5/27/2010

သူခိုးတစ်ယောက်နှင့် ပိုးစားသစ်သီး



(၁)
ဒါဟာ ကျွန်တော့်ရဲ့ ဒိုင်ယာရီနိဒါန်းပါ။
မရေးဖူးလို့ ချီတုံချတုံ ဖြစ်ရပါတယ်။ ဖျက်ရာ ခြစ်ရာ ပါနိုင်သလို အမှားပါရင်လဲ ခွင့်လွှတ်ဖို့ ကြိုတောင်းပန်ပါတယ်။ စာကြွင်း - လက်ရေးသည်းခံဖတ်ပါ။

(၂)

မြို့တမြို့ရဲ့ ညနေခင်းမှာ ကျွန်တော် မြို့လယ်လမ်းမဘက် အပျင်းပြေ လမ်းလျှောက်ထွက်ခဲ့တယ်။ စီးကရက်ခဲပြီး ကျွန်တော်သွားထိုင်မယ့် နေရာက လဖက်ရည်ဆိုင်တဆိုင် မဟုတ်ခဲ့ပါဘူး။ အင်တာနက်ဆိုင် တဆိုင်ပါ။

"ကျွန်တော် အင်တာနက် သုံးချင်ပါတယ်"

အ၀င်ဝမှာရှိတဲ့ ကောင်တာခုံမှာ ထိုင်နေတဲ့ တစ်ယောက်ကို ကျွန်တော်ပြောလိုက်တယ်။ သူမညွှန်ပြတာ ကွန်ပျူတာ ခုံနေရာတစ်ခု မဟုတ်ပါဘူး။ "Thank you for No-Smoking" ဆိုတဲ့ စာတမ်းကပ်ထားတဲ့ နံရံကိုပါ။ လက်ညှိုးထိုးပြသည့်တိုင် သူမတချက်မှ ကျွန်တော့်ဘက်ကို မကြည့်ပါဘူး။ သူရဲ့ Computer Screen ဆီမှာ အာရုံရောက်နေပါတယ်။ လက်ထဲက စီးကရက်ကို ပစ်ချပြီး နင်းချေလိုက်တယ်။ သူမထံမှ အသံတစုံတရာ ထွက်လာပါတယ်။

" နံပါတ် 7 မှာ ထိုင်ပါ"

ကျွန်တော်ဟာ လေးထောင့်ဘောင်ခတ်ထားတဲ့ မျက်နှာပြင်တခုကနေ ကမ္ဘာကြီးနဲ့ အဆက်အသွယ် ရသွားသလို
ဘောင်ခတ်ပြီးလောကကို ကြည့်တတ်တဲ့ မျက်ဝန်းတစုံနဲ့ စတင် ရင်းနှီးခဲ့ပါတယ်။ အဲ.. ကျွန်တော့်ဘက်က ပေါ့လေ။

(၃)

ရက်သတ္တတပတ်ရဲ့ နေ့အများစုမှာ ကျွန်တော်သူ့ဆီ ရောက်ဖြစ်ပါတယ်။ သူမရဲ့လတ်တလော စိတ်အခြေအနေအတိုင်း တခါတလေ ပြုံးပြတတ်သလို တခါတရံ ခပ်တည်တည်ပါပဲ။

တနေ့တော့ အသုံးပြုခရှင်းဖို့ ကောင်တာဘေးသွားရင်း သူဖုန်းပြောနေလို့ ကျွန်တော်ရပ်စောင့်နေလိုက်တယ်။ ပြီးတော့ သူဖွင့်ထားတဲ့ G talk ရဲ့ အပေါ်ဆုံး သူ့ ID ပေါ်ကို Mouse နဲ့ မသိမသာတို့ပြီး ရွှေ့လိုက်တယ်။

သူမရဲ့ Gmail Address က heart- ease@gmail.....။ ;)


(၄)

ဆံပင်တွေကို အပြောင်သမ်းပြီး နောက်မှာ စုစည်းထားတဲ့ သူ့မျက်နှာက ရှင်းလင်းပါတယ်။ မိန်းမတွေ သူတို့ အချင်းချင်း ပြောစကားနဲ့ဆို " မျက်နှာပြောင်ကြီး" ပေါ့ဗျာ။ မျက်ခုံးမွှေးထူထူရယ် ၊ မျက်မှန်အောက်က မျက်လုံးနက်နက်တွေနဲ့ဆို ဘယ်လိုရုပ်ရယ်လို သတ်မှတ်ရမှန်း မသိဘူး။ သူမဆီက accept ရဖို့ တစ်ပတ်လောက် အောင့်အီးပြီး စောင့်လိုက်ရတယ်။ ကျွန်တော်က ကျောပေးပြီးထိုင်လို့ ၊Vzo ဖွင့်ပြီး web cam ကို သူ့ဘက်ကို လှည့်ပြီး ခိုးကြည့်ရင်းပေါ့။
"ပျိုးခင်းလေးရေ....
မင်းစိမ်းလန်းဖို့ ထစ်ချုံးလိုက်ချင်ပေမယ့်

ခုတော့ မိုးပြေးသာသာလေးပေါ့...။"


(၅)

ကျွန်တော်တို့ စတင် မိတ်ဖွဲ့ကြပါပြီ။ ထုံးစံအတိုင်း သမားရိုးကျ အင်တာဗျူးလေးပေါ့။
ကျွန်တော် - " နေကောင်းလား"
သူမ - " ကောင်းနေပါတယ်"
ကျွန်တော် - " နေကောင်းပါတယ် လို့တော့လုပ်ပါ"
သူမ - " မဟုတ်ဘူး ၊ ခုထိတော့ ကောင်းနေသေးတယ်လေ"


တော်တော် ကပ်သီးကပ်သတ် ပြောတတ်တဲ့ မိန်းမ!!!

(၆)

တနေ့တော့ သူ့ဆီက စာတစ်စောင် ရောက်လာတယ်။ မနက်စာကို ငှက်ပျောသီးပဲစားပြီး ကိုယ်အလေးချိန် လျော့ချစေနိုင်တဲ့နည်းအကြောင်း ရေးထားတဲ့ Forward Mail တစ်ခုပါ။ ကျွန်တော် သူ့ကို လှည့်ကြည့်လိုက်တယ်။ သူလဲ သေချာဖတ်နေပုံပဲ။ မျက်နှာကတော့ တကယ်လက်တွေ့ စမ်းတော့မယ့်ပုံပဲ။ ကျွန်တော် သူ့ကို နာမည်ပြောင်တစ်ခု ပေးလိုက်တယ် "တာဇံ"။ အောက်ဘက်မှာ link လေး တစ်ခုပါတယ်။ လတ်စသတ်တော့ သူက စာတွေလည်းရေးတာကိုး။ ဘာတဲ့... ဟစ်တလာဟာ ပန်းချီဆရာတစ်ယောက် ။ ဟက်ခနဲ ရယ်လိုက်တယ် ။

(၇)

ဒီလိုနဲ့ ကျွန်တော့်နွေရာသီလေး ကျော်လွန်လာခဲ့တယ်။ သူ့အကြောင်းကို သူ့စာ၊ သူ့စကားနဲ့ သိတာများခဲ့တယ်။ ဒီ နလပိန်းတုံးမလေးဟာ ကျွန်တော်ခိုးကြည့်နေတာကို မသိခဲ့ပါဘူး။ တချို့ အချိန်မှာ မော်နီတာကြီးကို ကြည့်ပြီး ရီလား ရီရဲ့ ငိုလားငိုရဲ့။ ပတ်ဝန်းကျင်တစ်ခုကနေ သူ့အတိတ်ကို ကျွန်တော်ကြားခဲ့တယ်။ နားထဲမှာ ဒဏ်ရာအပြည့် တင်ထားတဲ့ ရထားတစင်း ဥသြဆွဲသွားသလိုပဲ။ ဒီလို သူခုတ်မောင်းနေခဲ့တယ်။

"မင်းအလာကိုတောင် မစောင့်ချင်ဘဲ
ပြေးကြိုချင်ခဲ့ပေါ့...

ဒီဘူတာမှာ မနားမှာစိုးတယ်...။"


(၈)

Server ကနေ Message တစ်ခု ရောက်လာတယ်။ Burglish လို့ခေါ်တဲ့ ဘာသာစကားကြီးနဲ့ ။ ကျွန်တော်သေချာထောက်ပြီး ဖတ်လိုက်တယ်။


သူမ ကျွန်တော့်ကို တွေ့ရှိသွားပြီ ဖြစ်ပါတယ်။ ဟုတ်ပါတယ်။ ကျွန်တော်က အကြည့်သူခိုးပါ။ လူလုံးထွက်ပြရတာ နဲနဲရှက်ပေမယ့် သူမနဲ့ ကျွန်တော် တွေ့ပါဦးမယ်။

(၉)

ဒီနေ့က သူမရဲ့ နည်းပညာကင်းစင်ရေး နေ့ပါ။ သူမအလုပ်နားပြီး အားအားယားယားရှိတဲ့ ကျွန်တော့်အတွက် ကတော့ နေ့ထူးနေ့မြတ် ပါပဲ။ သူသူငါငါအတွက် နေသာတဲ့ ချစ်စဖွယ် ဆန်းဒေးပေါ့ဗျာ။ Super Sunday လို့ သူမခေါ်ဝေါ်တဲ့ ဒီလိုနေ့မှာ ကျွန်တော်တို့ ဓါတ်ပုံတော့ မရိုက်ကြပါဘူး။ ဒါပေမယ့် သစ်ပင်တွေ တော်တော်များများရှိတဲ့ ရပ်ကွက်တခုရဲ့ လမ်းဆုံက ကုလားပူတီဆိုင် မှာပါ။

သူမ ဒီနေ့ အားကစားရုံမသွားရပါပဲနဲ့ တီရှပ် အကြီးကြီး ၀တ်လာပါတယ်။ heart - ease က သူမ ၀တ်နေကျ Jean ဘောင်းဘီနဲ့ ဘာတွေ ထည့်ထားမှန်းမသိတဲ့ လွယ်အိတ်က ပြည့်လို့။ သူ့ ဆံပင်ရှည်တွေက နဲနဲပွယောင်းယောင်း နိုင်တယ


"သူခိုး.... ရှင့်အတွက် လူတစ်ယောက်ရဲ့ အတိတ်ဟာ အရေးပါသလား"

" အတိတ်အကြောင်းလဲ မတွေးချင်သလို အနာဂတ်အကြောင်းလဲ မစဉ်းစားချင်ပါဘူး"

သိနှင့်ပြီးပြီပဲကွယ်။ မင်းရဲ့ အတိတ်ကို မတူးဆွသလို အနာဂတ်ကိုလဲ ဘောင်မခတ်ပါဘူး။ ကျုံးမသွင်းဘူး ၊ စည်းမတားဘူး။

" ရှင်က ဒါဆို ပစ္စုပ္ပန်တည့်တည့်ရှု တဲ့လူပေါ့"

"လူတစ်ယောက်ရဲ့ အနာဂတ်ဟာ သူ့ပစ္စုပ္ပန်အလုပ်ပေါ်မှာ မူတည်တယ်လေ။ ကျွန်တော် ခု အဲ့ဒီ ပစ္စုပ္ပန်ကိုပဲ သေချာရှုနေတယ်လေ ၊ သိဘူးလား "

ရွှတ်နောက်နောက် ကျွန်တော့်စကားအတွက် သူ့မျက်စောင်းတချက် ခံလိုက်ရသည်။ ရွက်ကြမ်းကလဲ ရေကြိုလိုက်တော့ တခါဆိုတခါ သောက်လို့ အဆင်ပြေပါတယ်။ တွေးပြီး ရေနွေးတောင် သီးသွားတယ်။

" ကျွန်မ သူငယ်ချင်းတစ်ယောက်က ပြောဖူးတယ်။ အကောင်းဆုံးပန်းသီးတွေဟာ ထိပ်ဆုံးဘက်မှာပဲရှိတယ် တဲ့။ထိုက်တန်တဲ့ သူအတွက်တဲ့ ။ ကျွန်မက အောက်ဘက်မှာရှိတဲ့ သစ်သီးပါ။ ပိုးပါလို့ ကျန်နေခဲ့တာပေါ့ "

ကျွန်တော် ဆွံ့အနေခဲ့တယ်။ ဒီအတိုင်းပဲ တောင်စဉ်ရေမရ တွေဝေနေခဲ့တယ်။

(၁၀)

"ငါ့ရဲ့ ပိုးစားသစ်သီးလေးရေ...။
နေဒဏ် လေဒဏ် ခံရတဲ့မင်း

မှည့်ဝင်းတဲ့ အခါ ၊ အချိုမြိန်ဆုံး ဖြစ်မှာပါကွဲ့ ။

ချစ်မေတ္တာကျမ်းကို ကိုင်ပြီး ငါသက်သေထူပါတယ်..

ပိုးပေါက်လေးကြောင့်လေ..။"

ကျွန်တော် Send Button နှိပ်လိုက်တယ်။ သူမဆီ ရောက်မယ်ထင်ပါရဲ့ ။ အသည်းတံခါးလေး ပိတ်မထားရင်ပေါ့လေ....။





2 comments:

နွေဆူးလင်္ကာ said...

အလဲ့ မေအိကရေးတတ်သားပဲ။ ဖတ်လို့ကောင်းတယ်။

Naw said...

အဲ့ဒါပေါ့... တန်ရာတန်ရာ။
သိဘူးပဲ။
ဟီး
(အာဘွား... ကတိအတိုင်း လာနမ်းသွားပြီ)