5/21/2010

မောင့်မျက်တောင်ဖျားက ကျွန်မအိမ်မက်တွေ

ထူထဲနက်မှောင်တဲ့ သူ့မျက်ခုံးတွေအောက်က သူ့မျက်လုံးတွေက သားကောင်ကိုစောင့်ကြည့်နေသော မျက်လုံးတွေ မဟုတ်တာတော့ သေချာပါသည်။ တစုံတရာကို လိုက်ရှာနေသလို စူးစမ်းတဲ့အကြည့်တွေ ရပ်တန့်ချိန်မှာတော့ လက်လျော့လိုက်သူတစ်ဦး၏ စွပ်စွဲယိုးစွပ်သံများက တိတ်ဆိတ်မှုကို အဆုံးသတ်လိုက်သည်။

“မေ.. ခင်ဗျား မိန်းမ၀ါဒီ စာအုပ်တွေ ဖတ်တာ သိပ်များနေပြီထင်တယ်။ ခင်ဗျားတို့တွေ အဲ့လိုပဲ.. ကျွန်တော်ထင်တယ် မြန်မာနိုင်ငံရဲ့  ၈၀% သော မိန်းမတွေက မိန်းမ၀ါဒီ စစ်စစ်တွေ ဖြစ်မယ်ဗျ”

ကျွန်မ အငိုက်မိခံရသူ တယောက်လို ဖျတ်ခနဲ ကော်ဖီခွက်ဆီ အကြည့်ရွှေ့လိုက်သည်။ မလုံမလဲ အငွေ့အသက်များ အတိအကျမပါဝင်နိုင်ပေ။

“အင်း.. မှားတယ်။ မြန်မာပြည်က မိန်းမအများစုဟာ များသောအားဖြင့် မိခင်စိတ်နဲ့ ရိုးစင်းကြပါတယ်။ “သားကိုသခင်၊ လင်ကိုဘုရား “ လို တန်ဖိုးထားတတ်သူတွေပဲ။ သူတို့ကို မိန်းမစစ်စစ်များဆိုပြီး ၇၀% ထဲထည့်လိုက်ပါ။ ၁၀% လောက်က တကိုယ်တည်း အပူအပင်မရှာဘဲ ခရီးဆက်နေတဲ့ အပျိုကြီးတွေ ထားပါတော့။ ကျန်တဲ့ ၂၀% လောက်သာ ရှင်ပြောတဲ့ မိန်းမတံခွန်ထူချင်နေတဲ့ မိန်းမ၀ါဒီတွေ ဖြစ်ပါလိမ့်မယ်။ နေရာတကာအမျိုးသမီး အရေအတွက် ကန့်သတ်ခံရတဲ့ မြန်မာပြည်ရဲ့ အဆင့်မြင့်ပညာရေး မှာ ပါဝင်နေသူတွေပေါ့။ အိမ်ထောင်သည်တွေ ဖြစ်နိုင်သလို ၊ တယောက်ထဲသမားတွေလဲ ပါပါလိမ့်မယ်။ အဲ.. တကယ်လို့ ကျွန်မကိုအဲ့ဒီထဲ ထည့်မယ်ဆိုရင် ရှင့်ကို ကျေးဇူးတင်ပါတယ်”

ကျွန်မကော်ဖီသည် အတော်အေးစက်နေပြီ။ သူသည် အလျော့ပေးချင်စိတ် မရှိသေးပါ။

“ကျွန်တော် တခါ ခင်ဗျားအိမ်ရောက်တုန်းက ခင်ဗျားအခန်းဘက်ကို တချက်ကြည့်မိသေးတယ် ၊ တမင်တော့ မဟုတ်ပါဘူး၊ ခင်ဗျားထွက်လာတာနဲ့ ကြုံလို့၊ ခင်ဗျားခေါင်းအုံးဘေးမှာ ဂျူးစာအုပ်တွေချည်းပဲ၊ ဒီစာတွေနဲ့ ကြီးပြင်းခဲ့တယ်ထင်တယ်။ စာရေးဆရာမက လုံးဝမိန်းမ၀ါဒီ အပျိုကြီးပဲ “

နဲနဲစိတ်အချဉ်ပေါက်နေသော သူ့မျက်နှာကို ကြည့်ပြီး ရယ်ချင်လာသည်။ စနောက် ပစ်လိုက်ဦးမှာပဲ။

“အို့ သူက သိပ်ချစ်တတ်တဲ့ မိန်းမတစ်ယောက်ပါ။ ဒီလောက်တော်တဲ့ မိန်းမကို ၊ သေသေချာချာ ဂရုတစိုက်နဲ့ ချစ်တတ်သူနေမှာပါ။ ယောကျာ်းတွေကို မယုံတတ်လို့ အပျိုကြီးလုပ်တာလဲ ဖြစ်နိုင်တာပဲ။ အရေးအသား သတ္တိရှိတယ်။ ယောကျာ်းစာဖတ်ပရိသတ် က မိန်းမ၀ါဒီ လို့သတ်မှတ်လဲ သူကလက်ခံပါတယ်”

သူဘာမှ ဆက်မပြောတော့ပါ။ ဒါကြောင့် ပြောတာပေါ့ ဆိုသည့် မျက်နှာပေးနဲ့ တွင်တွင်သာ ကြည့်နေတော့တာပဲ ။ ကျွန်မ အသာလေးငြိမ်နေလိုက်ပါသည်။

သူသည် ကျွန်မကို ဒေါသနှင့်တွဲဖက်မြင်လေ့ရှိကြောင်း ပြောချိန်တွင် ကျွန်မနဲနဲ ရှက်သွားသည်ဟာ ၀န်ခံရမည်။ ၀ုန်းဒိုင်းကြဲတတ်သော ကျွန်မတွင် ပစ္စည်းများပေါက်ခွဲတတ်သော မကောင်းသည့်အကျင့်ပါ ပူးကပ်နေပါသည်။ အသားနာလျှင် စိတ်ဆိုးတတ်သော ကျွန်မသည် နာကျင်စေသော စကားလုံးများကို ရွေးချယ်ပြောတတ်ပြီး အရာဝတ္ထုများအပေါ် ဒေါသကို ထွက်ပေါက်ပေးတတ်ပါသည်။ ကျွန်မဒေါသပြေချိန်ထိ ထိုစကားများက နာကျင်စေသေးသည် ထင်ပါသည်။ တခါတရံ ချီးမွမ်းသလို၊ စောင်းချိတ်သလိုနဲ့ ညည်းညူတတ်သေးသည်။

“မေ.. ခင်ဗျား စာဖတ်တတ်တာ နဲနဲစောသွားတယ်။ လူတစ်ယောက်ကို ဘယ်အချိန် ဘယ်စကားနဲ့ အကျကောက် အနိုင်ယူတတ်တဲ့ နေရာမှာတော့ ခင်ဗျားက အတော်ဆုံးပဲ စာဖတ်ခြင်း အကျိုးတွေပေါ့လေ”

ခုတော့သူသည် စာပေဘက်ကို အပြစ်ပုံချ လိုက်ပြန်ပါပြီ။ သူသည် လောကကြီးတွင် သူတယောက်သာ စိတ်ကောင်းရှိသည်ဟု ထင်နေသော အတ္တကြီးသူတစ်ယောက် ဖြစ်သည်ဟု ကျွန်မ၏ စွပ်စွဲချက်ကို ယတိပြတ်ငြင်းနေပါသည်။ စကားလုံး အသုံးအနှုန်းမတတ်သော သူ၏ အကောင်းမြင်စိတ်များသည် စိုးရိမ်ရေမှတ်ထက် ကျော်လွန်သွားသောအခါ ကျွန်မသည် မကောင်းမြင်စိတ်များနှင့် ပြည့်နှက်နေသော မုဆိုးတပိုင်း မိန်းမရိုင်းကြီးလုံးလုံး ဖြစ်သွားပါတော့သည်။

“ ကျွန်တော့မှာလေ ကျွန်တော်က မုန်းတဲ့သူဆိုတာ မရှိဘူး။ ဘယ်သူ့ကိုမှ ကျွန်တော် မမုန်းဘူး.။ အဲ့ဒီထဲမှာ နဲနဲလေး ပိုချစ်မိနေတာက ခင်ဗျားဖြစ်နေတာ”

အံ့သြလွန်းလို့ မျက်လုံး အ၀ိုင်းသားဖြစ်ရတဲ့ အထိပါပဲ။ ဘယ်လို ရည်းစားစကား ကြီးလဲ။ ဒီလိုလူမျိုးကို အပြောအဆို မတတ်တဲ့လူများ ခေါင်းစဉ်အောက်မှာ နံပါတ်(၁) နေရာပေးပြီး ထည့်ရမည်။ ကျွန်မ၏ အရွဲတိုက်ချင်စိတ်ကလဲ ထိန်းမရတော့ပါ။ တော်တော်ဘုကလန့်ကျတဲ့ မိန်းမဟု ထင်ချင်ထင်ပါလေ့စေတော့။

“ အော် ဟုတ်လား ။ ကျွန်မကတော့ အဲ့ဒီလိုမဟုတ်ဘူးရှင့်။ ဒီလောကမှာ ကျွန်မအားလုံးကို မုန်းတာချည်းပဲ။ မိသားစုက လွဲရင်ပေါ့။ ဘယ်သူ့ကိုမှ မချစ်ဘူး။ အဲ့ဒီထဲကမှ ရှင့်ကို ဟော့ဒီလောက်လေး (လက်ညှိုးနှင့် လက်မ တေ့လျက်) ပိုကြည့်လို့ရတာပဲရှိတယ် “ ကဲ ကောင်းရော။

ဗြန်းကနဲ မိုးတွေ အုံ့သွားသလို သူ့မျက်နှာတည်သွားသည်။ “ဘာ ခင်ဗျားတကယ်ပြောတာလား ၊နဲနဲတောင် မချစ်ဘူးပေါ့” ကျွန်မ မဖြေဘဲ သူ့မျက်ဝန်းတွေထဲ ယုံကြည်သွားမှုကို လိုက်ရှာမိသည်။ “မေ ပြုံးနေတာကိုပဲ မြင်ချင်တာ” “ မေပြုံးရင်လေ မျက်လုံးနက်နက်လေးပဲ ကျန်တော့တယ် ဒါမယ့် မဲ့ပြုံးတာက ခပ်များများပဲ” ဟု ပြောတတ်ခဲ့သော သူ့နှုတ်ခမ်းများက တင်းတင်းစေ့လျက် ။ စိတ်ဆိုးသွားသလား၊ ဒါဆို ကျွန်မအောင်မြင်သွားတာပေါ့။

သူ့မျက်လုံးတွေကို ကြည့်တိုင်း အနေအထိုင်ခက်သလို ဖြစ်ဖြစ်သွားသော သူသည် အိမ်မက်တခုကို ကျွန်မ ရှာတွေ့သွားမှန်း မရိပ်မိပေ။ ခုလဲ သူသိမည် မဟုတ်ပေ၊

“ကြည့် ၊ ခင်ဗျားသေချာကြည့် ၊ ကျွန်တော့ဆီမှာ ဘာမှမရှိဘူး”

စိန်ခေါ်သလို ပြောပြောဆိုဆိုနှင့် ရှေ့  ကိုတိုးကပ်လာသည်။ ကျွန်မ လန့်ဖျန့် သွားတာ သူ့ရင်ဘတ်ကို လက်နှစ်ဘက်နှင့် တွန်းထားမိသည်။ မလာနဲ့ ။ မပြုံးမိစေနဲ့။ အဲ့ရှာဖွေနေတဲ့ မျက်လုံးတွေနဲ့။ ဒီမှာ ကျွန်မက အိမ်မက်တခုကို ဖမ်းမိထားပြီ သိရဲ့လား။
ကျေးဇူးပြုပြီး မျက်တောင်မခတ်လိုက်ပါနဲ့နော်။ မောင့်မျက်တောင်တွေဆီမှာ တွဲခိုနေတဲ့ ကျွန်မအိမ်မက်တွေ လွင့်စင်သွားမှာ စိုးလို့။ ခုထိတော့ ၀န်မခံချင်ဘူး။


"မင်းရဲ့ စူးစမ်းတဲ့ မျက်ဝန်းတွေက
ကြေကွဲနေတယ်

လမင်းက
ပင်လယ်ရေအနက်ကို တိုင်းဖို့
ကြိုးပမ်းသလို
မင်းက ငါ့ကို အဓိပ္ပါယ်ဖွင့်ဖို့
ကြိုးပမ်းတယ်

မင်းရှေ့မှာ
ငါ့ဘ၀ တဆုံးတဖျားကို
ပြသထားတယ်
ဖုံးကွယ်ထားတာ ပြန်ဝှက်ထားတာ
ဘာမှမရှိဘူး
ဒါကြောင့်မို့
မင်းကိုယ့်ကို မသိတာ ဖြစ်မယ်..။"
-တဂိုး



No comments: