4/30/2010

သနပ်ခါးပျက်လာတဲ့ သူငယ်တန်းကျောင်းသူ

-->
ဆရာ နေ၀င်းမြင့်ရဲ့ `ကျောင်းပို့သူများ´ ၀တ္ထုတို ကို Idea မှာဖတ်လိုက်ရတယ်။ ဆရာက William Saroyan ၏ ‘The first day of school’ ၀တ္ထုတိုကလေးကို ဖတ်ရလို့ရေးတယ်လို့ ပြောထားပါတယ်။ ဖတ်ရင်းနဲ့ ကျမလည်း ငယ်ငယ်တုန်းက ကျောင်းတက်စပုံရိပ်တွေကို မြင်ယောင်လာမိတယ်။
ကျမငယ်ငယ်တုန်းကတော့ ကျောင်းတက်ချင်လွန်းလို့ ပူဆာပြီးတက်ခဲ့တာပါ။ ကျောင်းပျော်တနှစ်ပါပေါင်းပြီး သူငယ်တန်း ကိုပဲ ၂ခါ နေခဲ့တာပေါ့။ အန်တီက ကျူရှင်ဆရာမဆိုတော့ ကျမတို့အိမ်မှာ ကလေးတွေနဲ့ ပြည့်နေတတ်တယ်။ ကျမကို အန်တီကထိန်းလာတာဆိုတော့ အဲ့ဒီထဲမှာပဲ ကြီးရတာပေါ့။ ကျမ အသက်၂နှစ်နဲ့ ၀လုံးစ၀ိုင်းပြီး တော့ ၄နှစ်မှာပဲ ၁ တန်းစာ အထိ ရေးတတ်ဖတ်တတ်ပါပြီ။ အတန်းကျော်ပေးမတတ်လို့ သူငယ်တန်းကိုပဲ ၂ခါနေခဲ့ရတာပါ။
ကျမက ၄နှစ်ကလောက်စပြီး ကျမကလေးဘ၀တချို့တစိတ်ကို မှတ်မိပါတယ်။ ပထမဆုံးကျောင်းမတက်ခင် ညနေက ကျမအဒေါ် ( ကျမမှာ အဒေါ် ၂ယောက်က၇ှိပါတယ် .. အဒေါ်အကြီးကို အန်တီငယ်လို့ ခေါ်ပြီး အငယ်ကို အန်တီမူလို့ ခေါ်ပါတယ်) အန်တီငယ်နဲ့ အိမ်ရှေ့မှာ ကလေးတွေ ကျောင်းဆင်းလာတာကို ထိုင်ကြည့်နေခဲ့ပြီး လွယ်အိတ်အစိမ်းလေးကို ကိုင်ပြီး `သမီးလဲ ကျောင်းတက်ချင်ပြီ´ လို့ပြောခဲ့ပါတယ်။ နောက်နေ့မှာ အန်တီက ကျောင်းကိုခေါ်ပြီး ကျောင်းအုပ်ကြီးဆီ သွားတွေ့ပြီး ဒေါ်ရီရီခင် လို့ခေါ်တဲ့ဆရာမ အတန်းမှာ တက်ရပါတယ်။ ကျွန်မရဲ့ ပထမဆုံးသူငယ်ချင်းနာမည်က `မြနန္ဒာ´ တဲ့။ နောက်တယောက်က `ခိုင်ဝတ်ရည်စိုး´ လို့ခေါ်ပြီး သူ့မျက်နှာပေါ်က အမဲရောင်အမှတ်အကြီးကြီး ကို ခုထိမျက်စိထဲမှာ မြင်ယောင်နေမိသေးတယ်..။ ကတုံးဆံပင်ပေါက်လေးနဲ့ ။
ကျောင်းပျော်အတန်းထဲမှာ ကျွန်မက စာမေးပွဲမဖြေရပါဘူး။ သူတို့တွေ စာမေးပွဲဖြေရင် ဆရာမက သူနဲ့တူတူ စောင့်ခိုင်းပါတယ်။ ကျွန်မကလည်း ဆရာမပုံစံအတိုင်း တုတ်တချောင်းနဲ့ ရှေ့လျှောက်နောက်လျှောက် လုပ်တတ်ပါတယ်။ စာတိုင်ပေးရပြီး သိပ်ဆော့ရမှန်း မသိသေးပါဘူး။ကျွန်မရဲ့ ပေတံကိုချိုးချိုးပြီး ဖွက်ထားတဲ့ စိတ်ပုတ်တဲ့တယောက်ကိုလည်း သိရဲ့နဲ့ ငြိမ်နေခဲ့၇တယ်။ အင်း ခုလည်း အဲ့တုန်းကလို မတရားဘူးထင်ရင် ကတ်ကတ်လန်ပြန်မပြောဘဲ တိတ်တိတ်နေသင့်တာတွေ နေတတ်ရင်ကောင်းမှာ။
တကယ့်သူငယ်တန်းရောက်တဲ့ နှစ်မှတော့ သူငယ်တန်းပါးနဲနဲဝ နေပါပြီ။ စာမေးပွဲဖြေရင် သူငယ်ချင်းနဲ့တူတူမထိုင်ဖြေရရင် ကျွန်မစာမေးပွဲ မဖြေလို့ အန်တီငယ်က အပြင်ကနေ တုတ်ပြပြီး ဖြေခိုင်းရပါတယ်။ ကစားဆင်းတွေမှာ အတန်းထဲက ယောကျာ်းလေးတွေနဲ့ လျှောသွားစီးပါတယ်။ အိမ်ကသိမှာစိုးလို့ စကတ်ကိုတိုတိုလေးမပြီး စီးပါတယ်။ အိမ်ပြန်ရောက်တော့ ဘောင်းဘီတိုတွေမှာ ပေပွနေရင်တော့ အန်တီမူရဲ့ အစစ်အဆေးကို ခံရပါတော့တယ်။ အမှတ်ရစရာတခုက ကျွန်မနဲ့လျှောသွားစီးနေကျ ကောင်လေးက ဖက်ဖက်နမ်းလို့ အန်တီမူလိမ်းပေးလိုက်တဲ့ သနပ်ခါးပျက်ရတဲ့ ကိစ္စပါပဲ။ သူလိမ်းပေးလိုက်တဲ့သနပ်ခါးက ထမင်းစားမဆင်းခင်ထိဘာကြောင့်မရှိရတာလဲ လို့မေးပါတယ်။ အဲ့ကတုံးလေးက ဖက်နမ်းလို့ပါ လို့ဖြေတော့ အင်မတန်စွာတဲ့ ကျွန်မအဒေါ်တွေက အဲ့ကောင်လေးအမေကို ကျောင်းပို့တဲ့အချိန်မှာ တိုင်ပါတော့တယ်။ ဟိုကလဲ ကျွန်မသားလေးက ညီမလေးလိုချင်နေလွန်းလို့ ချစ်လို့နေမှာပါ ဆိုတော့မှ နောက်တခါ မနမ်းအောင် ပေးထားပါတဲ့။ ကျွန်မ ကျောင်းတက်တဲ့ တလျှောက်မှာ အဲ့လို သူကျောင်းထိလိုက်ပြီး တိုင်တဲ့ ကိစ္စတွေလဲ မနည်းပါဘူး။ ရီးစားစာကိစ္စ၊ ကျွန်မမောင်လေးရဲ့ နက်ကတိုင်ကို ဆွဲဆောင့်တဲ့ကိစ္စ အစသဖြင့် ပေါ့။ အဲ ကျွန်မ ဆယ်ကျော်သက်အရွယ်က အဒေါ်နှစ်ယောက်နဲ့ပြီး ဘုန်းကြီးကျောင်းသွားတာတောင် နောက်ကလိုက်လို့ သူတို့နှစ်ယောက် ထီးနဲ့လိုက်ခေါက်တဲ့ထိတောင် ပြသနာတတ်ဖူးတယ်။ဒုတိယအဒေါ်က ကျွန်မ၁၀တန်းနှစ်ပြီးမှ သူတာဝန်ကျေတယ်ယုဆလားမသိပါဘူး အဲ့တော့မှပဲ အိမ်ထောင်ပြုသွားပါတယ်။
ကျွန်မတို့ကို စာသင်ပေးတာက အဒေါ်အလတ် အန်တီငယ်ပါ။ မောင်လေးကို မူကြိုထားမိလို့ အပျော်မက်သွားတယ်လို့ သူကပြောပါတယ်။ တခါတခါကျောင်းတက်နေရင်းနဲ့ မောင်လေးတို့ မူကြိုနားကို သွားပြီးသူတို့ကဗျာရွတ်တာ ကျွန်မသွားသွားနားထောင်ဖူးတယ်။ သူတို့အခန်းက သိပ်ပျော်စရာကောင်းတယ် လို့ပြောတိုင်း အန်တီငယ်က စာမှမသင်တာလို့ ပြန်ပြောတတ်ပါတယ်။ A Apple ပန်းသီးဟာ လူလေးစားစရာ ဆိုတဲ့ကဗျာကို ကျွန်မဆိုတတ်ချင်လွန်းလို့ သွားနားထောင်ခဲ့တာပေါ့။ ခုထိလည်းအလွတ်ရတယ်။ အန်တီမူ့ သမီးလေး (အသက်၂၀ ကွာတဲ့တ၀မ်းကွဲ ညီမလေး)ကို သင်ပေးထားတယ်။ ခု သူ့ကိုလဲ သူ့ကြီးကြီး က စာသင်ပေးနေရတုန်းပေါ့။ ခုနှစ် သူလဲ သူငယ်တန်းတက်မယ်လေ။
ကဗျာတပုဒ်မှာ ဖတ်ဖူးတယ် ..။ ဘလော့တခုမှာပဲ အစလေးပဲမှတ်မိတယ် .. သဘောကျလို့ အလွတ်ရနေတာ..။
ကကြီး ခခွေး ငါတို့ရေး
Aရယ် B ရယ် တို့ရေးခြယ်
ပညာတတ်ကြီး ဖြစ်ဖို့ကွယ်..
ဆရာကြီးလဲ လာခဲ့ပါ။
ဆရာမကြီးလဲ လာခဲ့ပါ။
စာတွေရတဲ့ ဒီနေ့မှာ
မီးမီးလေးကို မုန့်ကျွေးပါ တဲ့။
ကျွန်မငယ်ငယ်တုန်းက ကျောင်းကနေ ကလေးတွေကို စတုဒီသာ ကျွေးရင် ဘူးတွေခွက်တွေ ယူခိုင်းတတ်ပါတယ်။ ဘယ်တော့မှ မယူပါဘူး။ တန်းစီပြီး မုန့်ယူရမှာ ရှက်လို့ပါ။ သိပ်ပြီး ဇီဇာကြောင်တတ်တာ ငယ်ကတည်းကထင်ပါတယ်။
တခါတခါတွေးမိပါတယ်။ ညီမလေးအလှည့်ကျရင် ငိုပြီးမတက်ချင်ဘူးဆိုပြီး ပြန်လာမလား ဒါမှမဟုတ် ကျွန်မတုန်းကလို ဟိုဟာနဲ့မှ ဒီဟာနဲ့ မှ ဆိုပြီး ကြေးတန်းထိုးပြီးကျောင်းသွားမလားပေါ့။ ကျွန်မသူငယ်တန်းတုန်းက နေ့လည် ၂နာရီဆို ကော်ဖီနဲ့ မုန့်လာပို့ပေးရတယ်။ ကျောင်းမုန်းဈေးတန်းမှာ ၀ယ်မစားရလို့လေ။ တကယ်လို့ သူတို့လာမပို့ရင် အိမ်ပြန်ပြီပဲ။ ကျွန်မတို့ငယ်ငယ်ကနေတဲ့ အိမ်က စစ်တပ်ထဲမှာဆိုတော့ စစ်တပ်က အထက်တန်းကျောင်းမှာ တက်ရတာပါ။ နီးနီးလေးပဲ ဆိုတော့ ပြန်လာမှာစိုးလို့ ကျောင်းမုန့်စားဆင်းချိန် မရောက်ခင် အိမ်ကကြိုရောက်နေတတ်ပါတယ်။ ကျောင်းဖွင့်ချိန်ရောက်ရင် တခြားကလေးတွေလိုတော့ အသစ်တွေဘာတွေလဲ မတောင်းတတ်ပါဘူး။ မေမေကတော့ အဆင်သင့်ဝယ်ပေးတတ်ပါတယ်။ တခုပဲ .. စာရွက်ကြမ်းကြမ်းစာအုပ်တွေဝယ်လာရင်တော့ အရမ်းစိတ်ဆိုးတာပဲ။
တခါတခါ အဖွားက လာကြိုရင်လဲလာမကြိုနဲ့။ အမေလို့သူများထင်လိမ့်မယ်ဆိုပြီး တွန်းလွတ်တတ်တယ်တဲ့။ အဲ့ဒါကြောင့် အဖွားက သူ့ဆံပင်ဖြူတွေကို ဆေးဆိုးရတာ ခုထိပဲဖြစ်သွားတယ်လို့ပြောပါတယ်။ ခုချိန်ဆိုရင်တော့ အဲ့လိုအပြင်ပန်း ပုံစံတွေနဲ့ မရှက်တတ်တော့ဘူးလို့ ထင်ပါတယ်။ ငယ်သူမို့ မသိပါ ပေါ့နော်။
ဒါကြောင့် ကျွန်မကို အိမ်ကလူတွေကပြောတာနေမယ်။ ဘယ်ကလေး ဘယ်လောက်ဆိုးဆိုး ကျွန်မလောက်ဆိုးတဲ့ ကလေးမျိုးမတွေ့ဖူးသေးဘူးတဲ့။ ကျွန်မလဲ မြင်ယောင်နေပါသေးတယ်။ ကျွန်မအဒေါ် အန်တီမူ တယောက် သူ့သမီးပါးက သနပ်ခါးပျက်လာတဲ့အခါ ကျွန်မတုန်းကလိုပဲ တရားခံကိုကျောင်းထိ လိုက်ရှာနေဦးမှာပဲလားလို့ .. ။
The End
-->
တခါတရံ သတိရမိတဲ့ အတိတ်တွေက အလွန်ချိုမြိန်သလို ဘ၀ဟာ မောပန်းစရာလို့ ခံစားရတိုင်း သူငယ်တန်းကျောင်းသူလေး ပါးဆီက သနပ်ခါးနံ့လေးကိုပဲ ပြန်တမ်းတမိတယ်..။