12/09/2009

မူကြိုကျောင်းသူ အတွေးများ


-->
ဒီနေ့ မှာ ကျွန်မရဲ့ ပန်းချီဆွဲဖို့ ၀ါသနာပိုးကို စပြီး အကောင်အထည်ဖော်ဖို့ သင်တန်းစတတ်ခဲ့ပါတယ်။ ကျွန်မက မျက်နှာတွေကိုပဲ ဆွဲတတ်ချင်တာပါ ။ အဲ့ဒါနဲ့ ကိုမင်းသစ်ကြည် ဆိုတဲ့ပန်းချီဆရာကို “ သမီး မျက်နှာကို ကြည့်လိုက်တာနဲ့ ချက်ချင်းဆွဲတတ်ချင်တယ်ဗျာ ၊ ဘယ်လောက်ကြာအောင် သင်ရမလဲ ” မေးတော့ သူက ခပ်တည်တည်ကြီးနဲ့ “ တစ်နှစ်” တဲ့။ ငိုင်တောင် ငိုင်သွားတယ် ။ နောက်တော့ ဘာအရေးလဲ နော့ ၊ တနှစ်ဆိုတာ ခဏလေး နဲ့ ပြီးသွားမှာ ပါ ဆိုပြီး ဒီနေ့ မနက်ခင်းမှာ လုပ်ငန်းစခဲ့ပါတယ်။

တောင်ကြီးရဲ့ ဆောင်းမနက်ခင်းက အေးတယ်ဗျာ။ အိပ်ယာထဲကနေ တော်တော်စိတ်တင်းပြီး ထယူရတယ်။ အရာရာတိုင်းက အေးစက်လို့။ ရေအေးကွင်းရပ်ကွက်ထဲက သူငယ်ချင်းထက်ထက်အိမ်ကနေ လမ်းလျှောက်ပြီး တစ်ယောက်ထဲ ဆင်းလာခဲ့ပါတယ်။ သူကတော့ ဆိုင်ကယ်နဲ့ လိုက်ပို့မယ်တဲ့ “ နေပါ အိပ်ပါထက်ရာ ငါ့ဟာငါ လမ်းလျှောက်ဖြစ်အောင် သွားလိုက်ပါ့မယ် ” ဆိုပြီးထားခဲ့လိုက်တယ်။

မူကြို ကျောင်းသူ

(၁) မျဉ်းဖြောင့်များ
စာအုပ်ထဲမှာ မျဉ်းဖြောင့်တွေ အရင်ဆွဲရတယ် ။ ပန်းချီဆရာက ပြောတယ် “ ပန်းချီဆွဲတယ်ဆိုတာ စိတ်ရယ်၊ လက်ရယ်၊ ဦးနှောက်ရယ် ပေါင်းပြီး အလုပ်လုပ်ရတာ ”တဲ့။ ကျွန်မ မျဉ်းတွေ ဆွဲတယ် ။ တချို့ မျဉ်းတွေ ဖြောင့်တယ် ။ တချို့ မျဉ်းတွေ ကောက်သွားတယ်။ မျဉ်းတွေကောက် သွားရင် ဦးနှောက်နဲ့ ထိန်းပြီး ပြန်ပြင်ဆွဲလိုက်ပါတဲ့ ။ မျဉ်းတွေ ဖြောင့်သွားပါလိမ့်မယ် တဲ့။

“ ငယ်ရွယ်စဉ်ဘ၀မှာ တော့ လူတိုင်းဟာ ဖြောင့်ဖြူးတဲ့ မျဉ်းလေးတွေ ဖြစ်ချင်ခဲ့မှာပဲ ။ တကယ်လို့ ရည်မှန်းချက်တွေ လမ်းတွေမှားပြီး ဘ၀မျဉ်းလေးတွေ ကောက်သွားခဲ့ရင် စိတ်ဓါတ်မကျပါနဲ့ ။ စိတ်အားတင်းပြီး ဦးနှောက်ကလေးနဲ့ ထိန်းလိုက်ပါ။ မျဉ်းကြောင်းလေးတွေ ပြန်ဖြောင့် သွားမှာပါ”

ခုနက ဆွဲပြီးသား မျဉ်းဖြောင့်တွေပေါ်မှာ ဒေါင်လိုက်မျဉ်းတွေ ပြန်ဆွဲရတယ် ။ ပုခုံးအားကို သုံးပါတဲ့ ။ သိပ်တော့ခုနကလို မလွယ်ဘူး ။ ယိုင်ကုန်တယ် ။ မျဉ်းတွေလဲ အပေါ်ကနေ အောက်ကိုကျရင် ယိုင်တတ်တာလား။ မယိုင်အောင် သတိထားဖို့တော့ လိုတယ်နော် ။ အကွက်လေးတွေ ဖြစ်သွားတယ်။ အကွက်ကျကျ ဖြစ်ဖို့ကလဲ လိုသေးတာပဲနော်။ တွေးနေမိတာက

“ ပုခုံးအားကို သုံးမှတော့ အပေါ်ကနေ အောက်ကို ဆွဲမချချင်တော့ပါဘူးဗျာ ။ ဒါနဲ့ အောက်ကနေ အပေါ်ကို ဖြောင့်ဖြောင့်တက် ဖို့က ပိုခက်မယ်ထင်တယ်နော် ဆရာ ”

(၂) စက်ဝိုင်းများ

အ၀န်းအ၀ိုင်းတွေက ဆွဲရခက်ပါတယ် ။ ၀ိုင်းနေအောင်ဆွဲဖို့ လက်ကောက်ဝတ်နဲ့ဆို သေးသေးပဲ ဆွဲလို့ရမယ်။ တံတောင်နဲ့ ဆို နဲနဲ ပိုကြီးလာမယ် ။ အကြီးကြီးရချင်ရင်တော့ ပုခုံးအားကိုပဲ ပြန်သုံးပေါ့။ ၀ိုင်းဖို့လဲ လိုသေးတယ်နော် ။ ဆရာပြောတာက အပေါ်အောက် ဘေးဘယ်ညာ ဒါပဲ ရှိပါတယ်တဲ့။

“ အပေါ်ကို တွန်းတင်တာများပြီး ဆွဲချ ရင်လဲ စက်ဝိုင်းဟာ မ၀ိုင်းနိုင်ပါဘူး။ တွန်းတင်တာနဲပြီး ဆွဲချများရင်လဲ စက်ဝိုင်းက မဆက်တော့ဘူး ။ ဘေးထွက်နေရင်လဲ ၀ိုင်းမှာ မဟုတ်ဘူး။ တွန်းတင်တာရယ် ဆွဲချတာရယ် ဘေးဘယ်ညာရယ် ညီမှ လှပတဲ့ စက်ဝိုင်းတစ်ခုကို ရနိုင်ပါမယ်”

ဒီတော့ လူလောက ကမ္ဘာကြီး အတွက်ပဲ ဖြစ်ဖြစ်၊ ကိုယ့်မွေးရပ်မြေ အတွက်ပဲ ဖြစ်ဖြစ် ၊အဖွဲ့အစည်းံအတွက်ပဲ ဖြစ်ဖြစ် ၊ မိသားစု အတွက်ပဲ ဖြစ်ဖြစ် ၀ိုင်းဝန်းညီညာတဲ့ အ၀န်းအ၀ိုင်းလေး ဖြစ်အောင် လူတော်လူကောင်းတွေကို တွန်းတင်၊ လူ့လောကကို မကောင်းကျိုးပေးသူတွေကို ဖယ်ရှားပြီး ဘေးချည်းပဲ ထွက်မနေဘဲ စုပေါင်းညီညာမယ်ဆိုရင် သူငယ်တန်းကလေးလေးရဲ့ ကျောင်းစာအုပ်ထဲကလို အသိုက်အ၀န်း ၀လုံးလှလှလေးတွေ ရမှာ မလွဲပါဘူးရှင်..။

10/17/2009

ထုချေလွှာ ..

ဖြေးဖြေး xx ဖြေးဖြေးပြောxx နားနားပြီး ပြော မောမယ်xxx
တိုးတိုး xxတိုးတိုးပြော xxအားလုံးလဲ ကြားပါတယ် xxx


စိတ်ရူးပေါက်လာလို့ပါ .. ခုတလော ဒီလိုအဓိပ္ပါယ် ဖွင့်လိုက်ကြသတဲ့

မေအိ : overprotected , negative side viewer, pretending

Solution :

1.overprotected :

ကိုယ့်ကိုကို ချစ်တတ်တဲ့ အမျိုးပဲလေ .. auto response က ထိန်းလို့မှ မရပဲလို့ ..။


2.negative side viewer :

positive လို့ မြင်ပြီးရင် negative ပြောင်းလို့ မရတာကမှ ပြသနာ အစစ်။ဒါကြောင့် ကနဦးထဲက ကြို ကြည့်ထားရတာ ..။ ဒီလိုနဲ့ နောက်ဆုံးတော့ ကိုယ်ပဲ နောက်ကောက်ကျကျ နေရတဲ့ သမိုင်းကြောင်းက ရှိတယ်ဆိုတော့လဲ ..။


3.pretending:

ဒါကတော့ မြွေမြွေချင်း ခြေမြင်တဲ့ သဘောလေးပါ .. :D ဟုတ်ဘူးလား ???

10/16/2009

အသံ စောင့်သူ

ဒီရက်တွေမှာ အိမ်မှာ ငြိမ်နေရလို့လား မသိဘူး အသံတွေကို အရမ်းတောင့်တတယ်။ ညင်သာတဲ့ အသံ ၊ ဂရုတစိုက်ရှိတဲ့ အသံ ၊ မြူးထူးတက်ကြွနေတဲ့ အသံ ၊ပြုံးခြင်းရှေးရှုတဲ့ အသံ၊ ဆူသံ အော်သံ အော်ဟစ်မာန်မဲ တဲ့ အသံ ..။

ကိုယ်တိုင် ညည်းညူနေရလို့ ညည်းသံတော့ မကြားချင်ဘူး ။ အရမ်းကြောက်တဲ့ မိုးခြိမ်းသံတောင် အသေအချာနားထောင် မိနေတယ်..။

နေ့တိုင်းနီးပါး အသံတွေကို နားစွင့်မိနေတယ် ။ သူငယ်ချင်းတစ်ယောက်တလေများ ပေါ်လာမလား ။ ဘယ်သူကများ လှမ်းခေါ်လိုက်မလဲ .။ အိမ်ရှေ့က ခေါင်းလောင်းလေးကို ဘယ်သူကများ တီးလိုက်လေမလဲ . ဘိုမက ဘယ်သူလာလို့ အဲ့လောက် ဟောင်နေရတာလဲ ..။ ကျွန်မရဲ့ အခန်းပြတင်းပေါက်က သစ်ရွက်အချင်းချင်းထိတဲ့ အသံတွေက ခြောက်ကပ်ကပ်နိုင်လွန်းလှတယ်...။

ဘယ်တော့မှ မကြားနိုင်မယ့် အသံတစ်ခု ..။ မကြားနိုင်တာလား ကြားခွင့် မရတော့တာလား မကြားရသေးတာလား မသိဘူး ။ ဒြပ်သားကြားခံနယ်က အလှမ်းဝေးလွန်းတယ် ထင်တယ်နော်.. ဟုတ်တယ် ခုရက်တွေ ကျွန်မ အဲ့အသံတခုကို ကြားချင်နေတယ် ။ ကျွန်မ မကြားရသေးတာပဲ နေမှာပါ အသံတွေဆိုတာ လေထုထဲမှာ လွင့်မျောနေမှာပဲ ..။ တနေ့နေ့ မှာ တနေရာရာက နားစွန်နားဖျားတော့ ကြားခွင့်ရမှာပါ ..။ အဲ့ဒီအသံ ရောက်လာတဲ့အခါကျရင်သာ အိပ်မောကျနေမိရင် ပြန်နိုးဖို့ မေ့နေမိမှာ စိုးတယ်။

အင်ဂျင်အကောင်းစားတစ်လုံးကို စက်နှိုးလိုက်သလို ညက်နေတဲ့ အသံမျိုး..။ အသေအချာ ညှိထားတဲ့ ကြိုးတပ်တူရိယာကို လက်ညှိုးလေးနဲ့ ပွတ်ဆွဲလိုက်တဲ့ အခါ အသားတကျလေး ပေါ်လာတဲ့ အသံမျိုး ..။ ဘာသံမှမကြားရရင်တောင် ကျွန်မဆိုတဲ့ လူမျိုးက ဆံပင်တွေထဲကို လက်လေးနဲ့ သပ်လိုက်တဲ့အခါ အသံ တခုလောက်ပေါ်လာလေ မလားဆိုတာ မျှော်တလင့်လင့်နဲ့ မျက်တောင်မခတ်တမ်း စောင့်ကြည့်နေချင်နေတဲ့ တိတ်ဆိတ်နေတဲ့ ကမ္ဘာက နားထောင်သူတစ်ယောက် ဖြစ်ချင်နေလေရဲ့ ။

9/19/2009

မျက်မှန်တစ်လက်၊ အတွေးတစ်စနဲ့ သိုးမဲတစ်ကောင်

နေသလို ဖြစ်တဲ့ ဘ၀မှာ
ဖြစ်သလို နေခဲ့ တာဆိုတော့
ကျွန်တော့် သမိုင်းက ချုပ်ရိုးတွေ မွနေပြီ ။

စက္ကု အမြင်တွေ ထူးပြီး တိုးမလာပေမယ့်
လောကအမြင်ကတော့ တရွေ့ရွေ့ ပြောင်းလဲခဲ့ပြီလေ...
ဖုန်ထူခဲ့တဲ့ နောက်ကြောင်းကို
ငဲ့ကြည့် မိတော့ကာ
ခံယူချက်နဲ့ ခံစားမှု ဆိုတဲ့
ဇာတ်ပို့နှစ်ယောက်က မီးရောင်အောက် ရောက်လာတယ်။

ကိုငှက်ကြီးကတော့ အင်္ကျီအဖြူ ၀တ်ရမှာ
ရှက်ခဲ့တယ်...
စတစ်ကော်လံဖြူ လက်ရှည်ဝတ်ထားတဲ့
ကျီးအာသီးတွေ ၊ ချတောင်ပို့ စိတ်ဓာတ် ပိုင်ရှင်တွေ ကတော့
နေရာတိုင်းမှာ ခန့်ခန့်ငြားငြား ၀င့်ကြွားနေလေရဲ့။

နေကာမျက်မှန်ရဲ့
အရောင်ဆန်းတွေကို လွယ်လွယ်သတိထားမိ ပေမယ့်
အာဃာတ က အရောင်၊အဆင်း မဲ့နေတယ်
ရောင်စုံမျက်မှန်လေးတွေ ပေါ်လာတာမကြာသေးပေမယ့်
လူတွေအားလုံးမှာ မျက်မှန်ကိုယ်စီ ရှိခဲ့ပြီးသားပါ..
.။
( အများစုကတော့ ကိုယ့်မှာ မျက်မှန်ရှိမှန်း သတိမပြုနိုင်ကြဘူးလေ...။ )



ကြားခဲ့ဖူးမှာပေါ့
ရေတ၀က်ပဲ ကျန်တော့တာ နဲ့
ရေတ၀က်တောင် ပြည့်နေတာ
သေချာတာကတော့
အဲဒီခွက်မှာ ရေတ၀က် ရှိနေတယ်
သောက် မလား၊
သွန် မလား
ခင်ဗျား ဆုံးဖြတ်ပါ ။

ကိုယ့်ပတ်ဝန်းကျင်ကို
ဂရုစိုက်ပါ..
မခံစားပါနဲ့
ကောင်း/ဆိုး ထက်ဝက်တိတိ ရှိနေတဲ့
လောကဓံ တောင် သူတို့ နှုတ်ဖျားမှာ
ဗီလိန်ကြီး လုံးလုံး ဖြစ်လို့
သူတို့မှန်တယ် ထင်တာ သူတို့ပြောလိမ့်မယ်
ကိုယ်မှန်တယ် ထင်တာ ကိုယ်လုပ်ပေါ့။

တကယ်တော့...
အမှန်/အမှား ဆိုတာ ကျောချင်းကပ် အမွှာတွေပဲ
ဘယ်သူမဆို မျက်စေ့ မှောက်နိုင် တယ်လေ..
အဲ..ပတ်ဝန်းကျင် ကို ဂရုမစိုက်ဘဲ ထင်ရာစိုင်းခဲ့မယ် ဆိုရင်တော့...
ခင်ဗျားကို တောထုတ် လိုက်ကျ လိမ့်မယ်
သင်းကွဲ တစ်ကောင်ရဲ့ဘ၀ဟာ ဘယ်တုန်းကမှ မသာယာခဲ့ပါဘူး...။

ကြိုးစားမှုနဲ့ ယှဉ်ပြိုင်ပါ...
ခံစားမှုအတွက်တော့ ချွန်းကိုင် ထားပါ
ပထမ ဆိုတာ အတော်ဆုံးတွေ အတွက်ပါပဲ
ဒါပေမယ့် လူတော်တိုင်းတော့ ပထမ မဖြစ်နိုင်ဘူးပေါ့…။

တောင်ထိပ် ရောက်ခဲ့ပြီ ဆိုရင်လည်း
အောင်လံ လွှင့်ပါ..မှတ်တမ်းတင်ပါ..
စိတ်ကြိုက် ကျူးရင့်ပါ...
ပြီးရင် .....ပြန်ဆင်း ရတော့မှာလေ ။

ပညာရှိတွေကတော့
သတိပေးခဲ့ တာပဲ
ကောင်းကောင်း/ဆိုးဆိုး မတုန်လှုပ်နဲ့တဲ့ ။

ကျွန်တော်ကတော့..
ကြက်သားစားခွင့် ကြုံလာရင် ..
နှစ်သက်သလောက် စိတ်ကြိုက်စားမယ်
ငပိရည် နဲ့ ကြုံမှာ စိုးနေရင်..
ကြက်သား အရသာ ပျောက်သွားမှာပေါ့..
တစ်ချိန်မှာ.. ကြုံလာခဲ့ရင်လည်း
သိပ် စိတ် မညစ်ပါနဲ့
စားပါများရင် ခံတွင်းတွေ့သွားမှာပါ…။

ဒီ လို နဲ့ ပဲ......
ရှေ့ ဆက်လျှောက်မယ်..
သေချာတာကတော့ ချုပ်ရိုးတွေ ထပ်လာဦးမှာပါပဲ......။ ။

( ကျွန်တော့် အမြင်ကို လက်မခံချင်ရင် လက်တို့လိုက်ပါ။
ကျွန်တော်တို့ မျက်မှန် လဲတပ်ကြတာပေါ့...။ )

သိုးမဲ (www.lawkaahla.com)

ဒီကနေ ကြိုက်နှစ်သက်သောကြောင့် ကူးယူဖော်ပြပါသည်။

9/14/2009

ညည်းဖြစ်တဲ့ သီချင်းများ

(ခုတလော ခေါင်းက ဒူနေတယ် ဘာမှမထွက်ဘူး လူကလဲ ယောင်ခြောက်ဆယ်လိုပဲ ဒါနဲ့ ဒီသီချင်းတွေပဲ အားအားရှိ အော်ချင်ချင်ဖြစ်နေတာနဲ့ ပဲ အမှတ်တရ ချရေးလိုက်ပါတယ်...)

နေသားမကျဘူး ကွက်လပ်များနဲ့ .. အဆင်လည်း မပြေဘူး တစ်ယောက်ထဲ ကြေကွဲတယ် အရင်နေ့ရက်များ တမ်းတလည်းပဲ အိမ်မက်တွေလိုပါပဲ........။

မတားနဲ့တော့လေ အဆိုးအမိုက်ကြိုက်သလို ဝေဖန်ပါ ငါဝန်ခံဖြောင့်ချက်လေးပေး.. အဘယ်ကြောင့်ဆိုသော် အားကြီးလွန်းတဲ့ သက်ရောက်မှူတခုကြောင့်...။

အချစ်က အကြီးမားဆုံးအဖြစ် နေရာယူထားတော့ ငါဟာရိုးသာစွာ နမ်းရှိုက်ခဲ့သူ အပိုတွေငါမပြောတတ်.. မင်းဘေးက ချစ်သူထက် ငါဟာ အဖြူသက်သက် ဒီအချိန်မှာ အစမ်းသပ်ခံ ငါ့ရဲ့ အသည်းကို နင်လေ ချန်လို့ ငဲ့ ..ရပါတယ်...။

ရှေးရှေးတုန်းကတော့ ငါ့မှာ အချစ်ကို ရူးရူးမူးမူးကိုးကွယ်ခဲ့..မင်းခိုင်းသမျှ ခေါင်းညိတ်လို့ လုပ်တယ် ဆပ်ကပ်ထဲက မျောက်လိုပဲ မင်းပါးစပ်က ပြောလိုက်တဲ့ စကားကို ”အမိန့်”လို့ ဦးထိပ်ပန်ရွက်ဆင်ရင်း.. ရိုးရိုးသားသားဆုံး သိပ်ယုံလိုက်တယ်....။
ငါဟာ ရာဇ၀င်တွေ ရိုင်းသွားတယ်...။

အားလုံးကပြောကြတယ် ဒီကောင်လေး သိပ်ရိုးတယ်..တိတ်တခိုးမှာ သိပ်ဆိုးတာ သူတို့မှာ မသိကြပဲ.. အားလုံးကလက်ခုပ်တီးတယ် သူအရမ်းတော်လွန်းတယ် အားလုံးကပြောကြတယ် အမှန်နဲ့ အမှားကို ရွေးချယ်! မှန်သင့်သလောက်မှန်လိမ့်မယ် ငါ့အတွက်တော့ မဟုတ်ခဲ့ဘူး .. မကျေနပ်ပါ အမြင်ကတ်တယ် အချစ်အတွက်တော့ မင်းက လုံးဝ မက်လောက်စရာ တကွက်မှမရှိ ..ဒီလိုငါ တွေဝေနေရင် အသက်တိုသွားလိမ့်မယ်...။

နောက်ထပ်တွဲဖို့ အားအင်လဲ ငါ ရင်ထဲ ကုန်ခမ်းလို့ နေပြီ .. ငါလေ အရူးတော့ မဖြစ်ချင်ဘူး အဝေးကို ရှောင်ဖယ်နေစမ်းပါ ငါတကယ် ဇာတ်နာတယ် ဒီမျက်နှာ ကိုလေ ငါမကြည့်ချင်လို့ပါ နင်စော်ကားတာတွေ သိပ်များနေပြီ ငါ မဖြစ်ချင်လို့ပါ အမုန်းသမား...။

မျှော်လင့်မထားတတ်တာမျိုး တခါတလေ ဖြစ်တတ်တယ်ပေါ့ လောကကြီး...။ မထင်မှတ်ပဲ ဖြတ်တယ်ပေါ့ နင်ထွက်သွားတော့မယ်ပေါ?့ ခွင့်လွှတ်ပေးရမယ်ပေါ?့ မဖြစ်နိုင်တော့လို့ပါပေါ့? အယုံအကြည်လုံးဝ မရှိဘူး ဘာကိုမှမသိချင်ဘူး ချုံခိုမတိုက်ခိုက်ပါနဲ့ ငါဟာကျဆုံးနေသူ..။

ငါ့အတွက်တော့ မင်းရဲ့ အချစ်ဟာ အရာရာ အဆိပ်သီးပဲ ..ထားခဲ့တော့ မိုးသားအောက်မှာ ငါလေ တစ်ယောက်ထဲပဲ ..လှည့်မကြည့်နဲ့ မင်းထွက်သွားပါ လေဆန်ရာ လက်လွဲ .. အဆုံးသတ်စို့ တို့ရဲ့ အချစ်တွေ ဇာတ်သိမ်းခန်းရောက်ပြီလေ...။

အရာရာဟာ ပြောင်းလဲနေပါတယ် မင်းအတွက် ငါ အသုံးမကျတော့ပြီပဲ ဘာကိုမှ ရှင်းပြမနေပါနဲ့ ..
အရာအားလုံးပြီးဆုံးခဲ့.....။

အိမ်မှာထိုင်ရင်းနဲ့ တနေကုန်ခဲ့.. ငါလုပ်သမျှ တခုမှ အသုံးမကျတော့ ကျိန်ဆဲ.. လူတွေက မေးရော ဆိုတော့လည်း ... ငါအမြှုပ်ထွက်မတက် ရှင်းဆဲ...။

tag > ဇောင်း အနော ရတုရင်ညို

8/25/2009

ငါ့ရင်ခွင်ကြားက နှင်းဆီဓါးသွားတစ်လက်

ကျွန်မမှာ 1997လို့ ရေးထားတဲ့ စာတမ်းပါပြီး နက်ပြာရောင်ကတ်ထူနဲ့ ပျောက်ဆုံးနေတဲ့ ဒိုင်ယာရီ တစ်အုပ်ရှိပါတယ်ဆရာတာရာမင်းဝေရဲ့ စာအုပ်တွေကို လိုက်ရှာဖတ်ခဲ့ဖူးပြီး ကဗျာတွေ ကြိုက်တဲ့ စာစုလေးတွေကို ရေးထားတဲ့ စာအုပ်လေး လည်းဖြစ်သလို အမှတ်တရ ကဗျာ တချို့  ကိုလဲ ရေးကူးထားပါတယ်
ခုတော့ ဒီကနေ အဲ့ဒီစာအုပ်ထဲက လက်ရေးလှလှနဲ့ စိတ်ရှည်လက်ရှည် ကူးခဲ့ဖူးတဲ့ ကဗျာလေးကို ပြန်တွေ့ခဲ့ပါတယ်


ငါ့ရင်ခွင်ကြားက နှင်းဆီဓါးသွားတစ်လက်

(၁)
စမ်းရေပေါ်မှာတင်ပြီး စက္ကူလှေတို့ကို
နေ့စဉ်ရက်ဆက် ကျွန်တော်မျှောခဲ့ပါသည်။
ကျွန်တော့်အမည်နှင့် ကျွန်တော်ကျေးရွာကိုလည်း
စက္ကူလှေပေါ်မှာ စာလုံးနက်နက်ဖြင့် ရေးခဲ့သည်။
တစ်ကျွန်းသား၊ တစ်ပြည်သားတို့သည်
ထိုသို့ဖြင့်
ကျွန်တော့်ကို သိလာကြလိမ့်မည်ဟု မျှော်လင့်၏။
ခြံမှာပွင့်သည် ဆိတ်ဖလူးပန်းတို့ကိုလည်း
လှေငယ်ပေါ်မှာဆင့်တင် မျှောလွှတ်ခဲ့၏။
အရုဏ်ဦးမှာပွင့်သော ထိုပန်းတို့သည်
ညဥ့်အချိန်မှာတော့ ကမ်းကို ဆိုက်ရောက်လိမ့်မည်ဟု
ကျွန်တော်ထင်သည်။
ကောင်းကင်သို့ ဦးမော့ကြည့်သောအခါ
ဖြူဆွတ် ရွေ့မျောနေသော တိမ်ရွက်များကို
ကျွန်တော်မြင်၏။
ကျွန်တော်နှင့်ပြိုင်ရန် ကျွန်တော့် စက္ကူလှေများနှင့်ပြိုင်ရန်
ကစားဖော်တစ်ဦးဦးက
သူတို့ကို လွှတ်တင်လိုက်ခြင်းဖြစ်မည်။
မည်သူမှန်းတော့ ကျွန်တော်မသိချေ။
သန်းခေါင်ယံ၏ ကြယ်ရောင်ပျပျအောက်မှာ
ကျွန်တော့်လှေတို့သည် လွင့်မျှောလှပနေလိမ့်မည်။
ထိုသို့ပင် အတွေးနှင့် အိပ်ယာဝင်ဖြစ်သည်။
အိပ်မွေ့ချတတ်သော နတ်သမီးကလည်း
အိပ်မက်ခြင်းတောင်းကြီးများကို ပိုးကာ
ကျွန်တော့်လှေများနှင့်အတူ
ရွက်လွှင့်နေဦးမည်ဖြစ်သည်။

(၂)
ကျွန်တော်နှင့် တရွေ့ရွေ့နီးကပ်ရာသို့
မည်သည့်အချိန်မှ စတင်ပြီး သူ လာခဲ့ပါသနည်း။
ကျွန်တော် မသိခဲ့ချေ။
နေ၀န်းနှင့် ကြယ်ရှုးကြယ်ပျောက်များကလည်း
သူ့ကို ကျွန်တော်မမြင်အောင် သိုဝှက်နိုင်ခြင်းမရှိခဲ့။
နံနက်ဦးပေါင်းများစွာ၊ ညနေရီပေါင်းများစွာ
သူ့ခြေသံကို ကျွန်တော်ကြားနေရသည်။
ကျွန်တော့် နှလုံးအိမ်ထဲသို့
သူ့စေတမန် ၀င်ရောက်လာ၏။
ထို့နောက် ကျွန်တော့်ကို
တိတ်တိတ်ကလေး ခေါ်လေသည်။
ထိုသောနေ့မှာမှ အဘယ့်ကြောင့်
ကျွန်တော့်ဘ၀သည်
လှုပ်လှုပ်ယိမ်းယိမ်း ဖြစ်ရပါသနည်း။
ပျော်ပျော်လွင့်လွင့် တုန်ရီခံစားမှုတို့ကလည်း
အဘယ့်ကြောင့် ကျွန်တော့်နှလုံးအိမ်ကို
ဖြတ်ဖောက် စီးဆင်းသွားပါသနည်း။
ကျွန်တော်မသိချေ။
အိမ်ပြန်ရမည့် အချိန်မှာပင်လျှင်
လေမှာစီးပျံ့သော ချစ်သူရနံ့ကို သန့်သန့်ကလေး
ရနေလေတော့၏။

(၃)
သူ့အမွှေးရနံ့နှင့်သူ ရူးသွပ်ပြီး
တောကြီးမျက်မည်းမှာ ပြေးလွှားနေရသည့်
ကတိုးကောင်လို
ကျွန်တော်လည်း ပြေးလွှားနေမိ၏။
ထိုညသည် မေလ ညတစ်ညဖြစ်၏။
ပြေညင်းသော လေကလည်း
တောင်အရပ်မှ စီးဝင်တိုက်ခတ်လာ၏။
ဝေ့လည်ဝဲချာပြီး
ကျွန်တော် လမ်းပျောက်သွားတော့သည်။
ကျွန်တော်သည်
မရနိုင်တာကို ရှာဖွေပြီးသည်နောက်
မရှာဖွေတာကို ရရှိခဲ့သည်။
ကျွန်တော် တစ်ကိုယ်ရေ နှလုံးသားနိမိတ်ပုံများသည်
မြူးတူးခုန်ပါက်နေကြ၏
စူးလက်ပြိုးဝင်းနေခဲ့၏။
ဖမ်းဆုပ်ကိုင်တွယ်ဖို့ ကျွန်တော် ကြိုးစားသော်လည်း
လွတ်ချော် ထွက်မြောက်သွားခဲ့၏။
မှားသောလမ်းသို့ ခေါ်ပို့သည်။
ကျွန်တော်သည် မရနိုင်တာကို ရှာဖွေပြီးသည့်နောက်
မရှာဖွေတာကို ရရှိခဲ့သည်။

(၄)
ချစ်သူကသာ ခွင့်ပြုမည်ဆိုလျှင်
ကျွန်တော်တေးသွားကို
ရပ်ထားလိုက်ပါမည်။
ချစ်သူ နှလုံးအိမ်ကို ရုန်းကစေမည်ဆိုလျှင်
ကျွန်တော့်မျက်လုံးများကို
သူ့မျက်နှာမှ အဝေးသို့ ဖယ်ခွာပေးပါမည်။
ကျွန်တော်ရှိနေသည့် အတွက်ကြောင့်
ချစ်သူသည် သွားလမ်းမှာ ပင်ပမ်းရသည်ဆိုလျှင်
ဘေးဘီကို ရောက်သည်အထိ
အခြားလမ်းမှ ကျွန်တော် လျှောက်ပါမည်။
ချစ်သူ ပန်းကုံးသီရန်
အနှောင့်အယှက် ဖြစ်ရသည်ဆိုလျှင်
သူ ပန်းတောမှ ဝေးရာသို့
ကျွန်တော် ယို့ယိမ်းထွက်ခွာပေးပါမည်။
ချစ်သူ ရေပြင်အလျင်ကို
လှိုင်းတို့ဖြင့် တိမ်းမှောက် ပျို့အန်စေသည်ဆိုလျင်
သူ ကမ်းခြေမှ
ကျွန်တော့် လှော်တက်ကို လွှတ်ချလိုက်ပါမည်။

(၅)
မီးအိမ်ကားငြိမ်းခဲ့ပြီ။
အဘယ်ကြောင့်ပါနည်း။
ပြင်းရှစွာတိုက်ခတ်နေသောလေမှ
လူးလွန့်လွတ်မြောက်နိုင်ရန်အတွက် ၀တ်ရုံကိုဖြန့်ပြီး
သူ့အတွက်
ကျွန်တော် ကွယ်ကာ ပေးခဲ့သည်။
ထို့ကြောင့်ပင်လျင်
မီးအိမ်ကားငြိမ်းခဲ့ရ၏။
မုံပန်းကား နွမ်းခဲ့ပြီ။
အဘယ်ကြောင့်ပါနည်း။
ကျွန်တော် နှလုံးအိမ်အတွင်းမှာ
ချစ်မြတ်စွာ သူ့ကို
ဖိကပ် သိမ်းဆည်းထားခဲ့၏။
ထို့ကြောင့်ပင်လျင်
မုံပန်းကား နွမ်းခဲ့သည်။
စမ်းရေကား ခမ်းခဲ့ပြီ။
အဘယ်ကြောင့်ပါနည်း။
သူ့ရေစီးကြောင်းကို ဖြတ်တောက်ကာ
ကျွန်တော့်အတွက် ရေကာတာ တစ်ခုတည်ဆောက်ခဲ့၏။
ထို့ကြောင့်ပင်လျင်
စမ်းရေကား ခမ်းခဲ့သည်။
စောင်းကြိုးကား ပြတ်ခဲ့ပြီ။
အဘယ်ကြောင့်ပါနည်း။
ဤစောင်းကား မတတ်မြောက်သော ဂီတကို
ကျွန်တော့်အတွက် ဆွတ်ယူခြွေချခဲ့ပါ၏။
ထို့ကြောင့်ပင်လျင်
စောင်းကြိုးကား ပြတ်ခဲ့သည်။

(၆)
ကျွန်တော် ရွက်လွှင့်ထွက်ခွာရတော့မည်။
ကြေကွဲ လှိုက်မောဘွယ်ရာ ကာလများသည်
ကုန်းမြေပေါ်မှာ ပဲ့ကြွေကျန်ရစ်ခဲ့ပြီ။
နွေဦးရာသီသည် ပန်းတို့ကိုပွင့်အောင်
ဖွင့်ပေးခဲ့သည်။
ယခုကား အနားယူလေပြီ။
ကျွန်တော့်မှာသာ ရင့်ရော်သော ပန်းတစ်ဆုပ်နှင့်
အိမ်မပြန်နိုင် ဖြစ်ရသည်။
လှိုင်းတွေက ညိုးညံရိုက်ဟီးလေပြီ။
ကမ်းပါးကို သွယ်ပတ်ထားသည့်
သစ်ရိပ်ဝေေ၀ လမ်းကလေးတွင်လည်း
ရော်ရွက်တို့ ပြုတ်ကျလာပြီ။
မိတ်ဆွေဘာကြောင့် ငေးငိုင်နေပါသနည်း။
သင့်အကြည့်တို့က ဘယ်ဆီမှာ စိုက်ဝင်နေသနည်း။
ကမ်းတစ်ဖက်ဆီမှမျောလာသောအဝေးတေးသံနှင့်
လေထုမှာ စိုးဆွတ်ပါဝင်လာသည့်ရင်ခုန်သံကို
သင်...
မခံစားရလေသလော...

(၇)
နေ၀င်တော့မည်။
အရိပ်တို့လည်း မြေဆီမှာ ညွတ်တွားကြပြီ။
ချောင်းသို့သွား၍ ခရားတွင် ရေဖြည့်ရန်
ကျွန်တော့်အတွက်တော့ အချိန်တန်ပြီ။
ညနေခင်းလေသည်
ချောင်းရေ ဂီတမှုန်ရီကို ခုံမင်နေ၏။
ကျွန်တော့်ကို
နေ ရွှေခြည်မျှင်ထဲသို့ တိုးဝင်ရန် ခေါ်နေ၏။
တိတ်ဆိတ်သောလမ်းမှာ
လာသူ သွားသူတို့ မရှိကြချေ။
လေထန်၏။
မြစ်ထဲမှာ လှိုင်းတွေ ဝေ့လိပ်ချီကြွနေ၏။
အိမ်သို့ ပြန်နိုင်ပါမည်လော။
မည်သူနှင့် ဆုံတွေ့ခွင့် ရနိုင်မည်ကိုလည်း
ကျွန်တော်မသိ။
ရေတိမ်ဆိပ်မှ လှေငယ်တစ်စင်းပေါ်မှာ
အမည်မသိသူ တစ်ယောက်က
ပုလွေသံကို ပေးနေလေသည်။

(၈)
ဦးညွှတ်ကာ
အားလုံးကို ကျွန်တော်နှုတ်ဆက်ခဲ့ပါသည်။
ညီအစ်ကိုတို့
ကျွန်တော့်အားလည်း မေတ္တာပို့ကြပါလေ။
ဟောဒီမှာ
ကျွန်တော့်ရဲ့ အိမ်သော့ကို ပြန်ပေးခဲ့ပါပြီ။
ပိုင်ဆိုင်ရာအားလုံးကိုလည်း စွန့်ခဲ့ပါပြီ။
ကြင်နာခြင်းနှင့် ပြန်လည်နှုတ်ဆက်ခြင်းကိုသာ
သင်တို့ထံမှ တောင်းဆိုလိုပါသည်။
ကျွန်တော်တို့သည် အိမ်နီးချင်းများအဖြစ်
နှစ်ပေါင်းကြာခဲ့၏။
ကျွန်တော်ကားအပေးထက်၊ အယူများခဲ့သည်။
နံနက်ခင်း အလင်းသည်
ကျွန်တော်ထွန်းသော အမှောင်ထောင့်ချိုးမှ
မီးအိမ်ကို ငြိမ်းစေ၏။
ခေါ်သံကို ကြားရလေပြီ။
ကျွန်တော်သည်လည်း
သွားရန် အသင့်ဖြစ်ချေပြီ။

(၉)
အိုဘုရားသခင်
စိတ်အာရုံအစဉ်တို့၌ စီးဝင်ကာ
လောကကို သင့် ခြေတော်ရင်းမှာ
ထိတွေ့ရပါလို၏။
ကျွန်တော် ဦးနှိမ်ချပါ၏။
အိုဘုရားသခင်
စီးသွယ်ခြင်းမရှိသော မိုးရိပ်များဖြင့်
နိမ့်ဝပ်တွဲခိုသော ဂျူလိုင်တိမ်တစ်ဆုပ်လို
ကျွန်တော့်စိတ်နှလုံးသည် သင့်တံခါးဝတွင်
တွဲခို ရပါလို၏
ကျွန်တော်ဦးနှိမ်ချပါ၏။
အိုဘုရားသခင်
ကျွန်တော်
ဂီတရစ်သမ်အထပ်ထပ်ကို
တစ်ခုတည်းအဖြစ်
ရုန်းစုသွယ်ဆက်ကာ တိတ်ဆိတ်သောပင်လယ်မှာ
စီးပျော် ၀င်ရောက်ရပါလို၏။
ကျွန်တော်ဦးနှိမ်ချပါ၏။
အိုဘုရားသခင်
တောင်ပေါ်မှာ
မိမိ အသိုက်ရှိရာသို့
နေ့ရော ညပါ
ပျံသန်းလိုက်ပါလာသည့် ကြိုးကြာအုပ်နှယ်
ကျွန်တော့်ဘ၀သည်လည်း
နားခိုရာဆီ ခရီးဆက်နိုင်ရပါလို၏
ကျွန်တော် ဦးနှိမ်ချပါ၏။
ကျွန်တော် ... ဦးနှိမ်ချပါ၏။

6/28/2009

0% girly.


Facebook ထဲက quiz တွေက အရမ်းမှန်တယ်လဲ မဟုတ်ပေမယ့် အပျင်းတော့ ပြေပါတယ်. ကိုယ်ရတဲ့ result နဲ့ သူငယ်ချင်းတွေရတဲ့ result ကို တိုက်ကြည့်ရင်း ပျော်စရာလဲ ကောင်းပါတယ်။ တစ်ယောက်ရတဲ့ အဖြေကို နောက်တစ်ယောက်က comment တွေပေးပြီး စကြနောက်ကြ နဲ့ တော်တော် ဟုတ်တယ်ပေါ့လေ။
တနေ့က ပျင်းပျင်းရှိတာနဲ့ facebook ထဲက How much girly are you? ဆိုတာ ကို တွေ့တော့ ဖြေကြည့်မိ လိုက်တယ်။ မဖြေခင်ကတော့ ငါဘယ်လောက် မိန်းမလေး ပီသလဲ ဆိုတာ သိချင်စိတ်နဲ့ ပေါ့လေ။

မေးခွန်း (၁) က Do you get manicures regularly? တဲ့ သူမေးချင်တာက nail art လုပ်တာကို ပြောတာထင်တယ်နော်..။ တောင်ကြီးမှာက nail art လုပ်ရင် ၂၀၀၀၊ ခြေသည်းပါပါရင် ၄၀၀၀ ဆိုတော့.. regularly မပြောနဲ့ ။ မန္တလေးမှာ ဘွဲ့သွားယူတုန်းက အဖော်ကောင်းတာနဲ့ လုပ်မိတဲ့ တစ်ခါလေးပဲ ရှိတယ်။ အဲ့တော့ အဖြေက NO ပေါ့လေ။

မေးခွန်း (၂)က Would you like to go to a camp? တဲ့။
အဖော်တွေ သူငယ်ချင်းတွေနဲ့ တူတူသွားရရင်တော့ ကောင်းသားပဲ နော်။ ဒါပေမယ့် လမ်းခရီးမှာ ကြုံရတဲ့ ဒုက္ခတွေတော့ မခံစားချင်တာ အမှန်ပဲ။ ခရီးသွားလို့ သန့်စင်ခန်းတွေ ဘာတွေ မကောင်းရင်တောင် စိတ်ပျက်ဖို့ တော်တော်ကောင်းတာကို။ No လို့ ပဲ ထဲ့တော့မယ်..။ traveling ဆို ဟုတ်တုတ်တုတ်။ camp ကတော့တာ့တာပဲ။

မေးခွန်း (၃) က Do you own five pairs or heels? တဲ့။ အဲ .. ခုဝတ်နေတဲ့နောက်ပိတ်ခြေညှပ်အပါး တစ်ရံရယ်၊ walking shoe အစိမ်းလေး တစ်ရံရယ်၊ ဘွဲ့ယူတုန်းက သူငယ်ချင်းတွေ ၀ယ်ပေးတဲ့ lady shoe ရယ် ၊ ၀ိတ်ချတုန်းက အားကစားရုံမှာ စီးဖို့ သူများဝယ်ပေးတဲ့ ဖော့ဖိနပ်အပါးတစ်ရံ ရယ်၊ မွေးနေ့ လက်ဆောင်ရတဲ့ scholl နှစ်ရံရယ် တွေးကြည့်လိုက်ရင် ကိုယ့်ဘာသာ ၀ယ်စီးတာတောင် သိပ်မရှိဘူး ပဲ ဟီးဟီး ထူးပါဘူးလေ သူမေးတာက heels ဆိုတော့ ..........I have less than 5 heels ..

(၄)က ဘာပါလိမ့် Do you dye your hair? Would you like to? တဲ့ ခုတော့ ဆံပင်ဘာအရောင်မှမဆိုးဘူးပဲ.. ဆိုးဖို့လဲ ဆန္ဒမရှိဘူးဆိုတော့ No လို့ ပဲ ထဲ့လိုက်တယ်.

(၅)က Do you at least wear a mascara and lip-gloss to the gym? အင်း mascara တော့ကြိုက်တယ် တော်တော်လေးကို ကြိုက်တယ် ဈေးကြီးလို့ ၀ယ်မသုံးတာ ။ ပိုက်ဆံရှိရင် ၀ယ်ဦးမှာ.. Gym သွားတုန်းက အဲ့ဒီက အစ်မတစ်ယောက် လက်ဆောင် ပေးထားတာတော့ တခါတလေ သုံးဖြစ်တယ်.။ lip-gloss ကတော့ သူငယ်ချင်း ပုပု စိတ်ကောင်းပေါက်ပြီး တစ်ချောင်း လာဝယ်ပေးထားတာရှိတယ် တစ်ခါမှ မဆိုးဘူး .. Sometimes လို့ ထဲ့လိုက်မယ်ကွာ..။

(၆) က ကျတော့ Do you at least own five dresses and/or five skirts? ဘာတဲ့ ဘာတဲ့ SKIRTS ????? ဖြေရင်းနဲ့တောင် ရီချင်လာပြီ ဂါဝန် မပြောနဲ့ အိမ်နေရင်းဝတ်တဲ့ စကတ်တောင်မရှိဘူး ။ အားလုံး short pan တွေနဲ့ jean တွေချည်းပဲ No No No

(၇) Do you have a lots of beauty products? များသလားမပြောနဲ့ … မျက်နှာ လိမ်းတဲ့ ခရမ် ဘူးတစ်ခုရယ် . two way cake တစ်ခုရယ် ဒါပဲ အမေ့ ပစ္စည်းတွေတော့ ရှိတာပေါ့လေ Not too much ပေါ့

(၈) Do you get scared in horror movies? နဲနဲ တော့ လန့်တာပေါ့ ဒါပေမယ့် တကယ်မဟုတ်တာမှန်း သိနေတာကြီးပဲ တခြား ဇာတ်ကားတွေသာ အဆုံးထိ မကြည့်ချင်နေမယ် သရဲကားတို့ စိတ္တဇလူသတ်သမားကားတို့ ကတော့ အဆုံးထိ ကြည့်ရမှ. . သိပ်ပြီးတော့ မကြောက်တတ်ပါဘူး ဒါပေမယ့် တချို့ ဇာတ်ကားတွေမှာ အလိမ်ပေါ်တော့မယ့် အခန်းတို့ ခိုးကြောင်ခိုးဝှက် လုပ်နေတာ လူမိတော့မယ့် အခန်းတွေ ဆိုရင်တော့ မကြည့်ရဲတော့ဘူး တူတူကြည့်နေတဲ့ လူရဲ့နောက်နားမှာ သွားပုန်းပြီးချောင်းပဲ ကြည့်တတ်တယ်။

ကဲကဲ နောက်ဆုံးတစ်ခု မေးခွန်းနဲ၏ံပါတ် (၉).. Did you join ballet and/or cheer leading class/squad? ဗမာပြည်မှာ ဘာဘဲလေး မှမရှိဘူး ..။ State ကျောင်းတုန်းကတော့ ပန်းပွားတွေ ဘာတွေ ထားကြသေးတယ်။ မ၀င်ဖူးပါဘူး ရှုတ်ကရှုတ်နဲ့ ..။ ဖြေလို့ ပြီးတော့ Submit လဲ လုပ်ပြီးရော result လဲ ထွက်ရော ဘယ်လို မှမထင်ထားတဲ့ အဖြေက ထွက်လာတယ် ..။
0% Girly.... *Congratulation!

သေစမ်း မေအိ ..။

6/25/2009

မေအိရဲ့ ငါးကင်


မေအိရဲ့ လက်တည့်စမ်းထားတဲ့ ပထမဆုံးငါးကင်ပါ။:D:D သူငယ်ချင်းတွေနဲ့ ဆိုင်မှာ ကင်စားတာ။ ဒါမျိုးက ညောင်ရွှေက ငါးကန်မှာ ၀ယ်စားရင် အများကြီးပေးရတယ်။ အသက်သာကြီးနေတာ ထမင်းလဲ မချက်တတ်ဘူး။ ဟင်းလဲ မချက်တတ်ဘူး။:D ဒါကတော့ ပထမဆုံး try ကြည့် ထားတာ မို့ အမှတ်တရဖြစ်အောင် တင်လိုက်တာ။
အိမ်က လူတွေကို ပြရမယ်။ ဒီလောက်တော့ ရပါတယ်လို့ ဟဲဟဲ။
အိမ်က ဘွားဘွား ရဲ့ “ အိမ်ထောင်ကျရင် အရိုက်ခံရမှာ မြင်ယောင်သေးတယ်” ဆိုတဲ့ စကားကို ပြန်ရုပ်သိမ်းခိုင်းရမယ်။ ထူးပါဘူး။ တကယ်တမ်း ယူရတော့မယ်ဆိုမှ တစ်လလောက် အလိုက ဟင်းချက် ထမင်းချက် သင်ရင်လဲ မီလောက်ပါတယ်နော့။ ခုတော့ နားနားနေနေပဲ သူများချက်ထားတာကိုပဲ အ၀မြည်းလိုက်ဦးမယ်လို့ ။ ဟဲဟဲ
ဒီအစီအစဉ်ကောင်းသားပဲ ...

6/21/2009

တစ်ထောင့်ငါးရာနဲ့ ပြီးမြောက်တဲ့ အလှူ

အရင်နေ့ တစ်နေ့က ကျွန်မအလုပ်ရဲ့ ရှေ့မှာ အဘွားအိုတစ်ယောက် လာအလှူခံပါတယ်။ အဘွားက အရင်ကလဲ လာနေကျလို့ သူငယ်ချင်းက ပြောပါတယ်။ အဘွားကို ဆေးကုစရိတ်နဲ့ မုန့်ဖိုးကိုလဲ သူပေးနေကျ လို့ပြောဖူးပါတယ်။ တခါတခါလဲ ကျွန်မရှိနေတုန်း အဘွားလာရင် သူထွက်ထွက်သွားပြီး ပိုက်ဆံပေးပြီး နေကောင်းလား ကျန်းမာလား စပြီး မေးနေတာ ကြားဖူးနေတော့ ကျွန်မလဲ ပိုက်ဆံလေး ယူသွားပြီး ထွက်သွားလိုက်ပါတယ်။ အရင်ကတော့ မုန့်တွေပါ ပေးနေကျပါ။ ခုက မုန့်က အဆင်သင့်ကလဲ မရှိ သူငယ်ချင်းကလဲ မရှိဆိုတော့ ပိုက်ဆံပဲ ပေးလိုက်တော့မယ်ဆိုပြီး ထွက်သွားခဲ့တာပါ။


အဘွားလက်ထဲကို ပိုက်ဆံလေး ထိုးပေးလိုက်တဲ့ အချိန်မှာ အဘွားက တုန်တုန်ရီရီနဲ့ ပြောပါတယ်။


“မြေးလေးရယ် အဘွားကို အိမ်လခ မပေးနိုင်လို့တဲ့ အဘွားရဲ့ စောင်တွေနဲ့ အ၀တ်တွေ သူတို့ ယူထားကြတယ်တဲ့”


ကျွန်မလက်တွေကို ဆုပ်ကိုင်ထားတဲ့ အဘွားလက်တွေက အေးစက်နေတာပဲ၊ သူမနေ့က ဘယ်မှာအိပ်ခဲ့ပါလိမ့်။ ခဏဆိုသလိုပဲ ကျွန်မရဲ့ အိမ်က အဖွားကို သွားသတိရလိုက်မိပါတယ်။ ငါ့အိမ်ကအဖွားက နွေးနွေးထွေထွေး အိပ်နေတဲ့အချိန်မှာ ဒီအဘွားက ဘယ်လို အိပ်နေရပါလိမ့်လို့။ ဆုံးသွားတဲ့ ဖွားဖွားရဲ့ လက်ကလဲ ဒီလိုအေးစက်တတ်တယ် ဆိုတာ ကျွန်မပြန်မှတ်မိလိုက်ပါတယ်။ အဘွား ဆက်ပြောပါတယ်။


“မြေးလေးရယ် အဘွားကို ကူညီပါဦး ဟိုသူငယ်လေးရော သူ့နားကိုပြောပေးပါလားကွယ် အဘွားအခုဆေးခန်းကိုလာတာ ဒီနေ့ညနေမှမပေးရင် အဘွားကို အိမ်ပေါ်ကနေ ဆင်းရမယ်ပြောတယ် ”တဲ့


အဘွားအသံက တိုးလွန်းတော့ မနည်းနားထောင်ရပါတယ် ။


“ ဘွား အိမ်လခက ဘယ်လောက်ပေးရမှာလဲ ”လို့မေးလိုက်တယ်။

အဘွားက လက်လေး ၃ချောင်းထောင်ပြပြီး တိုးတိုးလေးပြောတယ် သုံးသောင်း ဆိုလား သုံးထောင်လား..။

ကျွန်မတော့ တွေးလိုက်မိတယ် . ဘယ်လိုလဲ သုံးသောင်းလား အဲ့ဒါဆိုရင်တော့ ဒုက္ခပဲ ဒီညနေထိမပြောနဲ့ လကုန်ထိတောင် ငါ့ဆီမှာလဲ သုံးသောင်းမရှိဘူး.။ ဟိုလူကလဲ ပြန်မလာသေးဘူး . ဘယ်လိုလုပ်ရမလဲ .. စသဖြင့်တွေးနေတုန်း ဘွားကထပ်ပြောပါတယ်။


“ သမီးလေး အဘွား ထိုင်စောင့်ရမလားဟင်” တဲ့


“အဘွားရယ် . သူက အပြင်ထွက်သွားတာ အဘွားရဲ့ ။ သူပြန်လာရင် သမီး ပြောပေးပါ့မယ်နော်” လို့ ပြောလိုက်တယ်။ ကျွန်မပြောသာပြောရတာ အားမရှိတော့ဘူး။ တကယ်လို့ ဒီညမှ အဘွားကို သူတို့ ဘယ်မှာ ပစ်ထားကြမှာလဲ ။ အဘွားရဲ့ အိမ်က အေးသာယာရဲ့ အစွန်အဖျားနားလေးမှာ လို့တော့ သူငယ်ချင်းကပြောဖူးတယ်။ အဲ့နားလေးမှာ အိမ်ကောင်းကောင်းတွေမှ သိပ်မရှိတာ ။ပြီးတော့ အဖွားကလဲ တစ်ယောက်ထဲနေတာ ။

ကျွန်မ သေချာအောင်ထပ်မေးလိုက်ကြည့်တယ်။


ဘွား သုံးသောင်းဟုတ်လား ” ။ အဘွားက တိုးတိုးလေးပြောတယ် ” သုံးထောင်ပါကွယ် တကယ်လို့ သမီးလေး အဘွားစောင့်ရမယ်ဆို ဒီပိုက်ဆံလေးကို ပြန်ယူပြီး ပြည့်တဲ့အထိ စောင့်ပါ့မယ်” ဆိုပြီး ပေးထားတဲ့ တစ်ထောင်တန် လေး ကို ပြန်ထိုးပေးနေပါတယ်။ အဲ့ဒီတော့မှာ ကျွန်မမှာ ..

“ အော် သုံးထောင်လား သမီး တခါထဲ ပေးလိုက်ပါ့မယ် ခဏနော”ဆိုပြီး ကျွန်မ ဆိုင်ထဲပြန်ဝင်လာပြီး ပိုက်ဆံယူပြီး ပေးလိုက်ပါတယ်။

“ဒါဆို အဘွား ပြည့်သွားပြီနော်” လို့ ပြောလိုက်တယ်။


အဘွားက ပိုက်ဆံလေးကို တရိုတသေလေး ယူပြီး ဆုပေးပါတယ်။ ပေးပြီးတာနဲ့ ပိန်လွန်းပြီးခါးလေးနဲနဲ ကိုင်းနေတဲ့ အဖွားက ကျွန်မကို မော့ကြည့်လာပါတယ် ပြီးတော့ ကျွန်မလက်တွေကို ဖမ်းဆုပ်ပြီး ပြောပါတယ်..။


“သမီးလေးရယ်.. အဘွားကိုခေါ်ထားလို့ရရင် ခေါ်ထားပါလားကွယ် အဘွားကိုခေါ်ထားပါနော်” တဲ့။


အဘွားမျက်လုံးတွေကို ကျွန်မ စိုက်ကြည့်လိုက်မိတယ်. တိမ်နဲနဲလေး စွဲချင်နေတာလား အဘွားသူငယ်အိမ်တွေက ပြာနေတာလား။ အဲ့ခဏလေးအတွင်းမှာ ကျွန်မ အများကြီးတွေးလိုက်မိတယ်.။ အဘွားက ဘယ်နေရာမှာဆို အဆင်ပြေနိုင်မှာလဲ လို့ ။ ကျွန်မဘေးမှာ ကားသံတွေ မီးစက်မောင်းတဲ့ အသံတွေ အားလုံး ဘယ်နားရောက်သွားမှန်းမသိဘဲ ကျွန်မရဲ့ ကမ္ဘာကြီးက တိတ်ဆိတ်သွားတယ်။ ပြီးတော့ အဘွားကို ပြောလိုက်ရတယ်။


“ အဘွားရယ် .. မဖြစ်လို့ပါနော်၊ သမီးတို့ကလဲ သူများအလုပ်မှာ လခနဲ့ လုပ်ရတဲ့လူတွေလေ။ သမီး နေရာစုံစမ်းပေးပါ့မယ်နော် အဘွားနေလို့ရမယ့်နေရာကို သမီးတို့ စုံစမ်းပေးပါ့မယ်နော် ”


အဘွား က ခေါင်းလေးငြိမ့်ပြီး ကျွန်မကို နှုတ်ဆက်ပြီး ကျေးဇူးတင်ကြောင်းပြောပြီး ပြန်သွားပါတယ်။ သူအားကိုးတဲ့ ကျွန်မ သူငယ်ချင်းကိုလဲ သူလာသွားတယ်လို့ ပြောလိုက်ပါလို့ မှာသွားပါတယ်။

ကျွန်မ သူငယ်ချင်းပြန်လာတော့ အကျိုးအကြောင်းပြောပြတော့ သူက ကျွန်မကို ပိုက်ဆံသုံးထောင် ထုတ်ပေးတယ်။ ဘယ်ရမလဲ ။ကျွန်မလဲ ဒီကုသိုလ်ကြေးလေးတော့ ခွဲယူဦးမှပေါ့နော်။

“ အာ.. ရတယ် တကယ်လို့ ပေးချင်ရင်လဲ တစ်ထောင့်ငါးရာ ပဲပေးတော”့  လို့ ပြောလိုက်တယ်။


သူက ရီဖြဲဖြဲ နဲ့ စပါတယ်။ “ဘာလို့ ပေးရမှာလဲ ။ အစကထဲက ပေးပြီးသားကို ”တဲ့ ။

မျက်စောင်းထိုးလိုက်တော့မှ “ကဲကဲ ရော့ ထောင့်ငါးရာ”တဲ့ ။ ပြီးတော့ နှစ်ယောက်သား သက်ပြင်းချပြီး ရီလိုက်ပါတယ်။


အဘွားရယ် ဒီညတော့ အဘွားစောင်လေးနဲ့ အိပ်ရတော့မှာပေါ့နော်။ နောက်ရက်တွေ အဘွားလက်တွေ အေးစက်မနေတော့ဘူးနော်။



6/02/2009

ဆည်းဆာ..

ဆည်းဆာ..

စီးဆင်းနေသော မြစ်၏ နံဘေးတွင်
လွမ်းဆွေးနေသည့်
ကမ်းပါးတွေရှိသည် ။

တစ်ဦး နှင့် တစ်ဦး အချစ်မှန်လျင်
ငှက်ကလေးတွေပင်
အတူပျံသန်းခွင့် ရပါသည် ။

တစ်ခါရံ၌ တိမ်တွေလှပခဲ့သည်ကို
တစ်ဘ၀လုံး မျှော်တွေး၍
ကောင်း ကင် ငေး သူ ။

အဝေးမှ ညနေသည်
အတောင်ပါသော
အလွမ်းများပင် ဖြစ်သည် ။

ချစ်သူခြင်းပေါင်းရသော ကမ္ဘာ၌သာ
လူ အဖြစ်ကို ကျွန်တော် ရလိုသည်၊
ချစ်သူခြင်းပေါင်းရသော ကမ္ဘာ၌သာ
လူ့  အဖြစ်ကို ကျွန်တော် ရလို၏ ။ ။

မောင်သိန်းဇော် (ရွှေပွင့်လွှာ)....မှ


5/28/2009

အင်းလေးသို့ အလည်တစ်ခေါက်

ဒီပို့စ်လေးကို ရေးမယ်ရေးမယ်နဲ့ အချိန်ဆွဲတာများသွားလို့ပါ..ခုတော့တကယ်ရေးဖြစ်ပါပြီ..

အိမ်မှာနေတာများရင် နေမကောင်းချင်သလိုလိုဖြစ်တတ်တဲ့ ကျွန်မတို့ သူငယ်ချင်းတစ်စု အင်းလေးကို ညအိပ်အလည် ရောက်ခဲ့ပါတယ်။ ခရီးဝေးသွားချင်တာ မဖြစ်နိုင်လို့ တောင်ကြီးနဲ့ အနီးဆုံးနေရာကိုပဲ ရွေးဖြစ်ခဲ့ပါတယ်။ အင်းသူလေးတွေဖြစ်တဲ့ မယ်ပွင့်ရဲ့  မွေးနေ့ကို အမှတ်တရဖြစ်စေချင်တာရယ်၊ စင်ကပူကနေ ခွင့်ပြန်လာတဲ့ သဲဆုကို တွေ့ဖို့ အကြောင်းလေးတွေလဲ ပါခဲ့တာပေါ့လေ..။

အင်းလေးကို အသွားမှာ မယ်ပွင့်က လာကြိုလို့ ညောင်ရွှေလိုင်းကားလေးနဲ့ လေးယောက်သား သွားကြပါတယ်။ မေအိရယ်၊ သစ်လုံးရယ်၊ ထက်ထက်နဲ့ မယ်ပွင့်ပေါ့။ ငါးပေါတဲ့ အင်းထဲကို ဘာကိစ္စနဲ့ ငါးသေတ္တာကြီး တင်လာမှန်းမသိတဲ့ကားကို စီးမိလို့ တလမ်းလုံးငါးညီနံ့ကို ခံစားလိုက်ရပါတယ်။ ညောင်ရွှေရောက်တော့ ကျွန်မတို့ နေမယ့် မယ်ပွင့်ရဲ့ အိမ်က နန်းပန်ရွာမှာမို့ နန်းပန်ကိုသွားမယ့် စက်လှေကို စီးရပါတယ်။ အသွားမှာ ရွာတချို့ ကိုလည်းဝင်တာကြောင့် မရောက်ဖူးတဲ့နေရာတွေမို့ ကံကောင်းတယ်လို့ ဆိုရမှာပါ။ မယ်ပွင့်အိမ်ကို ရောက်တာနဲ့ အိမ်ရှေ့ လှေကားလေးမှာ ခြေထောက်လေးတွေ တွဲလောင်းချရင်း အရှေ့ဘက် ကန်ရေပြင်ကို ကြည့်ရင်း ညနေခင်းလေးကို အချိန်ဖြုန်းနေလိုက်ပါတယ်။ အင်းလေးကထွက်တဲ့ ရိုးရာမုန့်တွေနဲ့ ကျွန်မတို့ရဲ့ လုပ်ဖောက်ကိုင်ဘက် အစ်ကိုတွေထည့်ပေးလိုက်တဲ့ မုန့်တွေကို ကော်ဖီလေးနဲ့ အစပ်အဟပ်မရှိ စားရင်းနဲ့ပေါ့။ ကြွေမုန့်ကြွပ်ကို ကော်ဖီနဲ့တို့စားတာကတော့ ရူးကြောင်ကြောင် ကျွန်မသူငယ်ချင်း သစ်လုံးပါ။ တော်သေးတယ် ကိတ်ကို sauce နဲ့ တို့စားတဲ့ အထိမရူးသေးလို့ ။



စိတ်မကောင်းစရာ သတင်းတစ်ခုက ညနေမှောင်စမှာ ရောက်ချလာတာပါပဲ။ ခင်ရတဲ့ သူငယ်ချင်း ဘုတ်အီး မန္တလေးဆေးရုံမှာ ဆုံးသွားတဲ့ သတင်းပါပဲ။ သင်္ကြန်အပျော်ကောင်းလို့ ဆိုင်ကယ်ပေါ်က ကျရာကနေ ခေါင်းထဲသွေးယိုတယ် လေပါဖြတ်သွားလို့ မန္တလေးကို ပို့ခဲ့ရတာပါ။ ချက်ချင်းတောင်ကြီးပြန်ခေါ်ခဲ့တာမို့ ညတစ်နာရီဆို ရောက်ပါပြီ တဲ့ ။ မယ်ပွင့်တစ်ယောက် ငိုချင်ရဲ့ လက်တို့ ဖြစ်နေပါပြီ။ ဘုတ်အီးဆိုတာ မယ်ပွင့် ကျောင်းလစ်တာများလို့ အုပ်ထိန်းသူခေါ်ပြီး လက်မှတ်ထိုးရပြီဆိုတဲ့အခါတိုင်း အစ်ကိုအတုလုပ်ပေးနေကြပါ။ စိတ်ထားကောင်းတဲ့ သူငယ်ချင်းတစ်ယောက် နှုတ်မဆက်ဘဲ ထွက်သွားခဲ့ပြန်ပါပြီ။

ခက်တာက ည၁၂နာရီရောက်တော့ စကားများလို့ဝလို့Twilightကို နှစ်ယောက်သားကြည့်နေတုန်း ကြောက်လာတာပါပဲ။ ၄ယောက်လုံး တိုးဝှေ့ အိပ်ဖို့ ခင်းထားတဲ့ အိပ်ယာမှာ အိမ်ရှင်က ကြောက်လို့ အလယ်အတင်းလုပြီး အိပ်တဲ့အထိပါပဲ။ အင်းထဲက ညဆို ပူလို့ ပြတင်းပေါက်တွေကို ဖွင့်ပြီးအိပ်မလို့ ပြင်ထားပါတယ်။ ကြည့်မိတဲ့ဇာတ်ကားကလဲ ချောက်ချားစရာ နဲနဲကောင်းတာမို့ နှစ်ကောင်သားအိပ်မှပဲ ဆိုပြီး တီဗီပိတ်ပြီး အိပ်စပြုတုန်း လေမပြင်းရဘဲ ဖွင့်ထားတဲ့ ပြတင်းပေါက်၃ခုလုံး တပြိုင်ထဲ ပိတ်သွားတဲ့ အချိန်က ညတစ်နာရီလောက်ရှိနေပါပြီ။ ဆံပင်မွေးထောင်လောက်အောင် လန့်ဖြန့်ပြီး တံခါးပေါက်တွေ ဂျက်ချပြီး ဇွတ်အိပ်ရတော့တာပါပဲ။ နောက်နေ့မှာတော့ မယ်ပွင့်တစ်ယောက် ရောက်လေရာဘုရားမှာ ဘုတ်အီးအတွက် ကုသိုလ်လုပ်တော့တာပါပဲ။

နောက်နေ့က ဖောင်တော်ဦးဘုရားဈေးမှာ သဲဆုကိုချိန်းပြီး ဘုရားဖူး၊ဈေးလည်ပေါ့။ ဈေးထဲမှာ ထူးဆန်းတာတစ်ခု တွေ့ခဲ့တယ်။ မီးဖုတ်ထားတဲ့ မြေကျစ်ခဲတွေကို ရောင်းတာပဲ။ ၀ယ်တဲ့သူကလဲ ၀ယ်တယ်။ နို့ဆီဗူးနဲ့ ခြင်ရောင်းတာပဲ။ စားကြတာလို့ပြောတယ်။ လက်ပွေ့ ဈေးသည် ဦးလေးကြီက ”မြေကြီးကနေ ပိုက်ဆံဖြစ်တယ်နော”လို့ ပြောမိလို့ ရောင်းတဲ့ ပအိုဝ်းမကြီးက “ဒါဆို နင်လဲတွေ့ကရာ မြေကြီး ကို မီးဖုတ်ရောင်းပါလား ရောင်းရလားလို့ ”လို့ ပြန်ပြောလို့ အဲ့ဒါကိုကြည့်ပြီး ရီမိခဲ့ပါသေးတယ်။ ဘုရားအောက်ဘက် အမှတ်တရပစ္စည်းအရောင်းဆိုင်တွေမှာ အားရပါးရ မွှေလို့ ၀တော့ သဲဆုအိမ်က လာကြိုမယ့် စက်လှေကို ဘုရားအနောက်ဘက်လှေကားမှာ ထိုင်စောင့်ကြပါတယ်။ မယ်ပွင့်ကတော့ တကယ့်ကို ကံထူးရှင်ပါပဲ။ ဘုရားဖူးတစ်ယောက် အုန်းသီးတွေမနိုင်မနင်းသယ်လာရာက လွတ်ကျလို့ လိမ့်ဆင်းလာပြီး မယ်ပွင့်ခေါင်းကို တိန်ခနဲပါပဲ။ သနားစရာသူငယ်ချင်းလေး နေ့ခင်းကြောင်တောင် ကြယ်တွေလတွေမြင်ပြီး အာလူးဘူးသီး ထသွားရှာတယ်။



သဲဆုရဲ့ အိမ်က ဖောင်တော်ဦးဘုရားနဲ့ သိပ်မဝေးတဲ့ ရွာကြီးမြောက်ရွာမှာပါ။ သူ့အိမ်မှာ သဘောကောင်းတဲ့ သူတို့ ညီအစ်မတွေ ဧည့်ခံတဲ့ အင်းထဲက မုန့်မျိုးစုံကို အရသာခံ၊ မယ်ပွင့်များသမျှ စကားကြောမှာမျောပြီး ညနေစောင်းမှာ ဘီလူးချောင်းဘက်ကို ရောက်ခဲ့ပါတယ်။ လောပိတရေအားလျှပ်စစ်ဆီကို ရောက်တဲ့ ဘီလူးချောင်းဖြစ်မယ့် ချောင်းငယ်လေးပဲ ရှိပါသေးတယ်။ လယ်ကွင်းစိမ်းစိမ်းတွေကို ဖြတ်သွားရတာ တကယ် အေးမြလတ်ဆတ်နေတာပါပဲ။ အဲ့ဒီအချိန် တောင်ကြီးက သူငယ်ချင်းတွေ ဆက်လာတဲ့ဖုန်းကြောင့် အီလည်လည် ဖြစ်ရပါသေးတယ်။ ဘာတဲ့?

“ မယ်အိ နင်တို့ ခုဘယ်ရောက်နေတာလဲ လှေပေါ်မှာလား အိမ်မြန်မြန်ပြန်နော် တောင်ကြီးမှာ မိုးရွာနေတာ မုန်တိုင်းကျနေတဲ့ အတိုင်းပဲ။ အဲ့မှာ မိုးရွာချလာရင် လှိုင်းအရမ်းထမှာ ..။ စိတ်ပူတယ် ငါတို့ကို တသက်လုံး သတိရနေအောင် မလုပ်နဲ့” ဆိုပဲ။ စိတ်ပူပေးလို့ ကျေးဇူးတင်ပါတယ် ဒါမယ့် ပြောတာကြီးက.. ဟွန့်..။ အဲ့နေ့ညက လမင်းကြီးကတော့ အရမ်းလှပါတယ်။ ကြယ်ကလေးတွေတော့ မရှိကြဘူး။ အင်းသားတွေက သီချင်းဆိုတာလဲ ကောင်းတယ်။ ဂီတာတီးတာလဲ တော်သားပဲ။ မရွှေထက်ကတော့ အင်းထဲက ဖန်စီဆွဲကြိုးတွေကို လက်ဆောင်ထည့်ပေးဖို့ ရွေးရင်း မမောနိုင်အောင်ပါပဲ။ သူပေါချောင်ကောင်း နှိုက်နေတာလေ မသိရင်ခက်မယ်။


တတိယနေ့ကတော့ သတ္တိခဲတွေပါပဲ။ အိမ်ရှေ့ မှာ လှေလှော်ထွက်ကြတာပေါ့။ မယ်ပွင့်ကလွဲလို့ ဘယ်သူမှရေမကူးတတ်ဘူး။ သူတောင် ဟိုတိုင်ဖက် ဒီတိုင်ဖက်လောက်ပဲရတာ။ သူတို့အိမ်ရှေ့ စက်လှေအများဆုံးသွားတဲ့ ရေပြင်ကိုကျော်ပြီး ဟိုးဘက်ခရမ်းချည်သီးစိုက်တဲ့ ကျွန်းမျောတွေ အထိရောက်ခဲ့သေးတယ်။ ပြန်တွေးရင် လန့်စရာကြီး။ ကြာတောပါရောက်သေးတယ်။ ကြာဖြူ ကြာနီတွေနဲ့။

နေ့လယ်ရောက်တော့ သူတို့ရွာက အလိုတော်ပေါက် ဘုရားကိုဖူးပြီး အိမ်ရှေ့ နားကပဲ Golden Kite မှာ မယ်ပွင့်ရဲ့ မွေးနေ့ပွဲ အဆက်ကိုလုပ်ခဲ့ပါတယ်။ ၃ရက်နေ့ မွေးနေ့ပွဲရဲ့ အဆက်ပါ။ တကယ်တော့ တောင်ကြီးမှာ ပီဇာ မရလို့ အဲ့မှာစားကြည့်တာပါ။ တကယ်တမ်းကြတော့လည်း ညနေပိုင်း သဲဆုတို့ အမေရဲ့  ငါးထမင်းက ပိုကောင်းပါတယ်။ အစာကြေဆေးသောက်ပြီး မထနိုင်လောက်အောင်ပါပဲ။ ပြီးတော့ ရွာထဲကိုလိုက်လျှောက်ကြည့်ဖြစ်ပါတယ်။ ၀က်မဲမဲလေးကိုတွေ့တော့ သစ်လုံးက ကင်မရာမယူလာရတာ နာတယ်လုပ်ပါလေရော။အဲ့လိုပဲလေ မျိုးချစ်စိတ်ဓါတ်ဆိုတာ။ နေစောင်းတော့မှ သဲဆုကို နှုတ်ဆက်ပြီး သူ့ဆီကပြန်တော့ ကျွန်မနဲ့ မယ်ပု ငိုမဲ့မဲ့နဲ့ပါ။ သူက ငုတ်တုတ်လေးထိုင်ပြီး လက်ပြနေခဲ့တာလေ။ နောက်ရက် စင်ကပူကို ပြန်တော့မှာပေါ့။ အဲ မွှေးမွှေးအပြန်အလှန် ပေးခဲ့သေးတယ်။ ငိုချင်လာပြီ ပြောရင်းဆိုရင်းနဲ့ ။


မနက်ဖြန်မနက်ဆို ပြန်ရပါပြီ။ ဒီနေ့ည အထုပ်အပိုးတွေပြင်ရင်းနဲ့ အလုပ်ရှုပ်သွားတယ်။ စောစောလဲ အိပ်ရတယ်။ နောက်နေ့က နန်းပန်ဈေးတဲ့။


မနက်ဝေလီဝေလင်းမှာ ဘေးအိမ်က စက်လှေနဲ့ ဈေးကုန်း ကို သွားကြပါတယ်။ နာမည်ကြီး အင်းမုန့်တီကလဲ စားလို့တော်တော်ကောင်းတယ်။ အောက်က ပုံကတော့ သစ်လုံးရဲ့ မကျေပွဲလေးပါ။ ဈေးထဲက ၀က်ကလေးပေါ့။ သစ်လုံးနာမည်ပေးထားတာက “ ၀က်အိုဘားမား” တဲ့။



နန်းပန်ဈေးရဲ့ လှေဆိပ်က လှေတွေတော်တော်များတယ်။ ၀ါးဈေးဘက်မှာလဲ စည်လို့။ ထက်ထက်လုပ်လို့ လန့်ရသေးတယ် “ဟယ် ဟိုဘက်မှာ အုတ်ဂူတွေတော့“ ဆိုလို့ ကြည့်လိုက်တော့ ဘယ်ကလာ နွားတွေ ဖင်ဖြူဖြူတွေပဲ မြင်နေရတာကို အုတ်ဂူဖြစ်အောင် ပြောသေးတယ်။ နန်းပန်ဈေးက အင်းထဲရဲ့ အကြီးဆုံးဈေးလို့ ပြောပါတယ်။ လူသုံးကုန်ပစ္စည်းတော်တော်စုံတယ်။ စားသောက်ဆိုင်လဲ ပေါတယ်။ နေမြင့်တော့ မယ်ပွင့်ရဲ့ အဖေအမေ တားနေတဲ့ကြားနေ နှုတ်ဆက်ပြီး ကျွန်မတို့ သုံးယောက် ပြန်ခဲ့ပါတယ်။ မယ်ပွင့်ကို ဈေးမှာ ထားခဲ့ပြီးတော့ပေါ့။ အလာတုန်းကလောက် မတက်ကြွတာ အမှန်ပဲ။ သီတင်းကျွတ် တစ်ခေါက် လာပြန်လည်ဦးမယ်လို့ တေးထားမိတယ်။ တွေ့ကရာ အိပ်ပျော်တတ်တဲ့ သစ်လုံးက လှေပေါ်မှာ တစ်ရေးရနေပြီ။ ကျွန်မနဲ့ ထက်ထက်နဲ့ကတော့ အင်းလေးရဲ့  လူတန်းစားကွာဟချက် ကြီးမားတဲ့ အကြောင်း၊ အဓိက က ပညာရေးက လူနေမှု အဆင့်အတန်း မြင့်မားအောင် လုပ်ပေးနိုင်ကြောင်း၊ အိမ်ခြေများလာလို့ အင်းလေးရေပြင် သန့်ရှင်းဖို့ နဲ့ ကျန်းမာရေး အသိတိုးတက်လာအောင် အကောင်အထည်ဖော်ပေးနိုင်မယ့် အဖွဲ့ အစည်းတွေ လိုနေသေးကြောင်း စတဲ့ စကားကြီးစကားကျယ်တွေကို ပြောနေမိခဲ့ပါတယ်။






ညောင်ရွှေကိုရောက်တော့ အိမ်အတွက် ညောင်ရွှေဘီးမုန့်ဝယ်၊ တောင်ကြီးသွားမယ့် ကားလေးပေါ်မှာထိုင်လိုက်တော့မှ ကျွန်မတို့ သုံးယောက်ရဲ့ အမည်မသိရောဂါက ပိုးသေတော့ပါတယ်။ လည်လို့ဝပြီ။ နောက်နေ့ ခြေငြိမ်မှ ရတော့မယ် လို့လဲ သိလိုက်ပါတယ်။ ကဲ ကားလေးကလဲထွက်တော့ ဒီမှာပဲ ခရီးတိုလေးက အဆုံးသတ်ခဲ့ပါတယ်။ ဘ၀တိုတိုလေးမှာ ပျော်စရာကောင်းတဲ့ ခပ်ရိုးရိုးခရီးတိုတိုလေးက အမှတ်တရပါပဲ။ ဘ၀အမောတွေ ခဏလေး မေ့ခဲ့မိတဲ့ အချိန်လေးပေါ့။ဲ



3/15/2009

THE MOON : THE LOVE


It may not give you warmth,
it is still there watching you.
It may not show you all the time,
it is still watching you
It doesn't always smile,
it is still watching you.
Thou you did not watch it,
it is still watching you
However you take cover from it,
it will still watching you.....


Kori

(Thanks for permission to post this poem.)

3/05/2009

သင့်ဖူးစာရှင်အကြောင်း

ဒါလေးကတော့ ကိုယ်ချစ်တဲ့သူရဲ့ မြန်မာမွေးသက္ကရာဇ်နဲ့ ဘာနေ့သားသမီးလဲ ဆိုတာသိရုံနဲ့ တွက်လို့ရပါတယ်။ မြန်မာမွေးသက္ကရာဇ်ကိုတည်၊ ၇ နဲ့စား အကြွင်းကနေယူပေါ့။အကြွင်းဆိုတာက အလယ်တိုင်က အောက်ဆုံးဂဏန်းကိုပြောတာပါ။ကိုယ်ကြွင်းတဲ့ဂဏန်းက အလယ်တိုင်ရဲ့ အောက်ဆုံးးမှာ၇ှိနေရင် အဲ့ဒါကိုယ့်ရဲ့မွေးဇာတာပါပဲ။

မိန်းကလေးဆိုရင် (၆)နေရာ ကိုကြည့် ၊ယောကျာ်းလေးဆိုရင် (၃) နေရာကို ကြည့်ပါ။ ဥပမာ - ၁၉၈၆ မွေးတဲ့ မိန်းကလေးရဲ့ မြန်မာသက္ကရာဇ်ဟာ ၁၃၄၇ ဖြစ်နိုင်သလို ၁၃၄၈ လဲဖြစ်နိုင်ပါတယ်။ လွယ်လွယ်လေးမှတ်ထားရမှာက သူဟာ တန်ခူးနောက်ပိုင်းမွေးရင် ၁၃၄၈ ပေါ့။ အကြွင်း (၇)ကို ဒီမှာ (၀) လို့ရေးတယ်နော်။

မြန်မာနှစ်တရာ ပြက္ခဒိန်လိုချင်ရင် ဒီမှာ နှိပ်ပြီး download ယူလိုက်ပါ။ ပြီးရင် ကိုယ့်စက်ထဲ install လုပ်ပြီး start ထဲက all program မှာ SAME CALENDAR ဆိုတာရွေးလိုက်ပါ။ ပေါ်လာတဲ့ calendar ထဲက ကိုယ့်ရဲ့ အဂ်လိပ် နှစ်နဲ့ လကိုရွေးပေးလိုက်ရင် ကိုယ့်ရဲ့ မြန်မာမွေးနေ့နဲ့ ခုနှစ်ကို ဘယ်ဘက်မှာ ရှာကြည့်လို့ ရပါပြီ။


ဒါကတော့ သူ့ရဲ့ တည်ရှိတဲ့နေရာလေးတွေပါ။







(၄)ကြွင်းလို့ သောကြာ(၆)ဟာ သိုက်နေရာမှာရှိတယ်။ ဒါကြောင့်မို့ ဒီမိန်းကလေးဟာ စိတ်ထားကောင်းသူနဲ့ရမယ်။ခင်ပွန်းအကျိုးခံစားရမယ်။ အိမ်ထောင်ရေးသာယာခိုင်မြဲမယ်။







(၁)ကြွင်းလို့ သောကြာ(၆)ဟာ ရာဇ နေရာမှာရှိတယ်။ထင်ရှားကျော်ကြားသူနဲ့ရမယ်။






သောကြာ (၆)ဟာ အဓိပတိမှာရှိလို့ မိမိထက်အသက်ကြီးသူနဲ့ ရတတ်တယ်။ အသက်ငယ်သူကိုရရင် အိမ်ထောင်ရေးမမြဲတတ်ဘူး။





(၆)ဟာ မရဏမှာရှိလို့ ရည်းစားဦးနဲ့ ရှင်ကွဲ (သို့) သေကွဲ ကွဲရတတ်တယ်။ ပထမရည်းစား (သို့) ပထမအိမ်ထောင် ပျက်စီးတတ်တယ်။





ဒီမိန်းကလေးအဖို့ ပုတိမှာရှိလို့ ခင်ပွန်းအကျိုးကျေးဇူး မခံစားရတတ်ဘူး။ အိမ်ထောင်ဆက်များတတ်တယ်။





ဘင်္ဂမှာရှိလို့ အိမ်ထောင်ဘက်ကို မိမိကသာပေးဆပ်ရမယ်။ခင်ပွန်းကျေးဇူး မခံစားရတတ်ဘူး။





အထွန်းမှာရှိလို့ ပညာတတ်သူ ဥာဏ်ကြီးသူနဲ့ ရတတ်တယ်။ ကတော်ဖြစ်တတ်တယ်။





ဒါကတော့ သူဘာနေ့သားလဲ သိရင် ကိုယ့်ဇယားမှာကြည့်လိုက်တာနဲ့ သူ့နေရာကို တိုက်ကြည့်လိုက်ပြီး သူ့ကိုသိနိုင်ပါပြီ။

ဒီနေရာမှာ ကိုယ့် ချစ်သူက တနင်္ဂနွေ သားဆို ကိုယ့်ဇယားမှာ ၁ နေရာကိုကြည့်ပါ။တနင်္လာဆို ၂ ၊ အင်္ဂါ ၃ ၊ ဗုဒ္ဓဟူး ၄ ၊ ကြာသပတေး ၅ ၊သောကြာဆို ၆ နဲ့ စနေဆို ၇ သို့မဟုတ် ၀ တို့ ပဲ ဖြစ်ပါတယ်။သူ့ဘက်ကနေ ကိုယ်က တွက်ကြည့်ချင်ရင် သူ့ဇယားမှာ ကိုယ့်နေ့နံကို ကြည့်ပေါ့။ အဆင်ပြေကြပါစေနော်။

--> -->၄ကြွင်းတဲ့ မိန်းကလေးရဲ့ ချစ်သူဟာ ကြာသပတေးသားဖြစ်မယ်ဆိုရင် (၅)ဂဏန်းဟာ ပုတိမှာရှိပါတယ်။
ပုတိမှာ ချစ်သူမွေးနာမ်ရှိလို့ ကိုယ်ကပေးဆပ်ချစ်ရမယ့်သူ ဖြစ်ပါတယ်။
မနာလိုကဲ့ရဲ့ ရှုတ်ချတဲ့ပတ်ဝန်းကျင်၊ ဆွေမျိုးဒဏ်ကို မရှုမလှခံရမယ်။
အတော်ကြီး ကြိုးစားမှ ကြီးပွါးအောင်မြင်မယ်။ ချစ်သူက သ၀န်တအားကြောင်မယ်။
စကားတကျက်ကျက် များမယ်။ ဒါပေမယ့် ခဏပဲ၊ သားသမီးကောင်းရမယ်။

ဘင်္ဂမှာရှိရင် ပြောဆိုမရတဲ့သားသမီးတွေ ရတတ်တယ်။
အိမ်ထောင်ပြုကာစ သာယာပေမယ့် ၄နှစ်လောက်ကြာရင် အခြေအနေ ယိုယွင်းလာမယ်။
အိမ်ထောင်ရေးသာယာရင်လည်း လင်ဖြစ်ဖြစ် မယားဖြစ်ဖြစ် တရှောင်ရှောင် နေမကောင်းဖြစ် ရောဂါထူမယ်။
မင်္ဂလာမဆောင်ရဘဲ အိမ်ထောင်ကျတတ်တယ်။ အိမ်အို အိမ်ဟောင်းမှာ နေရတတ်တယ်။

မရဏမှာရှိရင် ဒီချစ်သူဟာ ခရီးသွားရင်းဖြစ်စေ၊ မခံချင်စိတ်ကြောင့် အရွဲ့တိုက်ချစ်မိခြင်း ဖြစ်မယ်။
အိမ်ထောင်ပြုပြီးလို့ မောင်တရွာမယ်တမြို့ဖြစ်နေရင် ရှင်ကွဲ သို့မဟုတ် သေကွဲ ကြုံရတတ်တယ်။
သင့်ချစ်သူဟာ ပရမ်းပတာ စည်းကမ်းမရှိတဲ့အပြင် အရိပ်သုံးပါးလဲ နားမလည်ဘူး။
အဲ့ဒီနေ့ ဖွားနဲ့ရရင် ရန်ဖြစ်ရင် ပစ္စည်းတွေပေါက်ခွဲတတ်တယ်။ ဘေးပတ်ဝန်းကျင်ရဲ့ အနှောင့်အယှက် ခံရမယ်။

ချစ်သူ့မွေးနာမ်ဟာ အထွန်းမှာရှိရင် စီးပွားဖြစ်မယ်။ ချမ်းသာမယ်။ သားသမီး လိမ္မာလေးတွေရမယ်။
သင့်ချစ်သူဟာ လှချင်ရင် တအားလှအောင် ရှိုးသနေတတ်ပြီး တခါတခါ ဘိုသီဘတ်သီ ကပိုကရို မပြင်မဆင်ပြန်ဘူး။ ချစ်သူဟာ သင့်ထက် ရုပ်ရည်သာရင်သာ မသာရင် ဥစ္စာ ဒါမှမဟုတ် ပညာသာနေလိမ့်မယ်။
လူရှေ့မရှောင် စကားကတော်ကဆ ရန်ဖြစ်တတ်တယ်။

ချစ်သူမွေးနာမ် သိုက်မှာရှိရင် သင့်ချစ်သူဟာ စကားတတ်စကားပြောကောင်းမယ်။ သင့်ကိုဆရာ လုပ်သြဇာပေးမယ်။ လက်ထပ်ပြီးရင် စီးပွားဖြစ်မယ်။ အေးဆေးတည်ငြိမ်မယ်။သာသမီးဦးရေများမယ်။ အခြံအရံ ဆွေမျိုး မိသားစုနဲ့နေရမယ်။နှစ်ဘက်မိဘဆွေမျိုးတွေက ပံ့ပိုးပေးကမ်းမယ်။

ရာဇမှာရှိရင် တစ်ယောက်နဲ့တစ်ယောက် မကြာခဏ စကားများမယ်။ သူက သြဇာပေးဆရာလုပ်မယ်။ ဇီဇာကြောင်မယ်။ မာနကြီးမယ်။ အရွဲ့တိုက်မယ်။ ဇွတ်ခိုးပြေး လက်ထပ်ရတတ်တယ်။ နှစ်ဘက်မိဘ ဆွေမျိုးပြေလည်အောင် မနည်းညှိရမယ်။
အောင့်သက်သက်နဲ့ ပေးစားခံရမယ်။ ရန်ခဏခဏ ဖြစ်မယ်။ ကြင်နာမှုရှိမယ်။

အဓိပတိမှာရှိရင် ချစ်သူက သင့်အပေါ် အနစ်နာခံမယ်။ လူကြီးလူကောင်းဆန်မယ်။ ချစ်ခင်ယုယမယ်။
သူနဲ့ယူရင် စီးပွါးဖြစ်မယ်။ အလှူဒါယကာ ၊ ဒါယကာမ ဖြစ်မယ်။ ပြေလည်ရင် အရမ်းပြေလည်မယ်။ရန်ဖြစ်ရင် အရမ်းရန်ဖြစ်မယ်။စိတ်ဒုက္ခပေးမယ့် သားသမီး ပြောရဆိုရခက်တဲ့ သားသမီးတွေ ရမယ်။



-->