1/30/2010

ရေးပေးပါ..

-->
လွန်ခဲ့တဲ့ ၈ နှစ်လောက်ထဲက ကျောင်းသူကျောင်းသားတွေကြားထဲမှာ ရေပန်းစားတဲ့ စာအုပ်လေးပေါ့။ ဒီလို ကျောင်းပိတ်ခါနီးအချိန်ဆိုရင် အော်တိုလိုလို အမှတ်တရစကားလေးတွေ တစ်ယောက်နဲ့တစ်ယောက် ရေးပေးကြတာ ထုံးစံလိုတောင် ဖြစ်နေပါပြီ။ ကျွန်မတို့ ငယ်ငယ်တုန်းကလဲ ဒီစာအုပ်လေးက တော်တော် ပေါက်ပါတယ်။ ၁၀ တန်း ( ၂၀၀၂ ခုနှစ်)လောက်ကပေါ့ ။ ခုချိန် ပြန်တွေးကြည့်ရင်ပဲဖြစ်ဖြစ် စာအုပ်ကိုပြန်ဖွင့်လိုက်ရင်ပဲ ဖြစ်ဖြစ် အဲ့ဒီကာလလေးကို ပြန်ရောက်သွားတာ အမှန်ပါပဲ။


မနေ့ညက ကျွန်မစာသင်နေတဲ့ ကလေးဆီကို ရောက်သွားတော့ သူက သူ့ရဲ့ “ရေးပေးပါ” စာအုပ်လေးမှာ သူ့သူငယ်ချင်းတွေက ရေးပေးလိုက်တဲ့ စာလေးကို ဖတ်ကြည့်ပါ ဆိုပြီး လာပြတယ်။ ပုံမှန် ၉ တန်း ၁၀ တန်း ကျောင်းသားတစ်ယောက် ၊ သစ်ရွက်လှုပ်တိုင်း ရယ်ချင်နေတဲ့ အရွယ်ရဲ့ အမှတ်တရ စာအုပ်ဆိုရင် စိတ်ဝင်စားမိမှာ မဟုတ်ပေမယ့် ကျွန်မကျောင်းသားက ခုမှ (၅) တန်း အရွယ်ပဲ ရှိသေးတာမို့ ကလေးလေးတွေက ဘာတွေများရေးကြမှာပါလိမ့် ဆိုပြီး စပ်စပ်စုစု လှန်လျော ကြည့်လိုက်မိပါတယ်။ မျက်လုံးပြူးသွားတာတော့ အမှန်ပဲ။ တကယ်..တကယ်။ scan ဖတ်လို့ရရင် လက်ရေးလေးတွေနဲ့ကို ပြချင်တယ်။ ၁၁ နှစ်အရွယ် ကလေးလေးတွေ ဘာတွေများရေးကြမယ်လို့ ထင်ကြပါသလဲ ။ ဒီနေရာမှာ နဲနဲ ဟာသဖြစ်တဲ့ သူတို့ခေါင်းလေးတွေနဲ့ စဉ်းစားထားတဲ့ စာကြောင်းလေးတွေကိုပဲ ပြန်ပြောပြပါ့မယ်။


ကိုယ့်ကို သူငယ်ချင်းတွေက ဒီလိုခေါ်တယ် - “ ကိုကိုရှန် ၊ အရူး”

ကိုယ့်ဆီဖုန်းဆက်ချင်ရင် - “ ဘာလို့ ပြောပြရမှာလဲ ”

ကိုယ့်ရဲ့ အကြိုက်ဆုံး

အ၀တ်အစား ဆိုရင် - ဟော့ရှော့၊ ဂျင်းအကျီ

ဆံပင်ပုံစံ - အထောင်ကေ ( သူတို့က ယောကျာ်းလေးတွေ)

ပစ္စည်း - Mp4, TV game သေနတ်

လိုချင်တဲ့ လက်ဆောင် - Computer , မာစီဒီးကား

အကြိုက်ဆုံးမင်းသား - F4 မင်းသား ၊နေတိုး

အကြိုက်ဆုံးမင်းသမီး -အွန်စော ၊ အိန္ဒြာကျော်ဇင်

အဆိုတော် - အေသင်ချိုဆွေ ၊ ဘိုဖြူ

သီချင်း -လမ်းမခွဲကြေး ၊ ရင်ခုန်ဘက်သို့ တမ်းခြင်း ၊မောင့်လပြည့်ဝန်း

ဂျာနယ် မဂ္ဂဇင်း - 7 Days News, ပုတတ်

အကြိုက်ဆုံးကာတွန်းဇာတ်ကောင် -Tom and Jerry, Donald Duck, Power Ranger

အကြိုက်ဆုံး စာရေးဆရာ - အကြည်တော်၊ ဦးဝင်းကျော်ထွန်း၊ သက်ဦးလွင်

ရင်အခုန်ဆုံးအချိန် - အမှတ်သိရတဲ့အချိန်


ဒီစာကြောင်းတွေရဲ့ နောက်မှာ ပိုပြီး ကလေးမဆန်တော့ဘူးလို့ ခံစားလာရတယ်။ဖတ်ရင်းဖတ်ရင်းနဲ့..


စိတ်ညစ်ရင် ပြုလုပ်တဲ့ အပြုအမူ - နံ၇ံကိုလက်သီးနဲ့ထိုးတယ်

၅မိနစ်သာ အသက်၇ှုင်တော့မယ်ဆို လုပ်မယ့်အလုပ် - အိပ်နေမယ် (တချို့ က) မိဘနဲ့တူတူနေမယ်

ဘ၀မှာ အရေးကြီးဆုံးက -လေ ၊မိဘ ၊ ထမင်း ၊ ရည်းစား

ကိုယ့်ရဲ့ အိမ်မက် - ကိုယ်ဌေး သွားတယ်

သူငယ်ချင်းဆိုတာ - တိုင်ပင်ဖော်

ဘ၀ဆိုတာ - ကံတရား

ဒါက ၅ တန်းကလေးတွေတဲ့နော်... မယုံမရှိနဲ့


တယ်လီဖုန်းဆိုတာ -ဆက်လို့ရတယ်

အင်တာနက်ဆိုတာ -လင်မယားရှာတဲ့စက် (p.s ကျွန်မ အသားကုန် မျက်လုံးပြူးသွားတဲ့ စာကြောင်းပေါ့)

ကွန်ပျူတာဆိုတာ - လိုရင် အသုံးပြုလို့ရတယ် ၊မိတ္တူလဲရတယ်

လက်ဆွဲဆောင်ပုဒ် - All roads lead to Rome. Try Again !

မင်းအတွက် စကား - မိန်းမမြန်မြန်ရပါစေ ..


ကလေးတွေက အဲ့အချိန်ထဲက ဒီလိုအတွေးတွေ ၀င်နေပြီလား ၊လူကြီးစကားတွေပြောနေကြတာလား မသိတော့ပါဘူး။ ကျွန်မတို့ငယ်ငယ်တုန်းက Media တွေက ဒီလောက် အားမကောင်းသေးလို့ ဖြစ်ပါလိမ့်မယ်။ အင်တာနက်ဆိုတာ လင်မယားရှာတဲ့စက် ဆိုတာနဲ့တင် ဘယ်လိုပြောပြရမှန်းတောင် မသိတော့ပါဘူး။ ကဲ တို့လည်း ခဏလောက် ကလေးပြန်လုပ်ကြမလား ?


ဒီမှာဖြည့်နော်!


၁။ကိုယ့်ကို ဒီလိုခေါ်ကြတယ်

၂။အ၀တ်အစားပေါ် ကိုယ့်သတ်မှတ်ချက်က -

၃။ အကြိုက်ဆုံး စားစရာနဲ့ သောက်စရာ

၎။အကြိုက်ဆုံး ပစ္စည်း ( ကွန်ပျူတာနဲ့ အင်တာနက် မပါရ)-

၅။လိုချင်တဲ့ လက်ဆောင် -

၆။အကြိုက်ဆုံး ဇာတ်ကား-

ရ။အကြိုက်ဆုံး ဟာသဇာတ်ကောင်-

၈။ အကြိုက်ဆုံးစာရေးဆရာ

၉။ အခိုက်ဆုံးစာအုပ် -

၁၀။အချစ်ဆုံးသူရှိရင် -

၁၁။ ရင်အခုန်ဆုံးအချိန်-

၁၂။ဘ၀ဆိုတာ-

၁၃။ စိတ်တိုရင် ဘာလုပ် -

၁၄။ အကြိုက်ဆုံးသီချင်း-

၁၅။ဝါသနာ-

၁၆။ မီးခွက်စောင့်ဘီလူးနဲ့ တွေ့ရင် တောင်းမယ့်ဆု-

၁၇။ လက်ဆွဲဆောင်ပုဒ်-

၁၈။ အိပ်ရေးပျက်ရတဲ့ အကြောင်းအရင်းက -

၁၉။ချစ်သူကို ဆိုပြချင်တဲ့ သီချင်း -

၂၀။ ပြောပြချင်တဲ့ ဟာသတိုလေး -

1/17/2010

**ConFlict*


“ငါ့ကိုမုန်းတယ်” ဟုတ်လား၊ ဒီစကားက ရေငတ်တုန်း ရေတွင်းထဲကျသလိုပဲ။ ပြောရတာ သိပ်အရသာရှိမှာပေါ့။ရေငတ်ပြေတာနဲ့ ရေနစ်သေမှာ မတွေးမိဘူးလား။ အမုန်းတွေထဲမှာပဲ မနစ်မြုပ်ထားပါနဲ့။ မင်းရဲ့ ကောင်းကင်မှာ ကြယ်တွေ လင်းတာ မင်းမြင်ရလိမ့်မှာ မဟုတ်ဘူး။

ပျော်စရာရှာရတာ သကြားလုံးစားရသလိုပါပဲ။ အခွံခွါလိုက်တာနဲ့ ရသာသစ်တမျိုးရမှာ သိသားနဲ့။ သူများ အခွံခွါပြီးသားပေးမှာကို စောင့်မနေပါနဲ့။ သကြားလုံး ဘယ်မှာရနိုင်မှန်းသိရင် ကိုယ်တိုင်ကြိုးစားလိုက်ပါ။ သိပ်များရင်တော့ မကောင်းဘူး။ ချောင်းဆိုးတတ်တယ်။

သချိုင်းပေါက်ဝ မရောက်ခင်မှာပဲ ထားခဲ့ရမယ့် အမှန်တရားက တန်ဖိုးမရှိဘူး။ နင့်ဘ၀မှာ အလံဖြူပြတိုင်းလဲ ငြိမ်းချမ်းရေး မရနိုင်ဘူး။ကိုယ်မှန်တယ်ချည်းပဲ ထင်ရင်လည်း လက်ဖ၀ါးဘက်ပဲ ကြည့်တတ်တဲ့ ပုဏ္ဏားနဲ့တူမယ်။ ဒီတော့ “အကျွန်ုပ်သာ မှန်ပါသည်” ဆိုတဲ့ အလံကြီးတလွှားလွှားနဲ့ သွားနေမလား။ဒေါသ၊မောဟ၊လောဘ တွေ ရှိသင့်သလောက်တော့ ရှိပါစေပေါ့။ လူ့ဘ၀ကိုရောက်တယ် ဆိုတာနဲ့ မြို့တံခါးမှာ ၀န်ထုပ်တခုစီ ထမ်းရမယ်။မင်းရွေးတဲ့ ၀န်ထုပ်နဲ့လမ်းဟာ နောက်မြို့တံခါး အရောက်မှာ အဖြေပေးပါလိမ့်မယ်။

ငါဟာ“ကြည့်မှန်တချပ်”လို ဖြစ်ချင်တဲ့ ပုထုဇဉ်စစ်စစ်ပါ။ ချစ်တဲ့သူကို ချစ်ပြီး မုန်းတဲ့သူကို မုန်းချင်ပါတယ်။ မမြင့်မြတ်တဲ့အတ္တလည်း ရှိပါတယ်။ စကားလုံးပေါင်းများစွားနဲ့ ပစ်ပေါက်ခံထားရတဲ့ အသည်းနှလုံးလည်း ရှိပါတယ်။ သံသယနဲ့ ပြည့်နေတဲ့ ဒီမျက်လုံးတွေကနေ မင်းကိုမှမြင်ရတယ်။

ငါမြင်နေရတဲ့ မင်းက ငါ့ကိုမုန်းတယ်။ ငါရတဲ့သကြားလုံးမှာ အခွံလှလှလေးပဲပါတယ်။ ငါထမ်းထားတဲ့ ၀န်ထုပ်က လေးပြီး ငါရွေးတဲ့လမ်းမှားခဲ့တယ်။
ငါ့အဖြေကို ငါကြိုသိနှင့်တယ်။ဒါပေမယ့် ရင်ထဲက ကြေးမုံပြင်မှာ ချစ်သူရဲ့ အရိပ် ထင်နေခဲ့တယ်...။

1/03/2010

ကောင်မလေးတစ်ယောက်ရဲ့ နံရံ


မှီတွယ်မယ်နော်
မောပန်းနွမ်းနယ်ရင် ...။

ပြောပြမယ်နော်
ခံစားချက်တွေ ရှုပ်ထွေးရင်...။

ခိုလှုံမယ်နော်
ရန်သူတွေ ၀ိုင်းရံတဲ့အခါ....။

ဒီလိုပဲ ရင်ထဲမှာ မှတ်ထားခဲ့တယ်..။
ထင်မထားဘူး ......မာကြောအေးစက်တဲ့ ထိတွေ့မှု။
မလိုချင်ဘူး...........တန်ပြန်နာကျင်စေမှု။
မခံစားချင်ဘူး.......နှုတ်ဆိတ်ငြိမ်သက်မှု။
မမွန်းကြပ်ချင်ဘူး...ကန့်သတ်လှောင်ပိတ်မှု။

သူ့ခံစားချက်တွေကို သူကိုယ်တိုင် နံရံတစ်ခုအဖြစ် ကာရံခဲ့တယ်။
ချစ်သူကို ရင်ထဲရောက်မလာအောင် သူကိုယ်တိုင် ပိတ်ပင်ခဲ့တယ်။
နွေးထွေးမှုပေးချင်တိုင်း သူကိုယ်တိုင် အေးစက်ခဲ့တယ်။
သူ့ကိုယ်ပိုင် နားတစ်စုံနဲ့ သူကိုယ်တိုင် နှုတ်ပိတ်ခဲ့.......
သူ့မျက်ဝန်းတစုံနဲ့ သူကိုယ်တိုင် လမ်းပိတ်ခဲ့...............

ဒီလိုနံရံတခုနဲ့ ထိပ်တိုက်ရင်ဆိုင်ရတဲ့အခါ.....
ကောင်မလေးတစ်ယောက် သူမရဲ့တန်ဖိုးကို သူကိုယ်တိုင် ပြန်သတ်မှတ်ခဲ့တယ်။
နံရံထက်မှာ ........
ဖွဖွလေးနဲ့ ခပ်ဝိုင်းဝိုင်း ရေးတဲ့ “သုည” တစ်လုံး.....။


သို့-------“........................”

မှ- မေအိ

1/01/2010

Happy Busy New Year 2010 !


  • 2010..... အပြောင်းအလဲများတဲ့ အချိုးအကွေ့ တွေနဲ့ နှစ်တနှစ် ဖြစ်ချင်ဖြစ်မယ်...
  • 2010.....လွတ်လပ်ခြင်း နဲ့ လတ်ဆတ်တဲ့ နှစ်တနှစ် ဖြစ်ချင်ဖြစ်မယ်...
  • 2010....ဒဏ်ရာအဟောင်းတွေကို ပွေ့ဖက်ထားတဲ့ ခပ်ရူးရူး နှစ်တနှစ် ဖြစ်ချင်ဖြစ်လာမယ်..
  • 2010....အားသစ်အင်သစ်နဲ့ ယောင်ဝါးဝါး နှစ်တနှစ်လဲ ဖြစ်ချင်ဖြစ်မယ်..
  • 2010....ချောကလက်လေး တကိုက်၊ မျက်ရည်စလေးတဖက်နဲ့ ချိုမြိန်ခါးသက်တဲ့နှစ်လည်း ဖြစ်လိမ့်ဦးမယ်
  • 2010....စာတွေဖတ်မယ်..
  • 2010....ပန်းချီဆွဲမယ်...
  • 2010.....သီချင်းဆိုမယ်.....
  • 2010....အခွင့်သာရင် တယောလေး ပြန်ထိုးဦးမယ်..
  • 2010.....ဘုရားမှန်မှန် ရှိခိုးမယ်...
  • 2010..... ငြိမ်သက်တည်ကြည် နေချင်တယ်....
  • 2010.....လမ်းတွေ များများလျှောက်ဖြစ်မယ်...
  • 2010.....စိတ်ညစ်တိုင်း အော်အော်ငိုမယ်...
  • 2010.....လိမ်လိမ်မာမာ နေတော့မယ်....
  • 2010....လမ်းမီးမထွန်းခင် အိမ်ပြန်မယ်....
  • 2010....ပြုံးပြုံးလေးပဲ နေတော့မယ်...