12/03/2012

ပန်ကိတ်နှင့် အရှိန်အ၀ါကြီးသော မိန်းမ

Me and Pan Cake

ဟိုတရက်က ပန်ကိတ် လုပ်တဲ့ ရယ်ဒီမိတ်ဘူးလေး တွေ့လို့ လက်တည့်စမ်းတာ အောင်မြင်သွားတယ်.. Non-sticky အိုးသေးသေးလေး ပြန်ဝယ်ရတာ ၃၈၀၀၊ ဘူးက ၁၆၀၀ ၊ကြက်ဥ နဲ့ နွားနို့ ၀ယ်ရသေးတယ်.. ၇၀၀၀ နီးနီး ကျွတ်တယ်.. အင်းလေး သွားလည်ရင် ဘိုတွေစားတဲ့ဆိုင်မှာ သူငယ်ချင်း ၀ယ်ကျွေးတာ တချပ်ကို ၁၀၀၀ ကျော်တယ်.. ဆိုတော့ စမ်းသပ်ကြည့်တာ.. အရမ်းကြိုက်တယ်ရယ် မဟုတ်ဘူး.. အိုးကို တွင်တွင်ကြည့်နေရင်း ကိုယ့်ဘာသာ သတိထားမိတာက နံနံပင်နဲ့ ပဲပြုတ်ပဲ ပါတဲ့ မုန့်ပစ်သလက် လောက် မက်မက်စက်စက် မရှိတာပဲ.. ဒါကြောင့် အဖွားကပြောတာနေမယ်..ပန်ကိတ်ဆိုလို့ ဘာများလဲ မှတ်တယ်..  ညည်းမုန့်က “မုန့်သိုင်းချုံလောက် မချိုပါဘူးအေ” လို့...။ 
________________

အရှိန်အ၀ါကြီးသော ထိုမိန်းမ


ကျောင်းက ဆရာကန်တော့ပွဲမှာ ငယ်ငယ်တုန်းက ( လွန်ခဲ့သော ၁၀နှစ်ပေါ့) သူငယ်ချင်းတချို့နဲ့ပြန်တွေ့တယ်.. များသောအားဖြင့်တော့ အွန်လိုင်းပေါ်မှာ တွေ့နေကျတွေပါပဲ..။ တန်ဆောင်တိုင်လဲ ရောက်နေတာ့ ညဘက်ကို လူစုပြီးပွဲလည်ကြတယ်..။ အဲ့ဒီသူတွေထဲမှာမှ တယောက်က ပထမနှစ်လောက်တုန်းက ကျမစားပွဲပေါ်မှာ ၊ ကျောင်းက Machine Room ထဲက စက်တွေမှာ ကျမနာမည်နဲ့doc ရည်းစားစာတွေ လာလာရေးတဲ့တယောက်လည်းပါတယ်.. ။ မှတ်မှတ်ရရ ပြီးခဲ့တဲ့ နှစ်တွေတုန်းကတောင် အွန်လိုင်းမှာ တွေ့ဖူးသေးတယ်..။ ခုတော့ အိမ်ထောင်ကျနေပါပြီ။ သူ့သူငယ်ချင်း ၊ကိုယ့်သူငယ်ချင်း အပြန်အလှန် မိတ်ဆက်ပေးကြတော့ အဲ့ဒီတယောက်က သူ့မိန်းမ နဲ့ ကျမကို မိတ်ဆက်ပေးတော့ ကျမနာမည်မေ့နေတယ်ဆိုပဲ..။ ရီဖြဲဖြဲ မနည်းစဉ်းစားနေရတဲ့ ဟန်ထုတ်နေတော့တာပါပဲ.. ။ သူ့ကြည့်ပြီး မနည်း အော်ရီချင်စိတ်ကို အောင့်အီးသည်းခံနေရတယ်..။ 
အော်.. ယောကျာ်းတွေ ယောကျာ်းတွေ.. ပြောပြန်ရင်လည်း မယ်အိ လွန်ရာကျတော့မယ်...။ 

_______________
မိန်းမ 

“သမီးတကောင် နွားတစ်ထောင်” ။ဆယ်ကျော်သက် အရွယ်က ကျမကို သွန်သင်ဆုံးမရခက်ပြီဆိုရင် မေမေတို့တွေ ညည်းနေကျ စကားပေါ့။ အထိန်းသိမ်းရ ခက်တယ်ဆိုပေမယ့် မေမေက ဘယ်တော့မှ ကျမကို လူကြောက်တတ်အောင် မလုပ်ခဲ့ဘူး။ ကျောင်းက စာစီစာကုံးပြိုင်ပွဲ ၊ ပန်းချီပြိုင်ပွဲ စတာတွေ ၀င်ပြီး ပြိုင်တတ်အောင် လေ့ကျင့်ပေးခဲ့တယ်..။ ငယ်ငယ်ထဲက မိုးသောက်ပန်း၊တေဇ တွေကို လတိုင်း ၀ယ်ပေးတယ်.. အရွယ်ရောက်ရင် ရောက်လာသလို သူဝယ်ပေးတဲ့ စာအုပ်တွေက သူလိုချင်တဲ့ဘက်ကို သိမ်းသွင်းတယ်..။ ကျမ အဖတ်ရဆုံးက ဂျူး ရဲ့ ၀တ္ထုတွေပေါ့။ နောက် ချစ်ဦးညို ။ ဖေမြင့် နဲ့ အခြားဘာသာပြန်တွေ၊ တက်ကျမ်းတွေ များတယ်.. ။ မေမေ၀ယ်ပေးတဲ့ စာအုပ်တွေဖတ်ရင်း ဘာသာတရား၊ မြန်မာနိုင်ငံ သမိုင်းကြောင်း၊ ရာဇ၀င်၊ မိန်းမတယောက်ရဲ့ ကိုယ်ပိုင်လွတ်လပ်စွာ တွေးတောရပ်တည်နိုင်ခွင့်  စတာတွေနဲ့ လူလားမြောက်ခဲ့ရတယ်..။ ကိုယ်တိုင် ရွေးချယ်ဖတ်တတ်လာတယ်..။ အခုထိလည်း စာအုပ်ဝယ်မယ်ဆိုရင် မဟန့်တားတတ်ဘူး။ထားပါတော့.. ကျမဆိုလိုချင်တာက လူတွေနဲ့ အခက်ခဲတွေကို မကြောက်တတ်အောင်၊ အနုပညာဆိုတာကို ခံစားတတ်အောင်၊ စာပေ၊ ပန်းချီနဲ့ သိမ်းသွင်းခဲ့တဲ့ အမေ့ရဲ့ ဗျူဟာကို လေးစားလို့ပါ။ 

ခုထိ ကျနော့ ပတ်ဝန်းကျင်မှာ သမီးတယောက်ထဲပါလို့  ဆိုတဲ့ စကားလုံးလှလှလေးနဲ့ ဘယ်ကိုမှ တယောက်ထဲ မသွားရဲ မလာရဲ၊ လူရှေ့မထွက်ရဲအောင် ခြောက်တတ်တဲ့လူတွေကို တွေ့ရတိုင်း ကျမအမေကို ပြေးပြေးသတိရတာပါပဲ။ ကျမဟာ ကျမမိသားစုမှ တစ်ဦးတည်းသော သမီးပါ။ ဖူးဖူးမှုတ်မခံရသလို၊ တားဆီးပိတ်ပင်တာလည်း မခံရဖူးပါဘူး။ 

နောက်တယောက်က မေမေ့ရဲ့ ဆရာမ ဒေါ်သန်းနွဲ့ ဆိုတာရှိတယ်..။ တေးရေး မောင်မောင်ဇော်လတ်ရဲ့ အမေဖြစ်တယ်..။ သူက ကျမကို (၆)တန်းမှာ အရာရာတိုင်း အမေ့ကို မေးရဦးမယ် လို့ ပြောပြောနေလို့ စကားတခွန်း ပြောခဲ့တယ်။ “ကိုယ်မှန်မယ်ထင်ရင် ၊ ကောင်းတဲ့ကိစ္စမှန်သမျှ ဘယ်သူ့ခွင့်ပြုချက်မှ ယူစရာမလိုဘူး ..သမီး” တဲ့။ 
တခု ၀န်ခံစရာရှိတာက  အဲ့ဒီကနေစပြီး .. ကောင်းမယ်ထင်တဲ့ အရာတိုင်းကို ခွင့်ပြုချက်မယူသလို မိုက်ရူးရဲဆန်တဲ့ တချို့ ကိစ္စတွေကိုလည်း မေမေ့ဆီက ယနေ့ထိ ခွင့်ပြုချက်မယူခဲ့ပါ ...။

 မိန်းမပေါင်းများစွာ၏ မဟာပုရိသဆန့်ကျင်ရေးအတွေးအခေါ်များ ကျနော့ကို လွန်စွာစိုးမိုးလွန်း၍ တခါတရံ အသိရခက်သော၊ ပြောရဆိုရ လက်ပေါက်ကပ်၍ စကားတတ်သော မိန်းမတယောက်ဖြစ်ခဲ့ပြီး မိန်းမတယောက်၏ နူးညံ့ပျော့ပြောင်းမှုများ မြင်ရခဲသော၊ရဲတင်း မာကျောသော မိန်းမသည် ကျွန်မကိုယ်တိုင်ပင် ဖြစ်လာခဲ့ရပါသည်။


No comments: