2/25/2008

ကောင်မလေးတစ်ယောက်ရဲ့ အတွေး

ထိုနေ့သည် လပြည့်နေ့ ဖြစ်သည်။

ကောင်မလေးတစ်ယောက် ဆွမ်းလောင်းရန် အိမ်ပြင်ထွက်လိုက်သည်။

ဆွမ်းခံသော ကိုယ်တောာ်လေးကြွလာသောအခါ သပိတ်ထဲသို့ လောင်းလှူလိုက်သည်။

ဦးဇင်းကလည်း ဆုပေးရရန် ဟန်ပြင်လိုက်သည်။သို့သော်….

“ဦးဇင်း…တပည့်တော် တစ်ခုမေးလျှောက်ပါရစေ…”

”မေးလေ…ဒကာမ”

“ “အမြင်နီး ခရီးဝေး” ဆိုတာသိလားဘုရား”

“တောင် ကိုပြောတာမဟုတ်လား”

“တချို့ကတော့ အဲလိုထင်တယ် တပည့်တော်ကတော့ဒီလိုထင်တယ်ဘုရား…တကယ်တော့အဲဒီစကားပုံက ငရဲကိုပြောတာ ဘုရား”

“ဟင်”

“ငရဲရဲ့ ဆင်းရဲကိုနီးနီးကပ်ကပ်သိမှ ငရဲနဲ့ဝေးမှာမဟုတ်လားဘုရား..တချို့ဆိုငရဲနဲ့နီးတာတောင် ဒီတောင်ကဝေးပါသေးတယ်…ခုမှတောင်ခြေရှိသေး လို့ထင်တတ်တယ် ဘုရား”

“သြော်…အင်း…အဲ”

ဦးဇင်းလည်း ဘာပြောရမှန်းမသိပေ…။

ကောင်မလေး ကပြုံးရွှင်စွာ လှည့်အထွက်တွင်…

“အမလေး” ..။တုတ်ကိုင်လျှက် သူမရဲ့ အဖေ..။

“အမြင်လည်းနီးနေပြီ၊တုတ်လည်းနီးနေပြီ၊ကုသိုလ်ယူစေချင်လို့ ဆွမ်းလောင်းခိုင်းပါတယ်၊ ဘာတုန်း..ဆွမ်းခံတဲ့ ကိုယ်တော်တောင်မနေရဘူး…ခုဝင် အိမ်ထဲကို”

အဖေက မရိုက်တတ်ပါ။ သို့သော် သူကြောက်ပါသည်။

နောက်နေ့များတွင်…ဆွမ်းခံသည့်ကိုယ်တော်လည်း ဆုမပေးဘဲ မျက်လုံး ပေကလပ်ပေကလပ်…

ကောင်မလေးရဲ့ မျက်လုံးတွေကလည်း ပေကလပ် ပေကလပ်…။


လူတွေဟာ သူတပါးရဲ့ကိုယ်ပိုင်အတွးကို မလေးစားတတ်ဘူး…။

ဝင်္က၀ုတ္တိအနမ်း

မိုးတွေသည်းထန်လွန်း၍ တစ်လောကလုံး တိတ်ဆိတ်နေသလို..။ မိုးသံမှလွဲ၍ မည်သည့်အသံကိုမျှ ကောင်းစွာ မကြားရပေ။ ထိုလမ်းလေးဘေးတွင် သစ်ပင်များ တန်းစီလျက် စိမ်းမြနေသည်။ နေ၀င်ချိန်ဖြစ်၍ မိုးပွင့်များနှင့် သိပ်လှနေ၏။ သစ်ပင်ကြီးများအောက်တွင် မိုးခိုနေသူများရှိသည်။ ထိုနေ့က မိုးခိုနေသူများထဲတွင် သူတို့နှစ်ဦး လည်းပါဝင်ခဲ့သည်။

အမှန်ဆိုရလျှင် သူနှင့် ကောင်မလေးတို့သည် မိုးခိုသည်ဟု ဆိုရမှာထက် သူများတကာလို သစ်ပင်ရိပ်ခိုခြင်းဖြစ် သည်။ သူတို့က မိုးမိပြီးသားဖြစ်လို့ နှစ်ဦးစလုံး၏ ဂျင်းဘောင်းဘီများ ရွဲစိုလျက်ရှိသည်။ သစ်ပင်ရိပ်တွင် ဆိုင် ကယ်ကိုထိုးရပ်ပြီး ထီးကိုဖွင့်လိုက်သည်။ ထီးမှာအတော်လေးကြီးသော်လည်း အောက်ပိုင်းသိပ်မလုံပေ။ သူကဆိုင်ကယ်ပေါ်တွင်ထိုင်လျက် နေ၀င်တာကို ကြည့်သည်။ ကောင်မလေးက တော့ မိုးပွင့်တွေနဲ့နေရောင်က မျက်စိစူးသည်ဟု အကြောင်းပြကာထီးနှင့်ကာ၍ အရှေ့ဖက်ဘက်သို့လှည့်ကာ မတ်မတ်ရပ်နေသည်။ သူတို့ တော်တော်လေးအေနေပြီဖြစ်သည်။

ကောင်လေးက အေးတိအေးစက်မျက်နှာပေးနှင့် မိုးကိုအံတုနေသည်။ သူ့မျက်တောင်များမှာ စင်းစင်းလေးဖြစ်သည် ပါးလွှာသောနှုတ်ခမ်းများနှင့်ပေါင်းစပ်ပါက သေချာသူတစ်ယောက်၏ မျက်ဝန်းများရှိသည်ဟု ကောင်မလေးက တိတ်တခိုး မှတ်ချက်ချ၏။

ကောင်မလေး၏ဆံပင်ရှည်များမှာ မိုးရေကြောင့် ပြားကပ်နေပြီး သူမျက်နှာအအေးဓာတ်ကြောင့် ဖြူဖျော့နေ သည်။ တိတ်ဆိတ်နေမှုကို ကောင်လေးကပင် စတင်ကာစကားပြောခြင်းဖြင့် ဖြိုခွဲလိုက်သည်။

“မေ မင်းအေးနေပြီလား“ သူတိုးလျှစွာပြောသည်။ ကောင်မလေးက မထီတရီပြုံးသည်။

“မေ မင်းကိုမခွဲနိုင်တော့ ဘူးနော် ကိုမင်းနဲ့ဝေးရရင်…“ သူစကားမဆုံးလိုက်ပေ။ ကောင်မလေးကသူဖွင့်ထား သော ထီးရိုးဖြင့် သူ့နှုတ်ခမ်းများကို ဖိကပ်ပစ်လိုက်သောကြောင့်ဖြစ်သည်။

သူမှုန်တေတေဖြင့် မကျေမနပ်ကြည့်လိုက်၏ ကောင်မလေးက ရီချင်နေသောမျက်လုံးနှင့်ကြည့်သည်။ သူဂရု မစိုက်စွာပင်လှစ်ခနဲထီးရိုးကို နမ်းလိုက်သည်။

“အယ်”

ကောင်မလေးရုတ်တရက်အံ့သြသွားသည်။ ပြီးတော့မှ သဘောကျစွာ အော်ရယ်တော့သည်။ သူမရယ်သံသည် အနည်းငယ်ကျယ်လောင် သဖြင့် ဘေးသစ်ပင်များအောက်မှလူများက လှည့်ကြည့်သည်။ ထိုရယ်သံတွင် လှောင်သံ နဲနဲပါသည်။ ကောင်လေးက မလိုတမာ ကြည့်သည်။

“ဘာလဲ ဘာရယ်တာလဲ“

“အို နင်ကထီးရိုးကြီးကိုနမ်းတာကိုး “

သူရှက်သွားသည် အနည်းငယ်ပြုံးပြီးမှ

“ထီးကမင်းကိုင်ထားတာလေ မေရဲ့၊ ကို့အသိထဲမှာ ကိုယ့်နှုတ်ခမ်းက မင်းလက်တွေဆီမှာပဲ ထီးရိုးကြီးရှိမနေဘူး“

သူအရှက်ပြေပြောမှန်းသိပါသည်။ သို့သော်ကောင်မလေးက စောစောကထက်ပင် ပိုကျယ်လောင်စွာ ခိုးခိုး ခစ်ခစ် ရယ်နေတော့သည်။ သူရယ်သံကို မိုးကသည်းထန်စွာ သောသောညံနေအောင်တီးမှုတ်ပေးလိုက်သည်။ နေ၀င်ချိန်မိုးသည်းထဲမှာ …. အရောင်လှလှထီးအောက်မှာ… မျက်တောင်စင်းစင်းတွေအောက်မှာ…ချစ်ခင်မြတ် နိုးသည့် အရိပ်အောက်မှာ

(ထိုညနေခင်းလေးသည် ထိုနေ့မှစ၍ ပျောက်ကွယ်သွားသည်။ ကောင်မလေးတစ်ယောက် ဒိုင်ယာရီထဲတွင် အခိုးခံလိုက်ရသောကြောင့် ဖြစ်ပါသည်။)