တက္ကသိုလ်တက်တုန်းကတော့ ကျောင်းကကောလိပ်အဆင့်ပဲရှိသေးတယ်။ အလကားနေရင်း စည်းကမ်းတွေကျပ်တဲ့ကျောင်းမှာ မပျော်ပေမယ့် သူငယ်ချင်းတွေနဲ့ အုပ်စုလိုက်ထိုင်ပြီး ပြောချင်တာတွေပြော လူပ်ချင်တာလုပ်ခဲ့တာကို အမြဲသတိရနေတယ်။ တချို့ တွေကအတန်းမှတ်ကြတယ်။ တို့အဖွဲ့ထဲမှာပဲဘာသာ အလိုက် စာလိုက်လုပ်တဲ့ လူတွေရှိတယ် (ဆရာကြီးတွေပေါ့လေ) စာမေးပွဲနီးရင်သိပ်ပူစရာမလိုဘူးပေါ့လေ။ ပြီးတော့ ကြီးစဉ်ငယ်လိုက် ရိုသေတဲ့ အလေ့လဲရှိတယ်။ ပြောလို့ဆိုလို့ မကောင်းရင် နရင်းရိုက်တဲ့အလေ့ကောပဲ ။ တနှစ်တခါ စုပြီး ဓါတ်ပုံရိုက်တယ် နှစ်တိုင်းအဲ့ဒီရက်မှာပဲ ။ကျောင်းကားကိုလဲ တစ်ကားထဲတူတူထိုင်ရမှ စီးတဲ့ ဘ၀င်စိတ်ဓါတ်လဲရှိတယ် ..ဟဲဟဲ။
ဒါကြောင့် တို့အပါအ၀င် သူငယ်ချင်းအများစုက လျှောက်လည်တယ် အတန်းလစ်တယ်။ အခန်းထဲမှာက သူငယ်ချင်းတွေချည်းပဲ ၅ခုံတန်းလောက် စုထိုင်တာဆိုတော့ အလယ်ကလူတွေက 21 ရိုက်ကြတယ်။ အမှန်က ပျင်းရင် ဖဲဗေဒင်တွက်ဖို့ ယူလာတာပါ။ ဗေဒင်ကလဲ ကျောင်းမှာခေတ်စားတယ် ။ဘယ်နှစ်က
ကောင်က လက္ခဏာကြည့်တတ်တယ်ပြောတာနဲ့ အဲ့ကောင်နားမှာကောင်မလေးတွေချည်းပဲ။ အခန်းထဲက အောင်ပန်းတောင်းနားမှာဆို လက်ဝါးလေးတွေဖြန့်လို့။ဘယ်လောက်ထိဆိုးလဲဆို အရှေ့က ဆရာမက rollcall ခေါ်ရင် ကိုယ့်အလှည့်ပြီးတာနဲ့ ခုံအောက်ကနေ လေးဘက်ထောက်ထွက်ပြီး လစ်တာပဲ။ (ဟီး ဟီး)
ပြန်ပြောပြရတာရှက်လိုက်တာနော်..။ ဒီစာရေးနေတဲ့ လူဆို သံဆူးကြိုး ဖြဲပြီးတောင်လစ်ဖူးတယ် တစ်ယောက်ထဲ..( မိန်းကလေးပီသတာပေါ့လေ)
Tutorial ဆိုရင်တော့ အချင်းချင်းချစ်ကြတာပြောမနေနဲ့။ ပူးကပ်လို့ မလာတဲ့လူအတွက်တောင် ဖြေပေးရတာနဲ့ ။ဘယ်လောက်ဆိုးဆိုး စာမေးပွဲ တစ်လလောက်လိုပြီဆို စာစုလုပ်ပါတယ် ။ စုရပ်ကတော့ မထက်အိမ်ဖြစ်လိုက် မြရည်အိမ်ဖြစ်လိုက်နဲ့ ။ တကယ်တော့စာလုပ်တာကနဲနဲ အစားစုစားတာက များနေတာ။
တစ်လလောက်လိုတာနဲ့ စာစကူးပြီ စာအုပ်လယ်ငှားပြီ။ အတန်းတက်တယ် စာကျက်တယ် ပြီးတော့ ဆေးရုံတကာလယ်ပြီးဆေးခွင့်တောင်းတယ်လေ ဒါက အိမ်ကအမေလုပ်ပေးတာပါ ဟီးဟီးဟီး ..ဒါလဲနှစ်တိုင်းအောင်နေတာပဲ ဘာတွေပဲဖြစ်ဖြစ်အဲ့ဒီဘ၀လေးကို အရမ်းလွမ်းနေတယ်...........
အိမ်မက်ထဲက တက္ကသိုလ်
ငါမမေ့၍
နွေနေ့တစ်ရက် ၊ ငါမြင်မက်သည်
အိမ်မက်ထဲက တက္ကသိုလ်။
ဥသြသံချို ၊ တေးသံဆို၍
ပင်ပျိုပင်လှ ၊ ပုရစ်မြနှင့်
လှနေပေဆဲ ၊ မြူငွေ့ထဲ။
ငါမမေ့၍
မိုးနေ့တစ်ရက် ၊ ငါမြင်မက်သည်
အိမ်မက်ထဲက တက္ကသိုလ်။
မိုးရေပက်ဖျန်း၊ ပိတောက်လမ်းနှင့်
ပန်းခင်းတစ်ခင်း ၊ရောင်စုံကျင်း၍
သင်းနေပေဆဲ ၊ မိုးငွေ့ထဲ။
ငါမမေ့၍
ဆောင်းနေ့တစ်ရက် ၊ ငါမြင်မက်သည်
အိမ်မက်ထဲက တက္ကသိုလ်။
မြရည်စိမ်းစိမ်း ၊ မြက်ခင်းစိမ်း၌ရှိန်းရှိန်းနုနု ၊ ပုလဲဥနှင့်
နုနေပေဆဲ၊ နှင်းငွေ့ထဲ။
ငါမမေ့၍
နေ့ပေါင်းများစွာ ၊ အိမ်မက်ရာ၌
ငါတို့ခြေရာ ၊များပြားစွာနေ
ဘယ်မှာပျောက်ပြီ ငါမသိ၊
ငါ၏ခြေရာ ၊ နင်းခြေရာကို
ခုခါရှာ၍ ၊ မမြင်တွေ့လဲ
မေ့မရပြီ တက္ကသိုလ်။
မိုးငွေ့ မြူငွေ့ ၊ နှင်းအငွေ့တို့
ရစ်ဝေ့နေသည်၊ ငါမြင်သည်၌
နေခြည်ဝင်းဝင်း ၊ ပန်းတစ်ခင်းတွင်
လေညှင်းထဲက တေးတစကို
လရောင်ထဲက တဘ၀ကို
တလျှက် တမ်းလျှက်
ငါလွမ်းခဲ့သည်
အိမ်မက်လိုလို
တက္ကသိုလ်....။
လေညှင်းထဲက တေးတစကို
လရောင်ထဲက တဘ၀ကို
တလျှက် တမ်းလျှက်
ငါလွမ်းခဲ့သည်
အိမ်မက်လိုလို
တက္ကသိုလ်....။