2/27/2009

အမုန်းစာရင်း

မုန်းတယ်
အိပ်လို့ကောင်းနေတုန်း ထထအော်တဲ့
“ပဲပြုတ်” ဆိုတဲ့ အသံကိုမုန်းတယ်။

မုန်းတယ်
လူကြားထဲ စွတ်စွတ်ဟောက်တဲ့
အပေါက်ဆိုးတဲ့ ဘတ်စ်ကားစပါယ်ယာကို မုန်းတယ်။

မုန်းတယ်
ကဗျာရေးလို့ ဈာဉ်ဝင်နေတုန်း
တ၀ီဝီလာအော်နေတဲ့ ခြင်စုတ်ကိုလဲ မုန်းတယ်။

မုန်းတယ်
အိမ်ပြန်မိုးချုပ်တိုင်း အိမ်ပေါက်ဝက
ခါးထောက်ပြီး ဆူတဲ့ကြီးတော်ကိုလဲ မုန်းတယ်။

မုန်းတယ်
G talk ကိုလာတိုင်း
မင်းရဲ့ Busy ဆိုတဲ့ status ကြီးကို မုန်းတယ်။

နောက်ဆုတ် အရှုံးပေးပါတယ်ဆိုမှ
အနိုင်ယူချင်သေးသလားကွယ်...

နှလုံးသားတစ်ခုလုံး အပိုင်ပေးထားပါရက်နဲ့
နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ချိန်တွေကိုပါ လာလာခိုးတဲ့
အိမ်မက်ထဲက မင်းလေးကိုလဲ
ငါအသေအလဲ မုန်းမိတယ် ချစ်သူရေ..။

2/23/2009

ဗေဒင် Game

ဟိုနေ့က အွန်လိုင်းမှာ သစ်လုံးနဲ့ ဗေဒင်လျှောက်တွက်ရင်းနဲ့ ငြိမ်းချမ်းရာ ဘလော့ကနေတွေ့လို့ share လိုက်တာပါ။ သူကတော့ တော်တော်မှန်တဲ့ဗေဒင်လို့ ညွှန်းထားပါတယ်။

----------------------------------------

ဖြေကြည့်မယ်ဆို စိတ်ဝင်တစား ဖြေပါ။ ရှောက် ရမ်းမရေးပါနဲ့။ တစ်ခါပဲ ဖြေလို့ရပါမယ်။ ဘာလို့လဲဆိုတော့ အဖြေ သိပြီးမှ ဆိုရင် နောက်တစ်ခေါက် ဖြေလို့ အဖြေမှန် မထွက်နိုင်တော့ပါဘူး။
ဖြေတဲ့အခါမှာ စိတ်ထဲမှာ ချက်ချင်း ပေါ်လာတာကို ချရေးပါ။

ကဲစရအောင်...
1.)
အရင်ဆုံး ၁ ကနေ ၁၁ အထိ အမှတ်စဉ်ကို အပေါ်အောက် ချရေးထားပါ။

2.)
ပြီးရင်...
၁ နဲ့ ၂ မှာ - ကြိုက်ရာ ဂဏန်း တစ်ခုစီရေးပါ။

3.)
၃ နဲ့ ၇ မှာ - ဆန့်ကျင်ဘက်လိင် တစ်ဦးစီရဲ့ နာမည်တွေ ရေးပါ။ (ကိုယ်က ယောင်္ကျားလေးဆို မိန်းကလေး နာမည်။)
(၃ မှာ တစ်ယောက် ၇မှာ တစ်ယောက်)
(အများကြီး မစဉ်းစားပဲ ခေါင်းထဲ ပေါ်လာတဲ့ နာမည်တွေကိုသာ ရေးပါရန်။)

4.)
၎ ၊၅ နဲ့ ၆ မှာ ကျား/မ မရွေး တစ်ယောက်ယောက်စီရဲ့ နာမည်တွေ ရေးပါ။ (သူငယ်ချင်း ၊ မိသားစုဝင် လိုမျိုး။)

5.)
၈၊ ၉၊ ၁၀၊ ၁၁ နေရာတွေမှာ သီချင်း ခေါင်းစဉ် တစ်ခုစီ ရေးပါ။

6.) ဆုတောင်းပါ။ ;)

ကဲ ကိုယ်ဖြေလိုက်တာ ဘာအဓိပ္ပါယ်လဲ။ ဒီမှာဖတ်ကြည့်ပါ။

source:http://dathana.blogspot.com/2007/09/game.html

ငါမယုံဘူး မယုံဘူး

နားနဲ့တပ်အပ်ကြားတဲ့
မင်းရှူပ်တဲ့သတင်း
မဟုတ်ဘူးမင်းငြင်းတော့
ငါယုံခဲ့တယ်....

မျက်စိနဲ့တပ်အပ်မြင်တဲ့
မင်းနဲ့ကောင်မလေး
သူငယ်ချင်းပါလို့
ဖြေရှင်းတော့
ငါယုံခဲ့တယ်...

မင်းကိုငါမချစ်တော့ဘူး ဆိုတဲ့စကား
ငါနောက်ဆုံးကြားလိုက်ရတော့
မိုးထဲ အမှောင်ထဲမှာ
တိုးတိုးလေးငါရေရွတ်နေမိတယ်

ငါမယုံဘူး...မယုံဘူး မယုံဘူး

၂၀၀၄ခုနစ်မေလ၂၄ရက်၊ တနင်းလာနေ့ ၊ ညနေ ၅ နာရီ

--
သစ်လုံး ....

2/15/2009

ဥပမာအလင်္ကာများနှင့်မိန်းမများ


မိန်းမတွေကို ယောက်ျားတွေက ဘယ်လို သဘောထားတာလဲ။
သိချင်ရင်တော့ ခေတ်အဆက်ဆက်က စာတွေ၊ ကဗျာလင်္ကာတွေမှာ ကြည့်လိုက်ရင် သိသာနိုင်ပါတယ်။
ဟိုအရင် တစ်နေ့က မေအိရဲ့ဘလော့ထဲမှာ အမြဲဇာတ်လိုက်ဖြစ်နေတဲ့ အဲ့ဒီလူနဲ့ပြောနေကျ ဇာတ်လမ်းတွေကို ဒီခေါင်းစဉ်နဲ့ ပြန်ဆက်လိုက်ပါတယ်။


"မယ်အိ..ငါ့ကို ဟိုနေ့က ငါ့ကိုကောင်မလေးတစ်ယောက်က မေးတယ်ဟ၊ သီချင်းတစ်ပုဒ်အကြောင်းကနေ စပ်ဆက်မိပြီး ပြောဖြစ်တာပါ၊ သူကမေးတယ် ယောက်ျားတွေက ဘာလို့ မိန်းမတွေအများကြီးကို ကြိုက်တတ်တာလဲ တဲ့"

"အဲ့တော့နင်က ဘယ်လိုဖြေလိုက်လဲ"

"ငါကပြန်မေးတာပါ၊ ဘယ်လိုပြန်မေးလိုက်လဲဆိုတော့ မိန်းကလေးတစ်ယောက်က ပန်းတစ်မျိုးထဲကိုပဲ ကြိုက်သလား၊ ပန်းအများကြီးကို ကြိုက်တတ်လားလို့၊သူက အများကြီးလို့ဖြေတယ်။ ငါလဲ ပြောလိုက်တယ် ယောက်ျားလေးတွေ မိန်းကလေး တွေကို ကြည့်တာလေ အဲ့ဒီသဘောပါပဲလို့"

" နင်လည်တယ်၊ နင်ဆင်တဲ့အကွက်ထဲ ၀င်သွားပြီ တစ်ယောက်တော့"

"မဟုတ်ပါဘူးဟာ ၊ သူ့ကို သူ့မေးခွန်းအတိုင်းပဲ ပြန်မေးပြီးဖြေလိုက်တာပါ၊ အချိန်တန်တော့လည်း ငါတို့က ပန်းလေးတစ်ပွင့်ကိုပဲ ရွေးချယ်ခွင့်ရတာပါ"

"ဒါဆို နင်က မိန်းကလေးတွေကို ပန်းကလေးတွေလို့ ယူဆတာပေါ့နော်"

ပန်းကလေးတစ်ပွင့်ကို ချစ်တယ်ဆိုရင် သူ့ကို အပင်မှာပဲ ထားလိုက်ပါ...သူ့သက်တမ်းအဆုံးထိ လှနေတာက ကောင်းပါတယ်။ အပိုင်ရမှ ကိုယ်ပိုင်တာလား။ သူ့ဘာသာသူ ပွင့်နေတဲ့ ကိုယ်ပိုင်တဲ့ပန်းပွင့် ဖြစ်ခွင့်ရှိတာပဲ..။ လွတ်လပ်တဲ့အချစ်လို့ ခေါ်တယ်။

*****************************************
စာအုပ်ဆိုင်ထဲကို ၀င်မွှေရတာသဘောကျတဲ့ စာရင်းထဲမှာ ကျွန်မလဲပါပါတယ်။
သူများတွေကတော့ ၀ယ်မှာပေါ့၊ ကျွန်မကတော့ ၁၀ အုပ်လောက်မြည်းပြီးမှ ၁ အုပ်လောက်ကို ချီတုံချတုံ ၀ယ်ပါတယ်။ အဲ့တစ်နေ့ကတော့ စာရေးဆရာမတွေ တော်တော်များများစုပြီး ပုံဖော်ထားတဲ့ "မိန်းမသားဆိုတာ" ဆိုတဲ့ စာအုပ်လေး ၀ယ်ခဲ့ပါတယ်။ မိန်းမ တစ်ယောက်ပီပီ မိန်းမတစ်ယောက်ရဲ့ ဘ၀ အကြောင်းတွေကို စာရေးဆရာမ မိန်းမတွေရေးတာ သိချင်လို့ပါ။
အဲ့ဒီ အထဲကမှ ရသစုံ ပြီး သဘောကျတဲ့ အကြောင်းလေးတွေ ပြန်တင်ပြလိုပါတယ်။

ဆရာမဧဧသန်းပြောပြတဲ့ စာရေးဆရာတက္ကသိုလ်ဖုန်းနိုင် ရဲ့ မိန်းမဆိုတာကတော့
"မိန်းမသားဆိုသည်မှာ ကြင်နာမှုသမိုင်း ပါတဲ့။ အမိ၏ကြင်နာမှု ၊ အစ်မ၏ ကြင်နာမှု၊ ညီမလေး၏ ကြင်နာမှု၊ တူမလေး၏ ကြင်နာမှု ၊သမီးလေး၏ကြင်နာမှု၊ဆရာမ၏ ကြင်နာမှု၊ အမျိုးသမီး မိတ်ဆွေတစ်ဦး၏ ကြင်နာမှု...။ ကြင်နာမှုများစွာ ..။ထိုကြင်နာတတ်မှု သည်ပင် ထူးခြားဆန်းကျယ် အံ့အားသင့်စရာကောင်းနေပါသည် တဲ့။

ဆရာမ မနော်ဟယ်ရီရဲ့ ဥပမာတွေကတော့ တော်တော်လေးကို ကျေနပ်စရာကောင်းပါတယ်.။
အောက်မှာ နဲနဲ အချိန်ပေးလိုက်ပါဦး၊

တချို့က မိန်းမများကို " ပန်းပွင့်များ" အဖြစ် တင်စားကြသည်။
ပန်းတစ်ပွင့်ကဲ့သို့ အဆင်းလှခြင်း၊ ဂုဏ်သီတင်းသင်းပျံ့ခြင်း ၊နူးညံ့သိမ်မွေ့ခြင်းကြောင့်လား၊ ဒါမှမဟုတ် ပန်းတပွင့်ကဲ့သို့ အလွယ်တကူ ခူးယူချင်လို့ ၊ ပန်းတပွင့်လို ကြာရှည်မလန်းဆန်းနိုင်ဘူးလို့ ထင်မြင်ကြလို့လား။

တချို့က မိန်းမများကို "ဆောင်းလေမညီ" ဟုဆိုကြသည်.။
တကယ်တော့ "လေ" သည် အရောင်အဆင်းမရှိ ၊အနံ့အရသာ မရှိသော အပြစ်ကင်းစင်သည့် ဒြပ်စင်တစ်ခုသာဖြစ်သည်။ ကံကြမ္မာ၏ စေစားရာသို့ လွင့်မျောရင်း တချို့သည် "လေနုအေး"ဖြစ်ခွင့်ရကြသည်.။ တချို့က "လေညင်း"၊ တချို့က "နွေလေပူ"၊ တချို့က "နှင်းဆွတ်လေ"၊တချို့က "လေနီကြမ်း"၊ တချို့က "မုန်တိုင်း"။အဘယ်သူသည် မုန်တိုင်းထန်ချင်ပါမည်နည်း။ လေဖိအားနည်းရပ်ဝန်း တစ်ခုကြောင့်သာ မုန်တိုင်းဖြစ်သွားရသည်ကို သတိပြုသင့်သည်။ လူတိုင်းသည် လေညှင်းဖြူဖြူလေး တစ်စလိုသာ အသာအယာတိုက်ခတ် လိုကြပေလိမ့်မည်။

တချို့က မိန်းမများကို "ရေ" နှင့်တင်စားကြသည်။
သင်သည် ရေကြည်တစ်ခွက် ကိုလည်းသောက်ဖူးမည်။ သန့်စင်မှုအတွက် ရေကြည်တစ်ခွက်ကို အသုံးချခဲ့ဖူးလိမ့်မည်။ကြည်လင်အေးစိမ့်သော စမ်းရေ၏ အထိအတွေ့ကိုလည်း ခံစားဖူးလိမ့်မည်။ နောက်ကျိညစ်ထေးသော ရေသေများကိုလည်း မြင်ဖူးကြလိမ့်မည်။ အမြဲလို လေးလံမောဟိုက်ကာ ကမ်းစပ်ကို လာလာဦးခိုက်နေတတ်သော ပင်လယ်လှိုင်းများ၏ ခက်ထန်သောဂီတကိုလည်း ကြားဖူးလိမ့်မည်။ ကံကြမ္မာ၏ စေစားရာတွင် ဖြစ်တည်ရသောဘ၀တွင် မည်သူက အချိန်ပြည့် လှိုင်းထန်ချင်မည်နည်း။ မည်သူသည် သူတစ်ပါး သန့်စင်မှု အတွက် အသုံးချခံရသော မသန့်ရှင်းတော့သည့်ရေ ဖြစ်ချင်ပါမည်နည်း။ အားလုံးလိုလိုပင် ရေကြည်ရေသန့် ဖြစ်လိုကြပါသည်.၊ မသန့်စင်သောရေတိုင်းသည် နဂိုကြည်လင်သော ရေဘ၀ကိုတော့ ရခဲ့ဖူးမှာ သေချာပါသည်။

တချို့ကတော့ မိန်းမများကို "မြွေ" များနှင့် တင်စားကြသည်။
မြွေဆိုသည်မှာ သဘာဝအရခွေခေါက် ငြိမ်သက်နေတတ်သော သတ္တ၀ါဖြစ်သည်။ မြွေကို မည်သည့် အချိန်မျိုးတွင် ပါးပျဉ်းထောင်ကာ အစွယ်တရမ်းရမ်း နှင့်တွေ့ဖူးပါသနည်း။
မြွေများသည် သင်ကရန်မပြုမချင်း သင့်ကိုရန်ပြုလိမ့်မည်မဟုတ် ပါ။

***ဆရာမ ဧဧသန်းနှင့် မနောဟရီ ၏ မိန်းမသားဆိုတာ..

(မိန်းမများအပေါ်တွင် ထူးဆန်းလှပသော ဆရာမမနော်ဟရီ၏ အရေးအသားကို လေးစားသောကြောင့် မျှဝေခြင်းသာဖြစ်ပါသည်။)




2/12/2009

အလွမ်းနက်နက်

လွမ်းတယ်
မျက်စောင်း ခဏခဏထိုးတဲ့
လက်မောင်းအိုး လှလှလေးကို လွမ်းတယ်..။

လွမ်းတယ်
တွေ့လိုက်တိုင်း အဆင်သင့် အိစိုနေတဲ့
သူ့အကြည့်ချိုချိုလေးကို လွမ်းတယ်..။

လွမ်းတယ်
မစို့မပို့ တို့ထိမိရုံ
ကြုံဖူးတယ်ရှိ နမ်းလိုက်မိတဲ့
အငိုက်မိ ဘယ်ဘက်ပါးလေးကို လွမ်းတယ်..။

လွမ်းတယ်
အသားကျ ပတ္တာကလေး “ဟ” လိုက်သလို
သူ့ အသံထွက် နှုတ်ခမ်းလေးကို လွမ်းတယ်..။

လွမ်းတယ်
နှစ်ခါသာ လှမ်းမြင်ဖူးခဲ့
လွတ်လွတ်လပ်လပ် သူသန်းဝေနေပုံလေးကို
အားရှိပါးရှိ လွမ်းတယ်..။

လွမ်းတယ်
မကောက်တတ် ကောက်တတ် ကောက်ကောက်ပြနေတတ်တဲ့
အသံတိတ် သူ့စိတ်ကောက်ပုံလေးကို လွမ်းတယ်..။

လွမ်းတယ်
ဘာအလေးချိန်မှ စီးမထားတဲ့
သူ့နားရွက်သီး လုံးလုံးကလေးတွေကို လွမ်းတယ်..။

လွမ်းတယ်
လွမ်းတယ်ကွာ
စွမ်းအားရှိသလောက် ပေါက်ပေါက်ရှာရှာ
လက်မောင်းပေါ်က ကျောက်ဆေးထိုးရာ အမာရွတ်ကလေးက အစ
ဖြည့်ပြီးပြောရရင်
ညည်းရဲ့ ထွက်လေ၀င်လေ ကလေးကိုတောင်
တောက်တောက်ပပ လွမ်းမိပါရဲ့ ကောင်မလေးရယ်..။

မြဆင့်ချယ်
(သရဖူ မဂ္ဂဇင်း ၆-၂၀၀၃)

2/11/2009

ဖူးစာရှင် ကိုမြင်ဖူးချင်လား..ဒီလိုလုပ်

မေအိ ၆ တန်းလောက်က ထင်တယ်။ တောင်ကြီး အထက (၅) မှာနေတုန်းကပေါ့။ အဲ့တုန်းက အဆောင်မှာ နေရတာပေါ့လေ။ တနင်္ဂနွေ တစ်နေ့မှာ သူငယ်ချင်းတစ်ယောက်က ပြောတယ်။ သူ့ဆီမှာ ဖူးစားရှင် ကို တွေ့လို့ရတဲ့နည်းတစ်ခု ရလာတယ်တဲ့။ အဲ့ဒါနဲ့ ပြောပြစမ်းပါဦးဆိုလို့ မေးတော့ သူက ဒီလိုပြောပါတယ်။

“ဖူးစာရှင် ကိုတွေ့ချင်တဲ့ နေ့မှာ ကြက်ဥ တစ်လုံး ၀ယ်ရမယ်။ ၀ယ်တာကိုလဲ ဆိုင်ရှင်နဲ့ကိုယ်က လွဲပြီး ဘယ်သူမှ မသိရဘူး၊ ပြီးတော့ အဲ့ဒီကြက်ဥကို ပြုတ် ၊ ပြုတ်တာလဲ အိမ်က လူတွေ ဘယ်သူမှမသိရဘူး၊ ပြီးတော့ ညအိပ်ယာဝင် ချိန်ရောက်ရင် စား၊ စားတာလဲ ဘယ်သူမှ မသိရဘူး။ ဒါဆိုရင် အိမ်မက်ထဲမှာ ဖူးစာရှင်က ရေလာတိုက်လိမ့်မယ် ” ဆိုပဲ။ သူပြောတာ့ သူ့အစ်မကိုယ်တိုင် စမ်းပြီးပြီတဲ့။

မေအိတို့လဲ ဘယ်ရမလဲ ။ အဆောင်ကနေ အိမ်ပြန်တဲ့နေ့မှာ အပီလှုပ်ရှားတာပေါ့၊ (ကဲတာ ကဲတာ) ကြက်ဥကို အိမ်ကမသိအောင် ခိုးယူ ၊ရေနွေးအိုး တည်ချင်ယောင်ဆာင်ပြီး ခိုးပြုတ် ။ ပြီးတော့ ဖွက်ထားတာပေါ့။ ညအိပ်ယာဝင်တော့ အိပ်ယာထဲမှာ တိတ်တိတ်လေးခွါပြီး ပလုပ်ပလောင်းစားပြီး တချိုးထဲ အိပ်ပစ်တာပေါ့။ ရေတော့ အသေဆာတယ်။ ကြက်ဥ တစ်လုံးလုံးကို ရေမသောက်ဘဲ စားရတာ ဂျို့တောင်ထိုးချင်တယ်။

ညရောက်တော့ အိမ်မက် မက်လား မမက်လား သိချင်နေတယ် ဟုတ်? မက်တယ်ဗျ။ စိတ်စွဲနေလို့ ထင်ပါတယ်.၊ မျက်နှာတော့မမြင်ရဘူး။ လူတော့လူပါပဲ။ ရေလဲ မတိုက်ပါဘူး အလကား ..။ အကျိုးဆက်ကတော့ ညကအိပ်ယာထဲမှာခွါထားတဲ့ ကြက်ဥခွံတွေကို အိမ်က အဖွားတွေ့သွားတာပဲ။ ပစ်ဖို့ မေ့နေတာကိုး.။ရေလည် အဆူခံရတာ ။ နင်ဒီလို ခိုးစားတာ ဘယ်ကတတ်သလဲ ပြောစမ်း ဆိုပဲ။ ဖူးစာရှင်တော့ မတွေ့လိုက်ဘူး ။ အဆူတော့ ခံလိုက်ရတယ် ။ သူငယ်ချင်းတို့ လဲ စမ်းကြည့်ပါလား။ မအိပ်ခင် ဘာဘာညာညာတော့ လျှောက်မကြည့်နဲ့ပေါ့။ တော်ကြာ ဗေလုဝ ကားတို့ ကြူကြူသင်း ဇာတ်ကား တို့ ကြည့်မိပြီး ကြေကွဲ နေဦးမယ်။
ဟီးဟီးဟီး အဟတ် အဟတ် ( ဆယ်ကျော်သက်ဘ၀ က အမှတ်တရ လေးပေါ့နော် )