1/21/2009

ကလေး အလုပ်သမားလား။ တောင်းရမ်းစားသောက်သူလား။ အပယ်ခံတွေလား။


လူတွေက အားလုံး မပြည့်စုံနိုင်ဘူးဆိုတာ လူတိုင်းနီးပါး လက်ခံထားကြမှာပါ။ ဒါပေမယ့် လူတိုင်း ကိုယ်တတ်နိုင်သလောက် လောကကြီးအပေါ် ပေးဆပ်ချင်ခဲ့ကြမှာပဲ။
တခါတလေ ကိုယ့်မျက်စိရှေ့ က မတတ်နိုင်လို့ မျက်နှာလွဲ ခဲ့ရတဲ့အဖြစ်တွေက ဘယ်လောက် နာကျင်ရလဲ ဆိုတာ ကိုယ့်ဘာသာ မေးခွန်းပြန်ထုတ်ဖူးလားဟင်။

ဆိုကြပါစို့။ ခုဆို တောင်ကြီးမှာ ကလေးအလုပ်သမားတွေများလာတယ်။
များသောအားဖြင့် လက်ဖက်ရည်ဆိုင်က စားပွဲထိုးလေးတွေ။ ကျောင်းနေတဲ့ အရွယ်ဆို ၅ တန်းလောက်လေးတွေ ။ လက်သေးသေးလေးတွေနဲ့ တနေကုန်မောမောပမ်းပမ်း အလုပ်လုပ်နေကြရတယ်။ သူတို့လဲ သူတို့ ဘ၀၀မ်းစားအတွက် အလုပ်လုပ်နေကြတာပဲ ။ အလုပ်ရလို့ သူတို့ အဆင်ပြေကြမှာပဲ။ ဒါမယ့် ဘေးကမြင်ရတဲ့လူတွေက ကိုယ့်အိမ်က ကလေးတွေနဲ့ ယှဉ်ပြီး စိတ်မကောင်းကြဘူး။ ကလေးအလုပ်သမားထားတဲ့ ဆိုင်တွေကို ဆန့်ကျင်ရင်လည်း ကိုယ်တစ်ယောက်ထဲပဲ ကျန်ခဲ့တော့မယ်။ ဘာလို့လဲ ဆိုတော့ ဆိုင်ကြီးတွေ အားလုံးနီးပါးက ကလေးတွေထားတာများနေတာကိုး။

ကျွန်မတို့ ဆရာတစ်ယောက်ကတော့ သူကသူတစ်ယောက်ထဲပဲ ကလေးအလုပ်သမားထားတဲ့ ဓလေ့ကို တိတ်တိတ်လေး ဆန့်ကျင်နေပါတယ်တဲ့။ ကလေးအလုပ်သမားထားတဲ့ ဆိုင်တွေကို အားမပေးဘူး။မထိုင်ဘူး။ အဲ့က ပစ္စည်းမ၀ယ်ဘူးတဲ့။ သူကတော့ သူ့အယူအဆနဲ့ပါပဲ။ တဘက်ကကြည့်ရင်လဲ သူတို့ အလုပ်လုပ်တာကို အားမပေးရာရောက်နေမလားပဲ။ ကလေးအလုပ်သမားမထားရလို့ သူတို့ကို အလုပ်ပေးမယ့်သူမရှိရင် သူတို့ ဘာတွေဖြစ်သွားမလဲ။ ခိုးဝှက်တတ်တဲ့ ကလေးတွေ လမ်းဘေးရောက်သွားမလားနော်။

တောင်ကြီးက ညဈေးတန်းထဲကို သွားလိုက်ရင် တွေ့ရမှာပါ။ ကိုယ်က ထိုင်လိုက်လို့ ဘာမှတောင် မမှာရသေးဘူး ဘေးမှာ ကလေးတွေကိုပြပြီး ပိုက်ဆံတောင်းတဲ့လူကရောက်လာပြီ။ တခါတလေ ကလေးတွေကိုယ်တိုင်ပါပဲ။ ကလေးကို စေတနာ၇ှိလို့ ခေါ်ကျွေးချင်လား ? ဆိုင်ရှင်အပိုင်းကို ကြည့်ရတော့မယ်။ သူ့ဆိုင်မှာ ဒီလို ကလေးတစ်ယောက်ကို စားစေချင်မလား ။ ကိုယ်ကတတ်နိုင်လို့ ကလေးတစ်ယောက်ကို ပိုက်ဆံဖြစ်ဖြစ် ပေးမလား။ ဒါဆို နောက်ထပ်လာမယ့် ကလေး အနည်းဆုံး ၁၀ ယောက်လောက်ကိုကော ပေးနိုင်မလား။ ဘယ်သူမှ မပေးနိုင်ဘူးလေ ။ပေးနိုင်လဲ ကိုယ်က အေးအေးဆေးဆေး မနေရတော့ဘူး။ ဘာလို့လဲ ဆိုတော့ သူတို့က အဖွဲ့လိုက်ကိုး။ အဲ့တော့ လူတိုင်းက အစကတည်းက ငြင်းလွှတ်ကြတာပါပဲ။ တချို့ကတော့ အစားစားတုန်း ဘေးက လက်တို့ပြီးလာတောင်းနေတာကို မကြိုက်ကြဘူးလေ။

နေ့ခင်း ညဈေးတန်းဆိုတာ တောင်ကြီးသားတွေ အလုပ်ကနေ တနေကုန် ပင်ပန်းလို့ အပျင်းပြေ အညောင်းပြေ မုန့်ထွက်စားကြတဲ့ နေရာပဲလေ။ တချို့ကတော့ သူတို့ရဲ့ တောင်းရမ်းစားသောက်တဲ့ ၀ါသနာကို အားမပေးချင်လို့လို့ ပြောကြပါတယ်။ ကိုယ်က မကျွေးတော့ သူတို့ မစားရတာပဲ ရှိမှာပါပဲ ။သူတို့ကတော့ ပြောင်းလဲမှာမဟုတ်ပါဘူး။
ဒီလိုနဲ့ ခါတိုင်းလို ညဈေးထဲမှာ သူတို့လဲ ရှိနေဦးမှာပါပဲ။

ခုပိုလာတာက သင်္ကန်းဝတ်ထားတဲ့ ကိုရင်လေးတွေပါပဲ။ အဲ့အချိန်က ဆွမ်းခံချိန်လဲလွန်နေပါပြီ။ တကယ့်ဘုန်းကြီးကျောင်းတွေက ကိုရင်လား ? မိဘတစ်ချို့က တောင်းခိုင်းလိုက်တဲ့ကိုရင်ဝတ်တွေလား မသိနိုင်ပါဘူး။ ဒါမယ့် အဲ့ဒီ မြင်ကွင်းတွေက အရမ်းအရုပ်ဆိုးပါတယ်။ တခြားဘာသာဝင်တွေရဲ့ ကဲ့ရဲ့ စရာ ဖြစ်နေမှာပဲ စိုးရပါတယ်။ ပြောကြတာကတော့ အဲ့ဒီကိုရင်တွေက တောင်ကြီးအဆင်းနားက စိုက်ပျိုးရေးကျောင်းက ကိုရင်တွေတဲ့။ အဆင်သင့်တဲ့ အခါကြရင်လဲ အဲ့ဒီကျောင်းလေးကို အလှူလုပ်မယ့် စာရင်းထဲကို ထည့်ပေးကြပါဦးလို့ ဒီကနေ တိုက်တွန်းလိုက်ပါတယ်။

တောင်ကြီးမှာ ကလေးအလုပ်သမားဆိုတာ အရင်ကကော ရှိခဲ့လားမသိဘူး။ ဒီကိစ္စက ကျွန်မတို့ တတ်နိုင်တဲ့ အပိုင်းတွေကနေ လွန်သွားပြီ ဆိုတော့ ဘယ်လို မျက်နှာလွဲကြမလဲ ဆိုတာ တခါတခါ တွေးမိရင် ဘယ်လိုမှ စိတ်ချမ်းသာစရာက ဧည့်သည်အဖြစ်တောင် ပေါ်မလာပါဘူး။
ကဲ တောင်ကြီးက ကိုကိုမမ တို့ရေ... ဘယ်လို မျက်နှာလွဲကြမလဲဟင်?


(တောင်ကြီးချယ်ရီ မိသားစု သို့ ၂၁.၁.၂၀၀၉ ရက်နေ့က ပို့ခဲ့ပါသည်။)

1/11/2009

တောင်ကြီးချယ်ရီ နဲ့ အမေနေ့အလှူ

The Giver

My darling
I carried ten months
in my womb
golden bright like the moon
Oh darling dear!
I give you my heart
I give you my blood
For you to brighten
My golden moon....

၁၀.၁.၂၀၀၉ ရက်နေ့ ၊ပြာသို လပြည့်နေ့က “အမေများနေ့” ပါ။
တောင်ကြီးချယ်ရီက သူငယ်ချင်းတွေရဲ့ အမေနေ့ အလှူ အဖြစ် အေးစေတီကျောင်းတိုက်မှာ အတူတ ပါဝင်ပြီး သံဃာတော်အပါး ၂၀၀ကျော်ကို
နေ့ဆွမ်းဆပ်ကပ်ခဲ့ပါတယ်။
တပျော်တပါး ၀ိုင်းကူရင်း စနောက်ရင်းနဲ့ နောက်ဆုံး လှဲကျင်းဆေးကြောပြီးတဲ့အထိ ကုသိုလ်လုပ်ခဲ့ကြပါတယ်။
သူငယ်ချင်းတချို့တွေက သူတို့ကို တောင်ကြီးမှာပွင့်တဲ့ ချယ်ရီပန်းကို ကြည့်ချင်တယ်လို့ တောင်းတာတဲ့ သူငယ်ချင်းတွေကိုပေးဖို့
တောင်ပေါ်တက်ပြီး ဓါတ်ပုံရိုက်ခဲ့တဲ့ ချယ်ရီပန်းတွေပါ ပြပေးလိုက်တယ်နော် ။အလွမ်းပြေပေါ့။
နေ့လည် ၂နာရီကျော်တော့ အားလုံးနှုတ်ဆက်ပြီး အမေနေ့ အလှူပွဲလေး အဆုံးသတ်ခဲ့ပါတယ်။



ဓါတ်ပုံလေးတွေ ကြည့်လိုက်ပါဦး



1/06/2009

ချစ်သူလား..စကားတစ်ပွင့်ပွင့်ခဲ့တယ်

“ပထမတော့ မျှော်ရုံပဲ..၊
နောက်တော့ နားမလည်နိုင်ဘဲ လွမ်းရလိမ့်မယ်။
နောက်တော့ သွေးရူးသွေးတမ်း ဖြစ်လာလိမ့်မယ်။
နောက်တော့ ပူပြင်းလောင်မြိုက်လာလိမ့်မယ်။
နေ့တွေ ရက်တွေ ကြာလာတော့ နာကျင်ကြေကွဲ လာလိမ့်မယ်..”

စာရေးဆရာမ ဂျူး ရဲ့  ချစ်သူလား..စကားတစ်ပွင့်ပွင့်ခဲ့တယ် က စကားလုံးတွေပါ။
သိပ်ကောင်းလို့ အရမ်းကြိုက်တယ်။
လူတစ်ယောက်ကို မတွေ့ရတာကြာလာရင် ခံစားရတဲ့ ခံစားမှု ကိုဖော်ပြထားတဲ့ တိကျတဲ့စကားလုံးတွေပဲ။
ကိုယ်တိုင်စမ်းသပ်ထားသလားအောက်မေ့ရတယ်နော်...။
ဒါကြောင့်မို့ ကျွန်မက ဆရာမရဲ့ ဒီစာသားတွေကို လွမ်းဆွတ်တမ်းတခြင်း လို့ ခေါင်းစဉ်တပ်တယ်။