတာနဲ့ ၀ လာတာပါပဲ.. အမ ခု ဘယ်မှာလုပ်နေလဲ
* ***ဘဏ်မှာ.. ကြာပီ.. ဒါနဲ့ တကယ့်ကို ၀လာတယ်နော် ကျောင်းတုန်းကနဲ့ တခြားစီ.. (၂)
ဟုတ်မမ .. လွန်ခဲ့တဲ့ ၅ နှစ်ကနဲ့တော့ ကွာတာပေါ

*ကျောင်းတုန်းက လူတွေနဲ့တော့ မတွေ့ဖြစ်တော့ပါဘူး.. ညီမလေး ၀လာတာလည်းဟယ် မထင်ရဘူး ( ၃)ခါ
--- စိတ်ပေါက်လာပီ---
ဟုတ်ကဲ့.. မမကတော့ တအားကြီးပိန်သွားတယ်နော်.. အလုပ်အရမ်းပင်ပန်းလို့လားဟင် ..
လို့ မေးလိုက်မှပဲ ..ဒီလိုပဲ .. မဟုတ်ပါဘူး.. အင်းအဲ နဲ့ ပါးစပ်ပိတ်ပြီး နှုတ်ဆက်သွားရှာတယ်..

တကတည်း သူနှုတ်ဆက်တာကလဲ .. လူကို သိက္ခာထပ်ဖို့ကျနေတာပဲ.. ဒီလောက် ၀န်ခံနေတာကို..။
 
xxxxxxx

ကျွန်မမှာ သူငယ်ချင်းအနေနဲ့ ယောကျာ်းလေး ( သို့မဟုတ်) ယောကျာ်းဆန်သော စိတ်ဓာတ်ရှိသူ မိန်းကလေးတွေပဲ များသောအားဖြင့် တွဲဖြစ်တာများပါတယ်။ သူတပါးအတင်းပြော၊ ခေတ်ပေါ်မိတ်ကပ်၊ အ၀တ်အစား၊ ထွက်သမျှရုပ်ရှင်၊မဂ္ဂဇင်း အကြောင်းပြောဆိုတတ်မှ၊  မိန်းမကလေးတယောက်လို နွဲ့လျနေမှ မိန်းမပီသတယ်လို့ မဆိုလိုချင်ပါဘူး။ တချို့ယောကျာ်းလေးတွေလဲ မိန်းကလေးအသုံးအဆောင်တွေအကြောင်း မိန်းမအချို့ထက် ပိုနားလည်တာ တွေ့ဖူးပါတယ်။ ဒါပေမယ့် တခါတလေ မိန်းမအလွန့်အလွန်ပီသသော မိန်းမတွေ များများစုတဲ့ ရုံး လို၊ ဈေးလို နေရာမျိုးမှာ စကားတွေများပြီး ပြသနာတွေများတယ်ဆိုတာကတော့ ၀န်ခံရပါမယ်။ ဘာကြောင့်လဲ ..။ မိန်းမတွေဟာ မလိုအပ်ဘဲ စကားအပိုပြောတတ်သူ များလို့ပါပဲ။ ဒါက နှိမ်ချပြီးပြောတာမဟုတ်ဘူး။ မိန်းမတွေဟာတယောက်နဲ့ တယောက်တွေ့ရင် ခြေဆုံးခေါင်းဆုံးကြည့်ဖို့ ၊သတင်းတွေ ဖလှယ်ဖို့လျင်မြန်တက်ကြွနေတတ်တဲ့ ဗီဇပါလို့ပါပဲ။ အဓိကအကြောင်းအရာတွေကနေ လွဲဖယ်ပြီး ကိုယ်လိုချင်တဲ့ ခေါင်းစဉ်အောက်ကို ဆွဲသွင်းအနိုင်ဆုံးသော ကစားသမားဟာ မိန်းမတွေပါပဲ။ ဒီလိုပြောရင် ကျွန်မကို “ညည်းကကောအေ” ဆိုပြီး မေးခွန်းပြန်ထုတ်ကြ၊ မုန်းတီးကြမှာပဲ။
 
 သူတစ်ပါးကို အပြစ်ကိုရှာရတာဟာ ကောက်ရိုးပုံထဲ အပ်ပျောက်ရှာရတာထက် ပိုလွယ်ကူလွန်းပါတယ်..။ ကျွန်မကို မေမေကအမြဲပြောပါတယ်..။သူများကိုရစရာမရှိအောင် ပြောတတ်တဲ့နေရာမှ နှစ်ယောက်မရှိဘူးတဲ့။ ကျွန်မဟာ လူတယောက်ရဲ့ ပုံပန်းသဏ္ဍာန်ကို မကဲ့ရဲ့မိဖို့ ကိုယ့်ကိုယ်ကိုယ် အမြဲသတိထားပါတယ်..။ ဒါပေမယ့် သည်းခံနေရင်းက တရားလွန်လာရင်လည်း ပြန်ထောက်ပြဖို့ မနှောင့်နှေးတတ်ပါဘူး။ သူကတော့ဖြင့် အသားမဲတယ်..အရပ်ပုကွတယ်..။ ဘာလုပ်မှာလဲ ...ကိုယ့်စိတ်ထဲထားမယ်ဆိုရင်လည်း ဖြစ်တဲ့ကိစ္စပါပဲ..။ ဘာကြောင့်မို့ သူတစ်ပါးရဲ့ မပြည့်စုံမှုကို သူ့ကိုတိုက်ရိုက်ကြီးပြောမှ စိတ်ကျေနပ်မှုရရှိနိုင်ရမှာလဲ..။  

 
အချို့သောသူတွေဟာ ကိုယ့်ကိုပြောရင် မကြိုက်တဲ့စကားတွေကို သူတပါးကိုပြောဖို့ ၀န်မလေးသူတွေပါ။
အချို့သောသူတွေဟာ အမှန်တရားဆိုတဲ့တုတ်ကို  လက်ကိုင်ထားပြီး သူတပါးပျော့ကွက်ကိုမှ ထိုးနှက်ချင်သူတွေပါ ။
အချို့သောသူတွေဟာ ဘူးမားရင်းကို မြှားတစင်းလို ပစ်လွှတ်တတ်ချင်သူတွေပါ။
အချို့သောသူတွေဟာ  ကိုယ့်အားနည်းချက်ကို ကိုယ်အရင်မကြည့်ဘဲ သူတပါးကိုကဲ့ရဲ့တတ်တယ်..။

 အချို့သောသူတွေကျတော့ ကိုယ့်ကိုကဲ့ရဲ့တဲ့သူကို ပြုံးပြီး  လက်ဆောင်ပေးတတ်တယ်..။
ဘာလက်ဆောင်လို့ သင်ထင်ပါသလဲ..။

ဟုတ်ပါတယ်.. ကြည့်မှန် တချပ်ပါ။ 

12/03/2012

ပန်ကိတ်နှင့် အရှိန်အ၀ါကြီးသော မိန်းမ

Me and Pan Cake

ဟိုတရက်က ပန်ကိတ် လုပ်တဲ့ ရယ်ဒီမိတ်ဘူးလေး တွေ့လို့ လက်တည့်စမ်းတာ အောင်မြင်သွားတယ်.. Non-sticky အိုးသေးသေးလေး ပြန်ဝယ်ရတာ ၃၈၀၀၊ ဘူးက ၁၆၀၀ ၊ကြက်ဥ နဲ့ နွားနို့ ၀ယ်ရသေးတယ်.. ၇၀၀၀ နီးနီး ကျွတ်တယ်.. အင်းလေး သွားလည်ရင် ဘိုတွေစားတဲ့ဆိုင်မှာ သူငယ်ချင်း ၀ယ်ကျွေးတာ တချပ်ကို ၁၀၀၀ ကျော်တယ်.. ဆိုတော့ စမ်းသပ်ကြည့်တာ.. အရမ်းကြိုက်တယ်ရယ် မဟုတ်ဘူး.. အိုးကို တွင်တွင်ကြည့်နေရင်း ကိုယ့်ဘာသာ သတိထားမိတာက နံနံပင်နဲ့ ပဲပြုတ်ပဲ ပါတဲ့ မုန့်ပစ်သလက် လောက် မက်မက်စက်စက် မရှိတာပဲ.. ဒါကြောင့် အဖွားကပြောတာနေမယ်..ပန်ကိတ်ဆိုလို့ ဘာများလဲ မှတ်တယ်..  ညည်းမုန့်က “မုန့်သိုင်းချုံလောက် မချိုပါဘူးအေ” လို့...။ 
________________

အရှိန်အ၀ါကြီးသော ထိုမိန်းမ


ကျောင်းက ဆရာကန်တော့ပွဲမှာ ငယ်ငယ်တုန်းက ( လွန်ခဲ့သော ၁၀နှစ်ပေါ့) သူငယ်ချင်းတချို့နဲ့ပြန်တွေ့တယ်.. များသောအားဖြင့်တော့ အွန်လိုင်းပေါ်မှာ တွေ့နေကျတွေပါပဲ..။ တန်ဆောင်တိုင်လဲ ရောက်နေတာ့ ညဘက်ကို လူစုပြီးပွဲလည်ကြတယ်..။ အဲ့ဒီသူတွေထဲမှာမှ တယောက်က ပထမနှစ်လောက်တုန်းက ကျမစားပွဲပေါ်မှာ ၊ ကျောင်းက Machine Room ထဲက စက်တွေမှာ ကျမနာမည်နဲ့doc ရည်းစားစာတွေ လာလာရေးတဲ့တယောက်လည်းပါတယ်.. ။ မှတ်မှတ်ရရ ပြီးခဲ့တဲ့ နှစ်တွေတုန်းကတောင် အွန်လိုင်းမှာ တွေ့ဖူးသေးတယ်..။ ခုတော့ အိမ်ထောင်ကျနေပါပြီ။ သူ့သူငယ်ချင်း ၊ကိုယ့်သူငယ်ချင်း အပြန်အလှန် မိတ်ဆက်ပေးကြတော့ အဲ့ဒီတယောက်က သူ့မိန်းမ နဲ့ ကျမကို မိတ်ဆက်ပေးတော့ ကျမနာမည်မေ့နေတယ်ဆိုပဲ..။ ရီဖြဲဖြဲ မနည်းစဉ်းစားနေရတဲ့ ဟန်ထုတ်နေတော့တာပါပဲ.. ။ သူ့ကြည့်ပြီး မနည်း အော်ရီချင်စိတ်ကို အောင့်အီးသည်းခံနေရတယ်..။ 
အော်.. ယောကျာ်းတွေ ယောကျာ်းတွေ.. ပြောပြန်ရင်လည်း မယ်အိ လွန်ရာကျတော့မယ်...။ 

_______________
မိန်းမ 

“သမီးတကောင် နွားတစ်ထောင်” ။ဆယ်ကျော်သက် အရွယ်က ကျမကို သွန်သင်ဆုံးမရခက်ပြီဆိုရင် မေမေတို့တွေ ညည်းနေကျ စကားပေါ့။ အထိန်းသိမ်းရ ခက်တယ်ဆိုပေမယ့် မေမေက ဘယ်တော့မှ ကျမကို လူကြောက်တတ်အောင် မလုပ်ခဲ့ဘူး။ ကျောင်းက စာစီစာကုံးပြိုင်ပွဲ ၊ ပန်းချီပြိုင်ပွဲ စတာတွေ ၀င်ပြီး ပြိုင်တတ်အောင် လေ့ကျင့်ပေးခဲ့တယ်..။ ငယ်ငယ်ထဲက မိုးသောက်ပန်း၊တေဇ တွေကို လတိုင်း ၀ယ်ပေးတယ်.. အရွယ်ရောက်ရင် ရောက်လာသလို သူဝယ်ပေးတဲ့ စာအုပ်တွေက သူလိုချင်တဲ့ဘက်ကို သိမ်းသွင်းတယ်..။ ကျမ အဖတ်ရဆုံးက ဂျူး ရဲ့ ၀တ္ထုတွေပေါ့။ နောက် ချစ်ဦးညို ။ ဖေမြင့် နဲ့ အခြားဘာသာပြန်တွေ၊ တက်ကျမ်းတွေ များတယ်.. ။ မေမေ၀ယ်ပေးတဲ့ စာအုပ်တွေဖတ်ရင်း ဘာသာတရား၊ မြန်မာနိုင်ငံ သမိုင်းကြောင်း၊ ရာဇ၀င်၊ မိန်းမတယောက်ရဲ့ ကိုယ်ပိုင်လွတ်လပ်စွာ တွေးတောရပ်တည်နိုင်ခွင့်  စတာတွေနဲ့ လူလားမြောက်ခဲ့ရတယ်..။ ကိုယ်တိုင် ရွေးချယ်ဖတ်တတ်လာတယ်..။ အခုထိလည်း စာအုပ်ဝယ်မယ်ဆိုရင် မဟန့်တားတတ်ဘူး။ထားပါတော့.. ကျမဆိုလိုချင်တာက လူတွေနဲ့ အခက်ခဲတွေကို မကြောက်တတ်အောင်၊ အနုပညာဆိုတာကို ခံစားတတ်အောင်၊ စာပေ၊ ပန်းချီနဲ့ သိမ်းသွင်းခဲ့တဲ့ အမေ့ရဲ့ ဗျူဟာကို လေးစားလို့ပါ။ 

ခုထိ ကျနော့ ပတ်ဝန်းကျင်မှာ သမီးတယောက်ထဲပါလို့  ဆိုတဲ့ စကားလုံးလှလှလေးနဲ့ ဘယ်ကိုမှ တယောက်ထဲ မသွားရဲ မလာရဲ၊ လူရှေ့မထွက်ရဲအောင် ခြောက်တတ်တဲ့လူတွေကို တွေ့ရတိုင်း ကျမအမေကို ပြေးပြေးသတိရတာပါပဲ။ ကျမဟာ ကျမမိသားစုမှ တစ်ဦးတည်းသော သမီးပါ။ ဖူးဖူးမှုတ်မခံရသလို၊ တားဆီးပိတ်ပင်တာလည်း မခံရဖူးပါဘူး။ 

နောက်တယောက်က မေမေ့ရဲ့ ဆရာမ ဒေါ်သန်းနွဲ့ ဆိုတာရှိတယ်..။ တေးရေး မောင်မောင်ဇော်လတ်ရဲ့ အမေဖြစ်တယ်..။ သူက ကျမကို (၆)တန်းမှာ အရာရာတိုင်း အမေ့ကို မေးရဦးမယ် လို့ ပြောပြောနေလို့ စကားတခွန်း ပြောခဲ့တယ်။ “ကိုယ်မှန်မယ်ထင်ရင် ၊ ကောင်းတဲ့ကိစ္စမှန်သမျှ ဘယ်သူ့ခွင့်ပြုချက်မှ ယူစရာမလိုဘူး ..သမီး” တဲ့။ 
တခု ၀န်ခံစရာရှိတာက  အဲ့ဒီကနေစပြီး .. ကောင်းမယ်ထင်တဲ့ အရာတိုင်းကို ခွင့်ပြုချက်မယူသလို မိုက်ရူးရဲဆန်တဲ့ တချို့ ကိစ္စတွေကိုလည်း မေမေ့ဆီက ယနေ့ထိ ခွင့်ပြုချက်မယူခဲ့ပါ ...။

 မိန်းမပေါင်းများစွာ၏ မဟာပုရိသဆန့်ကျင်ရေးအတွေးအခေါ်များ ကျနော့ကို လွန်စွာစိုးမိုးလွန်း၍ တခါတရံ အသိရခက်သော၊ ပြောရဆိုရ လက်ပေါက်ကပ်၍ စကားတတ်သော မိန်းမတယောက်ဖြစ်ခဲ့ပြီး မိန်းမတယောက်၏ နူးညံ့ပျော့ပြောင်းမှုများ မြင်ရခဲသော၊ရဲတင်း မာကျောသော မိန်းမသည် ကျွန်မကိုယ်တိုင်ပင် ဖြစ်လာခဲ့ရပါသည်။


10/21/2012

ပြောစရာ ဆိုစရာ..

လှပကျော့ရှင်း....
ဘော်ဒီတင်း၍......
လုပ်ငန်းကြီးကြီး.....
အိမ်ကြီးကြီး......
Father.....Mother .....သေခါနီး........
တစ်ဦးတည်းသောသမီး.....ပျိုစစ်စစ်....အလိုရှိသည်....။

ခုတလော gtalk status တွေမှာ တွေ့တွေ့နေရတဲ့ ကဗျာလိုလို သံပေါက်လိုလို စာတပိုဒ်ပေါ့။ 
ဖတ်ရတာနဲ့တင် တော်တော်ချဉ်တယ်.. ။ တင်တဲ့သူက “ကျနော်ဟာ ပိုင်းလုံးကောင်ပါ ခင်ဗျာ ”လို့ ရေးတင်ထားရင်တောင် ဒီလောက် အောက်တန်းကျမယ် မထင်ဘူး...။ ရေးတဲ့သူကိုလည်း ရွံတယ်။
လုပ်ငန်းကြီးကြီး ..အိမ်ကြီးကြီးနဲ့ လှလှပပ အပျိုစစ်စစ် ကို အလကားနီးနီး ကိုယ့်မှာ ဘာအစွမ်းအစမှ မရှိဘဲ လိုလည်းလိုချင်သေးတယ် ..အပိုင်စီးရင်အောင် သူ့အဖေအမေ ကိုလည်း မြန်မြန်သေပါစေ ဆိုတဲ့ သဘောမျိုး ရှိတဲ့သူဟာ .. ဒီစာကို အပျော်တင်ထားပါတယ်လို့ပဲ ပြောပြော သူ့အတွင်းစိတ်ကို ပြောနေတာနဲ့ တူတူပဲ..။ ဒီစာတင်ထားလို့ ဘယ်မိန်းကလေးမှ အထင်ကြီးမှာ မဟုတ်သလို ပိုလို့တောင် အထင်သေးသွားဦးမယ်..။ ကိုယ့်သိက္ခာ ကိုယ်ချ လို့ ယောကျာ်းလေးတွေရယ်..။
သူများ နဖူးက ချွေး ခြေမကျအောင် ရှာရတဲ့ ပစ္စည်းကို လိုချင်တဲ့သူထက် 
ကိုယ့်အလုပ်ကိုယ်လုပ်ပြီး ကိုယ့်ရွှေငွေ ကိုယ်ရူးတဲ့ ဥစ္စာရူးက ပိုတော်တယ်..။

ပစ္စည်း ဥစ္စာ နှင့် အလှအပ ကို မက်ပြီး ကပ်ဖားလျက်ဖား တဏှာရူးထက် 
ဆောင်ကြာမြိုင်က အပျော်မယ်တွေဆီမှာ ကိုယ့်ပိုက်ဆံနဲ့ကိုယ်ရူးတဲ့ တဏှာရူးက ပိုသူတော်ကောင်းဆန်တယ် .. ။

အကောင်းစားလို လိုချင်မက်မောရင် ကိုယ်တိုင်ကလည်း အကောင်းစားနဲ့ တန်အောင် ကိုယ့်ကိုယ်ကိုယ် ပျိုးထောင်တတ်ရတယ်.. ။ ဖိနပ်စုတ် နဲ့ ရွှေနန်းတော်ထဲ ၀င်ဖို့ မတင့်တယ်သလို .. အူတူတူ အတတ ဘာပညာမှ မတတ်တဲ့သူဟာ ရာဇပလ္လင်နဲ့လည်း မလိုက်ဖက်ဘူး..။ တကယ်လို့သာ သင်ဟာ လူတကာ လေးစားအားထားရတဲ့ ပညာတတ်ကြီး တယောက်ဖြစ်နေရင် .. ဟောင်းနွမ်းတဲ့အင်္ကျီ ကို ၀တ်ဆင်ထားပေမယ့် ပွဲလည်တင့်ဦးမှာပဲ..ဒါပေမယ့် အဲ့ဒီနေရာမှာ ဘာပညာမှ မတတ်ဘဲ ပိုးသားရောင် တောက်တောင်ပြောင်အောင် ၀တ်ဆင်ထားပါစေဦး ..သူတပါး မျက်စိစူးတာပဲ အဖတ်တင်လိမ့်မယ်..။

(မယ်အိ တို့ ပျောက်ချက်သားကောင်းတုန်းက လည်း ကောင်းလို့ ...။
 ပြန်ရောက်ပြန်တော့လဲ ပေါက်ကွဲစရာတွေ သယ်ပိုးလာပြန်ပါပြီ။...  XP
ခုတော့ အရင်ကလို ဘလော့ကို မျက်စိနောက်စရာ ဘာဘာညာညာ ဒီဇိုင်းတွေဘက် အချိန်မပေးတော့ဘဲ
ကိုယ်ရေးချင်တာတွေကိုပဲ ရေးထားခဲ့ဖို့ ဆုံးဖြတ်လိုက်တယ်...
၂၀၀၇ ခုနှစ် ထဲက ရောသမ အသုပ်စုံလုပ်ခဲ့ဖူးတဲ့ ဒီblog ကို ဖျက်လိုက်ရမှာ နှမျောသလိုလို ရှိလို့ပါ။
တချို့ မမှတ်ထားချင်တဲ့ Post တွေကို လက်စဖျောက်ပစ် လိုက်ပြီ .. အေးရော... )


Welcome Back to Myself ..


6/10/2010

လှောင်အိမ်

ငါကိုယ်တိုင်
အချုပ်အနှောင်တွေနဲ့ နေရတဲ့အခါ
တချိန်က လွတ်လပ်မှု အပြည့်အ၀ပေးခဲ့တဲ့
မင်းကို......
သတိရမိပါတယ်....။
"ချစ်တယ်" ဆိုတဲ့ အကြောင်းပြချက်နဲ့
မင်းကို
ဘယ်လောက်တောင် ချုပ်ခြယ်မိခဲ့သလဲ ..
ငါတွေးကြည့်မိပါတယ်...။
တကယ်တော့
မင်းကို ငါတကယ် မချစ်ခဲ့ပါဘူး။
ဘာလို့လဲဆိုတော့...
မင်းရဲ့ လွတ်လပ်မှုကို ငါမမြတ်နိုးမိခဲ့လို့လေ...။

6/01/2010

ဆုရတီ..။


ဆုရတီ....။

ဒီနေ့ ကျောင်းသွားပြီ။
အဖြူ အစိမ်းလေး စ၀တ်ပြီ...။
ကလေးလေး တစ်ယောက် ရဲ့ တကယ့်နေ့ရက်တွေ စတော့မယ်..။
ဘာလို့ " ငိုချင်ချင်ကြီး" လို့ ပြောတာလဲ...။
ညီမလေး ကျောင်းသွားတာကို ပျော်လို့ မမ က ငိုချင်တာ..။
လွန်ခဲ့တဲ့ ငါးနှစ်ကျော်က အနှီးထုပ်လေးထဲက ကလေးလေးက ကျောင်းသူကြီး ဖြစ်သွားပြီ..။
အမှတ်တရ ဓာတ်ပုံလေးတောင် မရိုက်ပေးရဘူး။
ခုထဲက ကြိုးစားပါ ညီမလေးရေ...။
စာသင်ကျောင်း ကို တက်ရတာ ငိုချင်စရာ မကောင်းပါဘူး။
ဘ၀ကျောင်းကြီးကို တက်ရတဲ့ အခါ ပိုပြီး ငိုစရာတွေ တွေ့ဦးမှာ...။
ဘယ်တော့မှ အရှုံးမပေးနဲ့နော်..။
အင်တာနက်သုံးတတ်တဲ့ တနေ့ကျရင်
မမရဲ့ ဒီပိုစ့်လေးကို လာဖတ်ပေါ့နော်..။

ဆု ကို ချစ်တဲ့.....မမအိစံ။

5/27/2010

သူခိုးတစ်ယောက်နှင့် ပိုးစားသစ်သီး



(၁)
ဒါဟာ ကျွန်တော့်ရဲ့ ဒိုင်ယာရီနိဒါန်းပါ။
မရေးဖူးလို့ ချီတုံချတုံ ဖြစ်ရပါတယ်။ ဖျက်ရာ ခြစ်ရာ ပါနိုင်သလို အမှားပါရင်လဲ ခွင့်လွှတ်ဖို့ ကြိုတောင်းပန်ပါတယ်။ စာကြွင်း - လက်ရေးသည်းခံဖတ်ပါ။

(၂)

မြို့တမြို့ရဲ့ ညနေခင်းမှာ ကျွန်တော် မြို့လယ်လမ်းမဘက် အပျင်းပြေ လမ်းလျှောက်ထွက်ခဲ့တယ်။ စီးကရက်ခဲပြီး ကျွန်တော်သွားထိုင်မယ့် နေရာက လဖက်ရည်ဆိုင်တဆိုင် မဟုတ်ခဲ့ပါဘူး။ အင်တာနက်ဆိုင် တဆိုင်ပါ။

"ကျွန်တော် အင်တာနက် သုံးချင်ပါတယ်"

အ၀င်ဝမှာရှိတဲ့ ကောင်တာခုံမှာ ထိုင်နေတဲ့ တစ်ယောက်ကို ကျွန်တော်ပြောလိုက်တယ်။ သူမညွှန်ပြတာ ကွန်ပျူတာ ခုံနေရာတစ်ခု မဟုတ်ပါဘူး။ "Thank you for No-Smoking" ဆိုတဲ့ စာတမ်းကပ်ထားတဲ့ နံရံကိုပါ။ လက်ညှိုးထိုးပြသည့်တိုင် သူမတချက်မှ ကျွန်တော့်ဘက်ကို မကြည့်ပါဘူး။ သူရဲ့ Computer Screen ဆီမှာ အာရုံရောက်နေပါတယ်။ လက်ထဲက စီးကရက်ကို ပစ်ချပြီး နင်းချေလိုက်တယ်။ သူမထံမှ အသံတစုံတရာ ထွက်လာပါတယ်။

" နံပါတ် 7 မှာ ထိုင်ပါ"

ကျွန်တော်ဟာ လေးထောင့်ဘောင်ခတ်ထားတဲ့ မျက်နှာပြင်တခုကနေ ကမ္ဘာကြီးနဲ့ အဆက်အသွယ် ရသွားသလို
ဘောင်ခတ်ပြီးလောကကို ကြည့်တတ်တဲ့ မျက်ဝန်းတစုံနဲ့ စတင် ရင်းနှီးခဲ့ပါတယ်။ အဲ.. ကျွန်တော့်ဘက်က ပေါ့လေ။

(၃)

ရက်သတ္တတပတ်ရဲ့ နေ့အများစုမှာ ကျွန်တော်သူ့ဆီ ရောက်ဖြစ်ပါတယ်။ သူမရဲ့လတ်တလော စိတ်အခြေအနေအတိုင်း တခါတလေ ပြုံးပြတတ်သလို တခါတရံ ခပ်တည်တည်ပါပဲ။

တနေ့တော့ အသုံးပြုခရှင်းဖို့ ကောင်တာဘေးသွားရင်း သူဖုန်းပြောနေလို့ ကျွန်တော်ရပ်စောင့်နေလိုက်တယ်။ ပြီးတော့ သူဖွင့်ထားတဲ့ G talk ရဲ့ အပေါ်ဆုံး သူ့ ID ပေါ်ကို Mouse နဲ့ မသိမသာတို့ပြီး ရွှေ့လိုက်တယ်။

သူမရဲ့ Gmail Address က heart- ease@gmail.....။ ;)


(၄)

ဆံပင်တွေကို အပြောင်သမ်းပြီး နောက်မှာ စုစည်းထားတဲ့ သူ့မျက်နှာက ရှင်းလင်းပါတယ်။ မိန်းမတွေ သူတို့ အချင်းချင်း ပြောစကားနဲ့ဆို " မျက်နှာပြောင်ကြီး" ပေါ့ဗျာ။ မျက်ခုံးမွှေးထူထူရယ် ၊ မျက်မှန်အောက်က မျက်လုံးနက်နက်တွေနဲ့ဆို ဘယ်လိုရုပ်ရယ်လို သတ်မှတ်ရမှန်း မသိဘူး။ သူမဆီက accept ရဖို့ တစ်ပတ်လောက် အောင့်အီးပြီး စောင့်လိုက်ရတယ်။ ကျွန်တော်က ကျောပေးပြီးထိုင်လို့ ၊Vzo ဖွင့်ပြီး web cam ကို သူ့ဘက်ကို လှည့်ပြီး ခိုးကြည့်ရင်းပေါ့။
"ပျိုးခင်းလေးရေ....
မင်းစိမ်းလန်းဖို့ ထစ်ချုံးလိုက်ချင်ပေမယ့်

ခုတော့ မိုးပြေးသာသာလေးပေါ့...။"


(၅)

ကျွန်တော်တို့ စတင် မိတ်ဖွဲ့ကြပါပြီ။ ထုံးစံအတိုင်း သမားရိုးကျ အင်တာဗျူးလေးပေါ့။
ကျွန်တော် - " နေကောင်းလား"
သူမ - " ကောင်းနေပါတယ်"
ကျွန်တော် - " နေကောင်းပါတယ် လို့တော့လုပ်ပါ"
သူမ - " မဟုတ်ဘူး ၊ ခုထိတော့ ကောင်းနေသေးတယ်လေ"


တော်တော် ကပ်သီးကပ်သတ် ပြောတတ်တဲ့ မိန်းမ!!!

(၆)

တနေ့တော့ သူ့ဆီက စာတစ်စောင် ရောက်လာတယ်။ မနက်စာကို ငှက်ပျောသီးပဲစားပြီး ကိုယ်အလေးချိန် လျော့ချစေနိုင်တဲ့နည်းအကြောင်း ရေးထားတဲ့ Forward Mail တစ်ခုပါ။ ကျွန်တော် သူ့ကို လှည့်ကြည့်လိုက်တယ်။ သူလဲ သေချာဖတ်နေပုံပဲ။ မျက်နှာကတော့ တကယ်လက်တွေ့ စမ်းတော့မယ့်ပုံပဲ။ ကျွန်တော် သူ့ကို နာမည်ပြောင်တစ်ခု ပေးလိုက်တယ် "တာဇံ"။ အောက်ဘက်မှာ link လေး တစ်ခုပါတယ်။ လတ်စသတ်တော့ သူက စာတွေလည်းရေးတာကိုး။ ဘာတဲ့... ဟစ်တလာဟာ ပန်းချီဆရာတစ်ယောက် ။ ဟက်ခနဲ ရယ်လိုက်တယ် ။

(၇)

ဒီလိုနဲ့ ကျွန်တော့်နွေရာသီလေး ကျော်လွန်လာခဲ့တယ်။ သူ့အကြောင်းကို သူ့စာ၊ သူ့စကားနဲ့ သိတာများခဲ့တယ်။ ဒီ နလပိန်းတုံးမလေးဟာ ကျွန်တော်ခိုးကြည့်နေတာကို မသိခဲ့ပါဘူး။ တချို့ အချိန်မှာ မော်နီတာကြီးကို ကြည့်ပြီး ရီလား ရီရဲ့ ငိုလားငိုရဲ့။ ပတ်ဝန်းကျင်တစ်ခုကနေ သူ့အတိတ်ကို ကျွန်တော်ကြားခဲ့တယ်။ နားထဲမှာ ဒဏ်ရာအပြည့် တင်ထားတဲ့ ရထားတစင်း ဥသြဆွဲသွားသလိုပဲ။ ဒီလို သူခုတ်မောင်းနေခဲ့တယ်။

"မင်းအလာကိုတောင် မစောင့်ချင်ဘဲ
ပြေးကြိုချင်ခဲ့ပေါ့...

ဒီဘူတာမှာ မနားမှာစိုးတယ်...။"


(၈)

Server ကနေ Message တစ်ခု ရောက်လာတယ်။ Burglish လို့ခေါ်တဲ့ ဘာသာစကားကြီးနဲ့ ။ ကျွန်တော်သေချာထောက်ပြီး ဖတ်လိုက်တယ်။


သူမ ကျွန်တော့်ကို တွေ့ရှိသွားပြီ ဖြစ်ပါတယ်။ ဟုတ်ပါတယ်။ ကျွန်တော်က အကြည့်သူခိုးပါ။ လူလုံးထွက်ပြရတာ နဲနဲရှက်ပေမယ့် သူမနဲ့ ကျွန်တော် တွေ့ပါဦးမယ်။

(၉)

ဒီနေ့က သူမရဲ့ နည်းပညာကင်းစင်ရေး နေ့ပါ။ သူမအလုပ်နားပြီး အားအားယားယားရှိတဲ့ ကျွန်တော့်အတွက် ကတော့ နေ့ထူးနေ့မြတ် ပါပဲ။ သူသူငါငါအတွက် နေသာတဲ့ ချစ်စဖွယ် ဆန်းဒေးပေါ့ဗျာ။ Super Sunday လို့ သူမခေါ်ဝေါ်တဲ့ ဒီလိုနေ့မှာ ကျွန်တော်တို့ ဓါတ်ပုံတော့ မရိုက်ကြပါဘူး။ ဒါပေမယ့် သစ်ပင်တွေ တော်တော်များများရှိတဲ့ ရပ်ကွက်တခုရဲ့ လမ်းဆုံက ကုလားပူတီဆိုင် မှာပါ။

သူမ ဒီနေ့ အားကစားရုံမသွားရပါပဲနဲ့ တီရှပ် အကြီးကြီး ၀တ်လာပါတယ်။ heart - ease က သူမ ၀တ်နေကျ Jean ဘောင်းဘီနဲ့ ဘာတွေ ထည့်ထားမှန်းမသိတဲ့ လွယ်အိတ်က ပြည့်လို့။ သူ့ ဆံပင်ရှည်တွေက နဲနဲပွယောင်းယောင်း နိုင်တယ


"သူခိုး.... ရှင့်အတွက် လူတစ်ယောက်ရဲ့ အတိတ်ဟာ အရေးပါသလား"

" အတိတ်အကြောင်းလဲ မတွေးချင်သလို အနာဂတ်အကြောင်းလဲ မစဉ်းစားချင်ပါဘူး"

သိနှင့်ပြီးပြီပဲကွယ်။ မင်းရဲ့ အတိတ်ကို မတူးဆွသလို အနာဂတ်ကိုလဲ ဘောင်မခတ်ပါဘူး။ ကျုံးမသွင်းဘူး ၊ စည်းမတားဘူး။

" ရှင်က ဒါဆို ပစ္စုပ္ပန်တည့်တည့်ရှု တဲ့လူပေါ့"

"လူတစ်ယောက်ရဲ့ အနာဂတ်ဟာ သူ့ပစ္စုပ္ပန်အလုပ်ပေါ်မှာ မူတည်တယ်လေ။ ကျွန်တော် ခု အဲ့ဒီ ပစ္စုပ္ပန်ကိုပဲ သေချာရှုနေတယ်လေ ၊ သိဘူးလား "

ရွှတ်နောက်နောက် ကျွန်တော့်စကားအတွက် သူ့မျက်စောင်းတချက် ခံလိုက်ရသည်။ ရွက်ကြမ်းကလဲ ရေကြိုလိုက်တော့ တခါဆိုတခါ သောက်လို့ အဆင်ပြေပါတယ်။ တွေးပြီး ရေနွေးတောင် သီးသွားတယ်။

" ကျွန်မ သူငယ်ချင်းတစ်ယောက်က ပြောဖူးတယ်။ အကောင်းဆုံးပန်းသီးတွေဟာ ထိပ်ဆုံးဘက်မှာပဲရှိတယ် တဲ့။ထိုက်တန်တဲ့ သူအတွက်တဲ့ ။ ကျွန်မက အောက်ဘက်မှာရှိတဲ့ သစ်သီးပါ။ ပိုးပါလို့ ကျန်နေခဲ့တာပေါ့ "

ကျွန်တော် ဆွံ့အနေခဲ့တယ်။ ဒီအတိုင်းပဲ တောင်စဉ်ရေမရ တွေဝေနေခဲ့တယ်။

(၁၀)

"ငါ့ရဲ့ ပိုးစားသစ်သီးလေးရေ...။
နေဒဏ် လေဒဏ် ခံရတဲ့မင်း

မှည့်ဝင်းတဲ့ အခါ ၊ အချိုမြိန်ဆုံး ဖြစ်မှာပါကွဲ့ ။

ချစ်မေတ္တာကျမ်းကို ကိုင်ပြီး ငါသက်သေထူပါတယ်..

ပိုးပေါက်လေးကြောင့်လေ..။"

ကျွန်တော် Send Button နှိပ်လိုက်တယ်။ သူမဆီ ရောက်မယ်ထင်ပါရဲ့ ။ အသည်းတံခါးလေး ပိတ်မထားရင်ပေါ့လေ....။





5/21/2010

မောင့်မျက်တောင်ဖျားက ကျွန်မအိမ်မက်တွေ

ထူထဲနက်မှောင်တဲ့ သူ့မျက်ခုံးတွေအောက်က သူ့မျက်လုံးတွေက သားကောင်ကိုစောင့်ကြည့်နေသော မျက်လုံးတွေ မဟုတ်တာတော့ သေချာပါသည်။ တစုံတရာကို လိုက်ရှာနေသလို စူးစမ်းတဲ့အကြည့်တွေ ရပ်တန့်ချိန်မှာတော့ လက်လျော့လိုက်သူတစ်ဦး၏ စွပ်စွဲယိုးစွပ်သံများက တိတ်ဆိတ်မှုကို အဆုံးသတ်လိုက်သည်။

“မေ.. ခင်ဗျား မိန်းမ၀ါဒီ စာအုပ်တွေ ဖတ်တာ သိပ်များနေပြီထင်တယ်။ ခင်ဗျားတို့တွေ အဲ့လိုပဲ.. ကျွန်တော်ထင်တယ် မြန်မာနိုင်ငံရဲ့  ၈၀% သော မိန်းမတွေက မိန်းမ၀ါဒီ စစ်စစ်တွေ ဖြစ်မယ်ဗျ”

ကျွန်မ အငိုက်မိခံရသူ တယောက်လို ဖျတ်ခနဲ ကော်ဖီခွက်ဆီ အကြည့်ရွှေ့လိုက်သည်။ မလုံမလဲ အငွေ့အသက်များ အတိအကျမပါဝင်နိုင်ပေ။

“အင်း.. မှားတယ်။ မြန်မာပြည်က မိန်းမအများစုဟာ များသောအားဖြင့် မိခင်စိတ်နဲ့ ရိုးစင်းကြပါတယ်။ “သားကိုသခင်၊ လင်ကိုဘုရား “ လို တန်ဖိုးထားတတ်သူတွေပဲ။ သူတို့ကို မိန်းမစစ်စစ်များဆိုပြီး ၇၀% ထဲထည့်လိုက်ပါ။ ၁၀% လောက်က တကိုယ်တည်း အပူအပင်မရှာဘဲ ခရီးဆက်နေတဲ့ အပျိုကြီးတွေ ထားပါတော့။ ကျန်တဲ့ ၂၀% လောက်သာ ရှင်ပြောတဲ့ မိန်းမတံခွန်ထူချင်နေတဲ့ မိန်းမ၀ါဒီတွေ ဖြစ်ပါလိမ့်မယ်။ နေရာတကာအမျိုးသမီး အရေအတွက် ကန့်သတ်ခံရတဲ့ မြန်မာပြည်ရဲ့ အဆင့်မြင့်ပညာရေး မှာ ပါဝင်နေသူတွေပေါ့။ အိမ်ထောင်သည်တွေ ဖြစ်နိုင်သလို ၊ တယောက်ထဲသမားတွေလဲ ပါပါလိမ့်မယ်။ အဲ.. တကယ်လို့ ကျွန်မကိုအဲ့ဒီထဲ ထည့်မယ်ဆိုရင် ရှင့်ကို ကျေးဇူးတင်ပါတယ်”

ကျွန်မကော်ဖီသည် အတော်အေးစက်နေပြီ။ သူသည် အလျော့ပေးချင်စိတ် မရှိသေးပါ။

“ကျွန်တော် တခါ ခင်ဗျားအိမ်ရောက်တုန်းက ခင်ဗျားအခန်းဘက်ကို တချက်ကြည့်မိသေးတယ် ၊ တမင်တော့ မဟုတ်ပါဘူး၊ ခင်ဗျားထွက်လာတာနဲ့ ကြုံလို့၊ ခင်ဗျားခေါင်းအုံးဘေးမှာ ဂျူးစာအုပ်တွေချည်းပဲ၊ ဒီစာတွေနဲ့ ကြီးပြင်းခဲ့တယ်ထင်တယ်။ စာရေးဆရာမက လုံးဝမိန်းမ၀ါဒီ အပျိုကြီးပဲ “

နဲနဲစိတ်အချဉ်ပေါက်နေသော သူ့မျက်နှာကို ကြည့်ပြီး ရယ်ချင်လာသည်။ စနောက် ပစ်လိုက်ဦးမှာပဲ။

“အို့ သူက သိပ်ချစ်တတ်တဲ့ မိန်းမတစ်ယောက်ပါ။ ဒီလောက်တော်တဲ့ မိန်းမကို ၊ သေသေချာချာ ဂရုတစိုက်နဲ့ ချစ်တတ်သူနေမှာပါ။ ယောကျာ်းတွေကို မယုံတတ်လို့ အပျိုကြီးလုပ်တာလဲ ဖြစ်နိုင်တာပဲ။ အရေးအသား သတ္တိရှိတယ်။ ယောကျာ်းစာဖတ်ပရိသတ် က မိန်းမ၀ါဒီ လို့သတ်မှတ်လဲ သူကလက်ခံပါတယ်”

သူဘာမှ ဆက်မပြောတော့ပါ။ ဒါကြောင့် ပြောတာပေါ့ ဆိုသည့် မျက်နှာပေးနဲ့ တွင်တွင်သာ ကြည့်နေတော့တာပဲ ။ ကျွန်မ အသာလေးငြိမ်နေလိုက်ပါသည်။

သူသည် ကျွန်မကို ဒေါသနှင့်တွဲဖက်မြင်လေ့ရှိကြောင်း ပြောချိန်တွင် ကျွန်မနဲနဲ ရှက်သွားသည်ဟာ ၀န်ခံရမည်။ ၀ုန်းဒိုင်းကြဲတတ်သော ကျွန်မတွင် ပစ္စည်းများပေါက်ခွဲတတ်သော မကောင်းသည့်အကျင့်ပါ ပူးကပ်နေပါသည်။ အသားနာလျှင် စိတ်ဆိုးတတ်သော ကျွန်မသည် နာကျင်စေသော စကားလုံးများကို ရွေးချယ်ပြောတတ်ပြီး အရာဝတ္ထုများအပေါ် ဒေါသကို ထွက်ပေါက်ပေးတတ်ပါသည်။ ကျွန်မဒေါသပြေချိန်ထိ ထိုစကားများက နာကျင်စေသေးသည် ထင်ပါသည်။ တခါတရံ ချီးမွမ်းသလို၊ စောင်းချိတ်သလိုနဲ့ ညည်းညူတတ်သေးသည်။

“မေ.. ခင်ဗျား စာဖတ်တတ်တာ နဲနဲစောသွားတယ်။ လူတစ်ယောက်ကို ဘယ်အချိန် ဘယ်စကားနဲ့ အကျကောက် အနိုင်ယူတတ်တဲ့ နေရာမှာတော့ ခင်ဗျားက အတော်ဆုံးပဲ စာဖတ်ခြင်း အကျိုးတွေပေါ့လေ”

ခုတော့သူသည် စာပေဘက်ကို အပြစ်ပုံချ လိုက်ပြန်ပါပြီ။ သူသည် လောကကြီးတွင် သူတယောက်သာ စိတ်ကောင်းရှိသည်ဟု ထင်နေသော အတ္တကြီးသူတစ်ယောက် ဖြစ်သည်ဟု ကျွန်မ၏ စွပ်စွဲချက်ကို ယတိပြတ်ငြင်းနေပါသည်။ စကားလုံး အသုံးအနှုန်းမတတ်သော သူ၏ အကောင်းမြင်စိတ်များသည် စိုးရိမ်ရေမှတ်ထက် ကျော်လွန်သွားသောအခါ ကျွန်မသည် မကောင်းမြင်စိတ်များနှင့် ပြည့်နှက်နေသော မုဆိုးတပိုင်း မိန်းမရိုင်းကြီးလုံးလုံး ဖြစ်သွားပါတော့သည်။

“ ကျွန်တော့မှာလေ ကျွန်တော်က မုန်းတဲ့သူဆိုတာ မရှိဘူး။ ဘယ်သူ့ကိုမှ ကျွန်တော် မမုန်းဘူး.။ အဲ့ဒီထဲမှာ နဲနဲလေး ပိုချစ်မိနေတာက ခင်ဗျားဖြစ်နေတာ”

အံ့သြလွန်းလို့ မျက်လုံး အ၀ိုင်းသားဖြစ်ရတဲ့ အထိပါပဲ။ ဘယ်လို ရည်းစားစကား ကြီးလဲ။ ဒီလိုလူမျိုးကို အပြောအဆို မတတ်တဲ့လူများ ခေါင်းစဉ်အောက်မှာ နံပါတ်(၁) နေရာပေးပြီး ထည့်ရမည်။ ကျွန်မ၏ အရွဲတိုက်ချင်စိတ်ကလဲ ထိန်းမရတော့ပါ။ တော်တော်ဘုကလန့်ကျတဲ့ မိန်းမဟု ထင်ချင်ထင်ပါလေ့စေတော့။

“ အော် ဟုတ်လား ။ ကျွန်မကတော့ အဲ့ဒီလိုမဟုတ်ဘူးရှင့်။ ဒီလောကမှာ ကျွန်မအားလုံးကို မုန်းတာချည်းပဲ။ မိသားစုက လွဲရင်ပေါ့။ ဘယ်သူ့ကိုမှ မချစ်ဘူး။ အဲ့ဒီထဲကမှ ရှင့်ကို ဟော့ဒီလောက်လေး (လက်ညှိုးနှင့် လက်မ တေ့လျက်) ပိုကြည့်လို့ရတာပဲရှိတယ် “ ကဲ ကောင်းရော။

ဗြန်းကနဲ မိုးတွေ အုံ့သွားသလို သူ့မျက်နှာတည်သွားသည်။ “ဘာ ခင်ဗျားတကယ်ပြောတာလား ၊နဲနဲတောင် မချစ်ဘူးပေါ့” ကျွန်မ မဖြေဘဲ သူ့မျက်ဝန်းတွေထဲ ယုံကြည်သွားမှုကို လိုက်ရှာမိသည်။ “မေ ပြုံးနေတာကိုပဲ မြင်ချင်တာ” “ မေပြုံးရင်လေ မျက်လုံးနက်နက်လေးပဲ ကျန်တော့တယ် ဒါမယ့် မဲ့ပြုံးတာက ခပ်များများပဲ” ဟု ပြောတတ်ခဲ့သော သူ့နှုတ်ခမ်းများက တင်းတင်းစေ့လျက် ။ စိတ်ဆိုးသွားသလား၊ ဒါဆို ကျွန်မအောင်မြင်သွားတာပေါ့။

သူ့မျက်လုံးတွေကို ကြည့်တိုင်း အနေအထိုင်ခက်သလို ဖြစ်ဖြစ်သွားသော သူသည် အိမ်မက်တခုကို ကျွန်မ ရှာတွေ့သွားမှန်း မရိပ်မိပေ။ ခုလဲ သူသိမည် မဟုတ်ပေ၊

“ကြည့် ၊ ခင်ဗျားသေချာကြည့် ၊ ကျွန်တော့ဆီမှာ ဘာမှမရှိဘူး”

စိန်ခေါ်သလို ပြောပြောဆိုဆိုနှင့် ရှေ့  ကိုတိုးကပ်လာသည်။ ကျွန်မ လန့်ဖျန့် သွားတာ သူ့ရင်ဘတ်ကို လက်နှစ်ဘက်နှင့် တွန်းထားမိသည်။ မလာနဲ့ ။ မပြုံးမိစေနဲ့။ အဲ့ရှာဖွေနေတဲ့ မျက်လုံးတွေနဲ့။ ဒီမှာ ကျွန်မက အိမ်မက်တခုကို ဖမ်းမိထားပြီ သိရဲ့လား။
ကျေးဇူးပြုပြီး မျက်တောင်မခတ်လိုက်ပါနဲ့နော်။ မောင့်မျက်တောင်တွေဆီမှာ တွဲခိုနေတဲ့ ကျွန်မအိမ်မက်တွေ လွင့်စင်သွားမှာ စိုးလို့။ ခုထိတော့ ၀န်မခံချင်ဘူး။


"မင်းရဲ့ စူးစမ်းတဲ့ မျက်ဝန်းတွေက
ကြေကွဲနေတယ်

လမင်းက
ပင်လယ်ရေအနက်ကို တိုင်းဖို့
ကြိုးပမ်းသလို
မင်းက ငါ့ကို အဓိပ္ပါယ်ဖွင့်ဖို့
ကြိုးပမ်းတယ်

မင်းရှေ့မှာ
ငါ့ဘ၀ တဆုံးတဖျားကို
ပြသထားတယ်
ဖုံးကွယ်ထားတာ ပြန်ဝှက်ထားတာ
ဘာမှမရှိဘူး
ဒါကြောင့်မို့
မင်းကိုယ့်ကို မသိတာ ဖြစ်မယ်..။"
-တဂိုး



5/17/2010


မနေ့ည (၁၆.၅. ၂၀၁၀) တုန်းက ကောင်းကင်မှာ လသေးသေးလေးနဲ့ သောကြာကြယ်က နီးနီးလေးရယ်။
သတိထားမိလို့ တအိမ်လုံး ထွက်ကြည့်မိတယ်။ တကယ်ချစ်စရာ ကောင်းပါတယ်။ နက်ပြာရောင် နောက်ခံ ကောင်းကင်နဲ့ လင်းလက်နေတဲ့ ကြယ်လေး၊ သူ့ဘေးနားလေးက ခပ်မျှင်မျှင်လလေး။

ကြည့်ရင်းနဲ့ နားမှာ ပန်ချင်စရာတောင်ကောင်းတယ် လို့ တွေးမိတယ်။ ဒါပေမယ့် တဘက်တည်း ပန်ရမှာပေါ့ ဆိုပြီး ကိုယ့်အတွေးနဲ့ တင် ပြုံးမိတယ်။ အင်း လနှစ်စင်း ရှိတဲ့ ကမ္ဘာမှာ နေရမှပဲ စိတ်ကူးဆက်ယဉ် တာပေါ့နော်။ အဲ့လို တခါတလေ အူကြောင်ကြားတွေ စိတ်ထဲပေါ်ပေါ်လာတာ။

ဒီမနက်ရောက်တော့ သတင်းဘလော့တွေမှာ သူများကော်မန့်တွေ ဖတ်ရတယ်။ သောကြာ ကြယ်နဲ့ လနဲ့ကပ်ရင် ပြည်ပျက်မယ့် နိမိတ်တဲ့။ တယောက်က ခပ်ပိုပိုလေး ပြောတာ ကြည့်ရင်းနဲ့ ကြက်သီးတောင် ထတယ်ဆိုပဲ။ ဗဟုသုတပဲ အားနည်းတယ်ပြောပြော တခါမှမကြားဖူးဘူး။ ဂြိုလ်တွေ တခါတခါ မြေပြင်ကကြည့်ရင် နီးတယ်ထင်ရပေမယ့် သူ့လမ်းကြောင်းတွေနဲ့ သူလည်ပတ်နေတာ မဟုတ်ဘူးလား။
တဘောင်တွေ တော်တော်ကြောက်စရာကောင်းတယ်နော်။ အနည်းဆုံးတော့ လူ့အတွင်းစိတ်ကို ဆင်းရဲသွားစေတာပဲ ။ တကယ်ပဲ မှန်လာမလား မမှန်လာမလား နောက်ထားပြီး စိုးရိမ်နေကြရတယ်။

ဆရာဖေမြင့်ဘာသာပြန်ထားတဲ့ နှလုံးသားအဟာရထဲက စာတပုဒ်ကို သွားသတိရမိတယ်။ ပြတင်းပေါက် တပေါက်ကို ကြည့်နေတဲ့ လူနှစ်ယောက်မှာ တယောက်က ကြယ်တာရာလင်းလက်နေတဲ့ ကောင်းကင်ကို မြင်ပြီး နောက်တယောက်က ရွံ့ဗွက်အိုင်တွေကိုပဲ မြင်တယ်တဲ့။

စိုးရိမ်စရာတွေ အတိအကျ တောင်မသိတဲ့ တဘောင်တွေ ထားခဲ့ပါ။ တဘောင်ဆိုတာ ခက်ဆစ်မှာ ကလေး၊ အရူးနဲ့ ဇာတ်သမားတွေ ပြောနေရာက လာတဲ့ စကားတွေကို တဘောင်လို့ ခေါ်ခဲ့တာလို့ မြန်မာစာမှာ သင်ရပါတယ်။ အဲ့ဒီတော့ ကိုယ့်စိတ်ကို အပင်ပန်းခံမလား။ ကောင်းတဲ့စိတ်နဲ့ မြင်ကြည့်မလားဆိုတာ ကြည့်တဲ့သူအပေါ်မှာပဲ မူတည်နေမှာပဲနော်။

5/16/2010

24 Voices



တရက်ပြီးတရက်

၂၄ နှစ်ပြည့်ခဲ့ပြီ..။

ခေါင်းထဲမှာ မှတ်ဥာဏ်နေရာပိုပေးရသလို
ဘ၀မှာ အတွေ့အကြုံတွေ များလာတယ်.

နှလုံးသားမှာလဲ ဒဏ်ရာတွေ တိုးရင်းနဲ့..။


မေမေ

သမီး ရပ်တည်တတ်ပြီ။

မသဒ္ဓါရေစာ လုပ်အားခကို

ခြစ်ချုပ် ယူတတ်ပြီ.........။

ဝေဖန်ကဲ့ရဲ့ ခံဖူးပြီ။

နာနာကျည်းကျည်း ပြုံးတတ်ပြီ။

သည်းခံတတ်ဖို့တော့ ကျန်သေးတယ် မေမေ။


မေမေ့သမီး

ပိုပျော်အောင် နေပါတယ်....။

ရောင့်ရဲ နိုင်သမျှ ရောင့်ရဲ

ခွန်အားရှိသရွေ့ ရှင်သန်ရင်းနဲ့

အခြေခံအကျဆုံး ရိုးသားဖို့ ကြိုးစားနေပါ့မယ်...။


ဖေဖေနဲ့မေမေ

အေးချမ်းပါစေ..
မနေချင်ဘူးပြောပေမယ့်
အသက်ရာကျော်ရှည်ပါစေ...။

5/13/2010

မေအိရဲ့ A to Z

ကိုရင်ညို ရဲ့ Tag ပါ။ ကိုယ့်ကိုယ်ကို မဂ္ဂဇင်းထဲက celebrity လို့ သဘောထားပြီး ဖြေလိုက်ပါတယ်။:)

A - Armour =သံချပ်ကာ
ကျွန်မမှာ A အမျိုးအစား သွေးတွေစီးဆင်းနေတဲ့ နှလုံးသားရှိပါတယ်။ တခါတလေ သူ့ကိုဖွက်ထားချင်လို့ သံချပ်ကာ တခုလိုချင်တယ်။

B - Birthday= မွေးနေ့
ကျွန်မကို မေလ ၁၆ ရက်နေ့မှာ မွေးပါတယ်..။

C - Choice= ရွေးခြယ်မှု
ကျွန်မရွေးခြယ်ခဲ့သော အရာများအတွက် မည်သည့်အခါမှ နောင်တမရတတ်သည်မှာ ကျွန်မ၏ တခုတည်းသော ခေါင်းမာမှုနှင့် ယှဉ်တွဲနေသော အရည်အချင်းကောင်း ဖြစ်ပါသည်။

D - Dangerous= အန္တရာယ်ရှိသော
ဟုတ်ကဲ့။ ကျွန်မသည် အလွန်အန္တရာယ်ရှိသော မိန်းကလေးတယောက် ဖြစ်ပါသည်။ လိုအပ်ပါက လေ့လာစုံစမ်းခွင့်ပြုပါသည်။

E - Empress = ဧကရီ
ကိုယ့်ကိုယ်ကိုတော့ အဲ့လိုထင်တာပဲ။ တယောက်ထဲနဲ့။

F - Female Right= မိန်းမ၀ါဒီ
ကျွန်မကို မိန်းမ၀ါဒီဟု စွပ်စွဲနိုင်ပါသည်။ ယောက်ျား မိန်းမ ဟု ခွဲခြားဆက်ဆံသော လူများကို လွန်စွာ မုန်းတီးပါသည်။

G - Goose = ငန်း
ကျွန်မ ကြောက်သော တိရစ္ဆာန်ဖြစ်ပါသည်။ နှုတ်သီးအားကိုးနှင့် လိုက်လိုက်ထိုးသောကြောင့် ဖြစ်ပါသည်။

H - Happiness =ပျော်ရွှင်မှု
ကျွန်မဆီမှ သူတို့ ခိုးယူသွားသောအရာ ဖြစ်ပါသည်။ ပျောက်ဆုံးနေသည်မှာ ကြာပြီဖြစ်သော်လည်း လိုက်လံရှာဖွေဖို့ စိတ်မကူးတော့ပါ။

I - Ignore = လျစ်လျူရှုသည်။
ကျွန်မ သင်ယူနေဆဲဘာသာရပ် ဖြစ်ပါသည်။ သူများအကြောင်းပြောဖို့ကလွဲပြီး လုပ်စရာအလုပ်မရှိသော၊ စိတ်ဝင်စားစရာမကောင်းသော ဘ၀ကို ပိုင်ဆိုင်ထားသော သနားစရာ ထိုလူများကို လျစ်လျူရှုရန် လိုအပ်ပါသည်။

J - Jealous= မနာလိုဝန်တိုခြင်း
တစုံတယောက်အပေါ် ချစ်ခြင်းမေတ္တာအားဖြင့် ဖြစ်တတ်သော ရောဂါတခု။

K - Kid
ကလေးလေး ဘ၀ ကိုလွမ်းတယ်။ ဒဏ်ရာတွေ စုံတဲ့ နှလုံးသားနဲ့ ။ အသုံးမကျမှုတွေ ပြည့်နေတဲ့ ဦးနှောက်နဲ့။

L - Love = ချစ်ခြင်းမေတ္တာ
အလျားအနံမရှိသလို တခါတရံမှာ အသွားအပြန်လဲ မရှိပါဘူး။

M - May Flower= မေလရဲ့ ပန်းလေး
မေမေရဲ့ ပန်းခင်းကြီး အိမ်မက်လေးနဲ့အတူ မွေးဖွားလာလို့ မေလရဲ့ ပန်းကလေးဆိုရင် မမှားပါဘူးနော်။

N - Naughty = ဆိုးသွမ်းသော
ကျွန်မမိသားစု အတွက် ဆိုးသွမ်းသော ကလေးတယောက်ဖြစ်ပြီး ကျွန်မချစ်သူအတွက် ဆိုးသွမ်းသော ကောင်မလေး တယောက် ဖြစ်ပါသည်။ (သူတို့ခွင့်လွှတ်မည် လို့ ယုံကြည်ပါသည်။)

O - Orion
နီးရဲ့နဲ့ ဝေး ကြယ်ကလေး..။

P - Peace = ငြိမ်းချမ်းရေး
အပြောလွယ်ပြီး အလုပ်ခက်သော အလုပ်တစ်ခု။

Q - the 17th letter of the Roman alphabet
အပေါ်မှာ ၀လုံးလေးနဲ့ မျက်စိလေး ဖြည့်လိုက်ပါ။ ကြောင်လေးတကောင် ကိုတွေ့လိမ့်မည်။

R - Rose= နှင်းဆီပန်း
စိတ်မဆိုးပါ.။ အရေအတွက်လည်း မကန့်သတ်ပါ။ ပေးသလောက်ယူပါမည်။ :)

S - Songs =သီချင်းများ
သီချင်းတွေရှိမှ တနေ့တာက ပြည့်စုံမှာပါ။ ကျွန်မ ပထမဆုံး ဆိုခဲ့သော သီချင်းမှာ ထူးအိမ်သင်ရဲ့ ``ပန်းခင်းလမ်းပဲ လျှောက်ပါ အချစ်လေးရယ် .. ခရောင်းတောထဲက တို့ကို ထားခဲ့ကွယ်´´ ဟု ကျွန်မ ဖေဖေကပြောပါသည်။

T - Tomato= ခရမ်းချည်သီး
သုပ်စားလျှင်ကောင်းပြီး အသားအရည်လှပါသည်။

U - Ugly = အရုပ်ဆိုးခြင်း
ရာဇ၀င်ရိုင်းပြီး ရုပ်ဆိုးသော ဘ၀ရဲ့ဇာတ်လမ်းတိုများကို ဖြတ်ထုတ်ပစ်လိုက်ချင်ပါသည်။

V - Vampire = သွေးစုပ်ဖုတ်ကောင်
ကျွန်မရဲ့ ရူးကြောင်ကြောင် ဆန္ဒတစ်ခု အတွက် Vampire ဖြစ်ချင်နေပါသည်။ ဘာဆန္ဒလဲဟု မေးပါက ပြောပြလိမ့်မည် မဟုတ်ပါ။

W - Win = အနိုင်ရသည်။
win- win theory ကို ရှည့်လဲ လျှောက်သာ ပျားလဲ စွဲသာ ဟု ခေါ်လို့ ရပါသလား။

X - X = ကြက်ခြေခတ်သင်္ကေတ
တာရာမင်းဝေက ပြောတယ်။` ငါတို့သည်…လူသားများဖြစ်၏....... လက်ဖ၀ါးမှာ အမှားလက္ခဏာ ပါလေသည်။´´ တဲ့။

Y - You = သင်
သင်တို့ရော ကျွန်မကို မည်သို့ထင်ပါသလဲ ။ မှတ်ချက်များ ပေးစေချင်ပါသည်။

Z - Zephyr = ညင်သာစွာ တိုက်ခတ်သောလေ။
သူ့အတွက် အဲ့လိုလေညှင်းလေး ဖြစ်ချင်ပါတယ်။ သူ့ဘ၀အမောတွေ ပြေစေဖို့ပါ။