4/24/2008

ကြင်နာခြင်းနှင့်အဆင့်အတန်း

ကောင်မလေးက ညနေဆို အိမ်ပြန်ရင် အရူးကြီး နှစ်ယောက်နဲ့ တွေ့တတ်တယ်။

သူက အဲဒီနှစ်ယောက်ဆို သိပ်တော့ မကြောက်ပါဘူး။

လိုင်းကားပေါ်ကို သူတို့တွေတက်လာရင် လူတွေက စိတ်ညစ်ကြတယ်။

ကုလားတွေပါ။တခါတလေ ရေဒီယို နဲ့ ကုလားသီချင်းတွေ အကျယ်ကြီးဖွင့်တာက လွဲရင် ကောင်းပါတယ်။

ကောင်မလေးက တော့ အဲဒီလူကြီးဘာဂျာမှုတ်တာကို သဘောတွေကျလို့။


သူက ဘာဂျာမှုတ်တတ်တယ်။သီချင်းကတော့ ဘာသံစဉ်မှန်းမသိပေမယ့် မပြောင်းလဲပါဘူး။အဆောင်မှာနေတုန်းကတော့ အဆောင်က ကောင်လေးတစ်ယောက် ဘာဂျာတစ်လက်နဲ့ သူ့ဘေးနားထိုင်ရင်းသင်ခဲ့တာကို အမှတ်ရပါတယ်။အဲလောက်တောင်ကောင်းပါတယ်။

တခါတလေ သူ့ညီလေးကို မုန့်တွေ ခွံ့ ကျွေးတတ်ပါတယ်။သူတော့ မစားဘူး။

ချွေးလည်းသုတ်ပေးပါတယ်။ရူးနေတဲ့လူတွေတောင် ကြင်နာတတ်ကြတယ်။

သူ့ညီလေးက စကားသိပ်မပြောနိုင်ပါဘူး။ခြူတွေလည်းတကိုယ်လုံးဆွဲလို့။

သူက တခါတလေ သူတို့ ညီအစ်ကို ထမင်းချက်စားရတာမလွယ်တဲ့အကြောင်းကို ကားပေါ်မှာလိုက်လာတဲ့လူတွေကိုပြောပြတတ်ပါတယ်။

ဆေးဝါးခ မတတ်နိုင်လို့ ထမင်းကိုသာ ကျန်းမာရေးနဲ့ ညီအောင် ချက်စားရတဲ့အကြောင်းပါ။

သူပြောတာဟုတ်ပါတယ်။

သူက အရင်ကတော့လူကောင်းတစ်ယောက်ပါ ။နောက်ပိုင်းစီးပွါးရေး အဆင်မပြေရာ အဲလိုဖြစ်သွားတာလို့ လူတွေကပြောကြတယ်။

ခုကတော့ ချမ်းသာတဲ့လူတွေ ၊အဆင်ပြေတဲ့ လူတွေတောင် ညီအစ်ကို အချင်းချင်းမကြင်နာတတ်ကြဘူး။ ရူးနေလို့ ပြောကြပေမယ့် အဲဒီမြင်ကွင်းလေးက စိတ်ချမ်းသာစရာပါ။

( ကြင်နာတတ်တာဟာ လူတစ်ယောက်ရဲ့ တန်ဖိုးကို အပြည့်အ၀ ပိုင်ဆိုင်တဲ့ အချိန်လေးတွေဆိုတာကို လူတိုင်းသိနေကြရင် ဒီကမ္ဘာက ငြိမ်းချမ်းနေမှာပဲလို့ မဆီမဆိုင်တွေကို ကောင်မလေးတစ်ယောက် ဘာဂျာသံတွေကြားထဲမှာ တွေးနေမိပါတယ်)