5/28/2009

အင်းလေးသို့ အလည်တစ်ခေါက်

ဒီပို့စ်လေးကို ရေးမယ်ရေးမယ်နဲ့ အချိန်ဆွဲတာများသွားလို့ပါ..ခုတော့တကယ်ရေးဖြစ်ပါပြီ..

အိမ်မှာနေတာများရင် နေမကောင်းချင်သလိုလိုဖြစ်တတ်တဲ့ ကျွန်မတို့ သူငယ်ချင်းတစ်စု အင်းလေးကို ညအိပ်အလည် ရောက်ခဲ့ပါတယ်။ ခရီးဝေးသွားချင်တာ မဖြစ်နိုင်လို့ တောင်ကြီးနဲ့ အနီးဆုံးနေရာကိုပဲ ရွေးဖြစ်ခဲ့ပါတယ်။ အင်းသူလေးတွေဖြစ်တဲ့ မယ်ပွင့်ရဲ့  မွေးနေ့ကို အမှတ်တရဖြစ်စေချင်တာရယ်၊ စင်ကပူကနေ ခွင့်ပြန်လာတဲ့ သဲဆုကို တွေ့ဖို့ အကြောင်းလေးတွေလဲ ပါခဲ့တာပေါ့လေ..။

အင်းလေးကို အသွားမှာ မယ်ပွင့်က လာကြိုလို့ ညောင်ရွှေလိုင်းကားလေးနဲ့ လေးယောက်သား သွားကြပါတယ်။ မေအိရယ်၊ သစ်လုံးရယ်၊ ထက်ထက်နဲ့ မယ်ပွင့်ပေါ့။ ငါးပေါတဲ့ အင်းထဲကို ဘာကိစ္စနဲ့ ငါးသေတ္တာကြီး တင်လာမှန်းမသိတဲ့ကားကို စီးမိလို့ တလမ်းလုံးငါးညီနံ့ကို ခံစားလိုက်ရပါတယ်။ ညောင်ရွှေရောက်တော့ ကျွန်မတို့ နေမယ့် မယ်ပွင့်ရဲ့ အိမ်က နန်းပန်ရွာမှာမို့ နန်းပန်ကိုသွားမယ့် စက်လှေကို စီးရပါတယ်။ အသွားမှာ ရွာတချို့ ကိုလည်းဝင်တာကြောင့် မရောက်ဖူးတဲ့နေရာတွေမို့ ကံကောင်းတယ်လို့ ဆိုရမှာပါ။ မယ်ပွင့်အိမ်ကို ရောက်တာနဲ့ အိမ်ရှေ့ လှေကားလေးမှာ ခြေထောက်လေးတွေ တွဲလောင်းချရင်း အရှေ့ဘက် ကန်ရေပြင်ကို ကြည့်ရင်း ညနေခင်းလေးကို အချိန်ဖြုန်းနေလိုက်ပါတယ်။ အင်းလေးကထွက်တဲ့ ရိုးရာမုန့်တွေနဲ့ ကျွန်မတို့ရဲ့ လုပ်ဖောက်ကိုင်ဘက် အစ်ကိုတွေထည့်ပေးလိုက်တဲ့ မုန့်တွေကို ကော်ဖီလေးနဲ့ အစပ်အဟပ်မရှိ စားရင်းနဲ့ပေါ့။ ကြွေမုန့်ကြွပ်ကို ကော်ဖီနဲ့တို့စားတာကတော့ ရူးကြောင်ကြောင် ကျွန်မသူငယ်ချင်း သစ်လုံးပါ။ တော်သေးတယ် ကိတ်ကို sauce နဲ့ တို့စားတဲ့ အထိမရူးသေးလို့ ။



စိတ်မကောင်းစရာ သတင်းတစ်ခုက ညနေမှောင်စမှာ ရောက်ချလာတာပါပဲ။ ခင်ရတဲ့ သူငယ်ချင်း ဘုတ်အီး မန္တလေးဆေးရုံမှာ ဆုံးသွားတဲ့ သတင်းပါပဲ။ သင်္ကြန်အပျော်ကောင်းလို့ ဆိုင်ကယ်ပေါ်က ကျရာကနေ ခေါင်းထဲသွေးယိုတယ် လေပါဖြတ်သွားလို့ မန္တလေးကို ပို့ခဲ့ရတာပါ။ ချက်ချင်းတောင်ကြီးပြန်ခေါ်ခဲ့တာမို့ ညတစ်နာရီဆို ရောက်ပါပြီ တဲ့ ။ မယ်ပွင့်တစ်ယောက် ငိုချင်ရဲ့ လက်တို့ ဖြစ်နေပါပြီ။ ဘုတ်အီးဆိုတာ မယ်ပွင့် ကျောင်းလစ်တာများလို့ အုပ်ထိန်းသူခေါ်ပြီး လက်မှတ်ထိုးရပြီဆိုတဲ့အခါတိုင်း အစ်ကိုအတုလုပ်ပေးနေကြပါ။ စိတ်ထားကောင်းတဲ့ သူငယ်ချင်းတစ်ယောက် နှုတ်မဆက်ဘဲ ထွက်သွားခဲ့ပြန်ပါပြီ။

ခက်တာက ည၁၂နာရီရောက်တော့ စကားများလို့ဝလို့Twilightကို နှစ်ယောက်သားကြည့်နေတုန်း ကြောက်လာတာပါပဲ။ ၄ယောက်လုံး တိုးဝှေ့ အိပ်ဖို့ ခင်းထားတဲ့ အိပ်ယာမှာ အိမ်ရှင်က ကြောက်လို့ အလယ်အတင်းလုပြီး အိပ်တဲ့အထိပါပဲ။ အင်းထဲက ညဆို ပူလို့ ပြတင်းပေါက်တွေကို ဖွင့်ပြီးအိပ်မလို့ ပြင်ထားပါတယ်။ ကြည့်မိတဲ့ဇာတ်ကားကလဲ ချောက်ချားစရာ နဲနဲကောင်းတာမို့ နှစ်ကောင်သားအိပ်မှပဲ ဆိုပြီး တီဗီပိတ်ပြီး အိပ်စပြုတုန်း လေမပြင်းရဘဲ ဖွင့်ထားတဲ့ ပြတင်းပေါက်၃ခုလုံး တပြိုင်ထဲ ပိတ်သွားတဲ့ အချိန်က ညတစ်နာရီလောက်ရှိနေပါပြီ။ ဆံပင်မွေးထောင်လောက်အောင် လန့်ဖြန့်ပြီး တံခါးပေါက်တွေ ဂျက်ချပြီး ဇွတ်အိပ်ရတော့တာပါပဲ။ နောက်နေ့မှာတော့ မယ်ပွင့်တစ်ယောက် ရောက်လေရာဘုရားမှာ ဘုတ်အီးအတွက် ကုသိုလ်လုပ်တော့တာပါပဲ။

နောက်နေ့က ဖောင်တော်ဦးဘုရားဈေးမှာ သဲဆုကိုချိန်းပြီး ဘုရားဖူး၊ဈေးလည်ပေါ့။ ဈေးထဲမှာ ထူးဆန်းတာတစ်ခု တွေ့ခဲ့တယ်။ မီးဖုတ်ထားတဲ့ မြေကျစ်ခဲတွေကို ရောင်းတာပဲ။ ၀ယ်တဲ့သူကလဲ ၀ယ်တယ်။ နို့ဆီဗူးနဲ့ ခြင်ရောင်းတာပဲ။ စားကြတာလို့ပြောတယ်။ လက်ပွေ့ ဈေးသည် ဦးလေးကြီက ”မြေကြီးကနေ ပိုက်ဆံဖြစ်တယ်နော”လို့ ပြောမိလို့ ရောင်းတဲ့ ပအိုဝ်းမကြီးက “ဒါဆို နင်လဲတွေ့ကရာ မြေကြီး ကို မီးဖုတ်ရောင်းပါလား ရောင်းရလားလို့ ”လို့ ပြန်ပြောလို့ အဲ့ဒါကိုကြည့်ပြီး ရီမိခဲ့ပါသေးတယ်။ ဘုရားအောက်ဘက် အမှတ်တရပစ္စည်းအရောင်းဆိုင်တွေမှာ အားရပါးရ မွှေလို့ ၀တော့ သဲဆုအိမ်က လာကြိုမယ့် စက်လှေကို ဘုရားအနောက်ဘက်လှေကားမှာ ထိုင်စောင့်ကြပါတယ်။ မယ်ပွင့်ကတော့ တကယ့်ကို ကံထူးရှင်ပါပဲ။ ဘုရားဖူးတစ်ယောက် အုန်းသီးတွေမနိုင်မနင်းသယ်လာရာက လွတ်ကျလို့ လိမ့်ဆင်းလာပြီး မယ်ပွင့်ခေါင်းကို တိန်ခနဲပါပဲ။ သနားစရာသူငယ်ချင်းလေး နေ့ခင်းကြောင်တောင် ကြယ်တွေလတွေမြင်ပြီး အာလူးဘူးသီး ထသွားရှာတယ်။



သဲဆုရဲ့ အိမ်က ဖောင်တော်ဦးဘုရားနဲ့ သိပ်မဝေးတဲ့ ရွာကြီးမြောက်ရွာမှာပါ။ သူ့အိမ်မှာ သဘောကောင်းတဲ့ သူတို့ ညီအစ်မတွေ ဧည့်ခံတဲ့ အင်းထဲက မုန့်မျိုးစုံကို အရသာခံ၊ မယ်ပွင့်များသမျှ စကားကြောမှာမျောပြီး ညနေစောင်းမှာ ဘီလူးချောင်းဘက်ကို ရောက်ခဲ့ပါတယ်။ လောပိတရေအားလျှပ်စစ်ဆီကို ရောက်တဲ့ ဘီလူးချောင်းဖြစ်မယ့် ချောင်းငယ်လေးပဲ ရှိပါသေးတယ်။ လယ်ကွင်းစိမ်းစိမ်းတွေကို ဖြတ်သွားရတာ တကယ် အေးမြလတ်ဆတ်နေတာပါပဲ။ အဲ့ဒီအချိန် တောင်ကြီးက သူငယ်ချင်းတွေ ဆက်လာတဲ့ဖုန်းကြောင့် အီလည်လည် ဖြစ်ရပါသေးတယ်။ ဘာတဲ့?

“ မယ်အိ နင်တို့ ခုဘယ်ရောက်နေတာလဲ လှေပေါ်မှာလား အိမ်မြန်မြန်ပြန်နော် တောင်ကြီးမှာ မိုးရွာနေတာ မုန်တိုင်းကျနေတဲ့ အတိုင်းပဲ။ အဲ့မှာ မိုးရွာချလာရင် လှိုင်းအရမ်းထမှာ ..။ စိတ်ပူတယ် ငါတို့ကို တသက်လုံး သတိရနေအောင် မလုပ်နဲ့” ဆိုပဲ။ စိတ်ပူပေးလို့ ကျေးဇူးတင်ပါတယ် ဒါမယ့် ပြောတာကြီးက.. ဟွန့်..။ အဲ့နေ့ညက လမင်းကြီးကတော့ အရမ်းလှပါတယ်။ ကြယ်ကလေးတွေတော့ မရှိကြဘူး။ အင်းသားတွေက သီချင်းဆိုတာလဲ ကောင်းတယ်။ ဂီတာတီးတာလဲ တော်သားပဲ။ မရွှေထက်ကတော့ အင်းထဲက ဖန်စီဆွဲကြိုးတွေကို လက်ဆောင်ထည့်ပေးဖို့ ရွေးရင်း မမောနိုင်အောင်ပါပဲ။ သူပေါချောင်ကောင်း နှိုက်နေတာလေ မသိရင်ခက်မယ်။


တတိယနေ့ကတော့ သတ္တိခဲတွေပါပဲ။ အိမ်ရှေ့ မှာ လှေလှော်ထွက်ကြတာပေါ့။ မယ်ပွင့်ကလွဲလို့ ဘယ်သူမှရေမကူးတတ်ဘူး။ သူတောင် ဟိုတိုင်ဖက် ဒီတိုင်ဖက်လောက်ပဲရတာ။ သူတို့အိမ်ရှေ့ စက်လှေအများဆုံးသွားတဲ့ ရေပြင်ကိုကျော်ပြီး ဟိုးဘက်ခရမ်းချည်သီးစိုက်တဲ့ ကျွန်းမျောတွေ အထိရောက်ခဲ့သေးတယ်။ ပြန်တွေးရင် လန့်စရာကြီး။ ကြာတောပါရောက်သေးတယ်။ ကြာဖြူ ကြာနီတွေနဲ့။

နေ့လယ်ရောက်တော့ သူတို့ရွာက အလိုတော်ပေါက် ဘုရားကိုဖူးပြီး အိမ်ရှေ့ နားကပဲ Golden Kite မှာ မယ်ပွင့်ရဲ့ မွေးနေ့ပွဲ အဆက်ကိုလုပ်ခဲ့ပါတယ်။ ၃ရက်နေ့ မွေးနေ့ပွဲရဲ့ အဆက်ပါ။ တကယ်တော့ တောင်ကြီးမှာ ပီဇာ မရလို့ အဲ့မှာစားကြည့်တာပါ။ တကယ်တမ်းကြတော့လည်း ညနေပိုင်း သဲဆုတို့ အမေရဲ့  ငါးထမင်းက ပိုကောင်းပါတယ်။ အစာကြေဆေးသောက်ပြီး မထနိုင်လောက်အောင်ပါပဲ။ ပြီးတော့ ရွာထဲကိုလိုက်လျှောက်ကြည့်ဖြစ်ပါတယ်။ ၀က်မဲမဲလေးကိုတွေ့တော့ သစ်လုံးက ကင်မရာမယူလာရတာ နာတယ်လုပ်ပါလေရော။အဲ့လိုပဲလေ မျိုးချစ်စိတ်ဓါတ်ဆိုတာ။ နေစောင်းတော့မှ သဲဆုကို နှုတ်ဆက်ပြီး သူ့ဆီကပြန်တော့ ကျွန်မနဲ့ မယ်ပု ငိုမဲ့မဲ့နဲ့ပါ။ သူက ငုတ်တုတ်လေးထိုင်ပြီး လက်ပြနေခဲ့တာလေ။ နောက်ရက် စင်ကပူကို ပြန်တော့မှာပေါ့။ အဲ မွှေးမွှေးအပြန်အလှန် ပေးခဲ့သေးတယ်။ ငိုချင်လာပြီ ပြောရင်းဆိုရင်းနဲ့ ။


မနက်ဖြန်မနက်ဆို ပြန်ရပါပြီ။ ဒီနေ့ည အထုပ်အပိုးတွေပြင်ရင်းနဲ့ အလုပ်ရှုပ်သွားတယ်။ စောစောလဲ အိပ်ရတယ်။ နောက်နေ့က နန်းပန်ဈေးတဲ့။


မနက်ဝေလီဝေလင်းမှာ ဘေးအိမ်က စက်လှေနဲ့ ဈေးကုန်း ကို သွားကြပါတယ်။ နာမည်ကြီး အင်းမုန့်တီကလဲ စားလို့တော်တော်ကောင်းတယ်။ အောက်က ပုံကတော့ သစ်လုံးရဲ့ မကျေပွဲလေးပါ။ ဈေးထဲက ၀က်ကလေးပေါ့။ သစ်လုံးနာမည်ပေးထားတာက “ ၀က်အိုဘားမား” တဲ့။



နန်းပန်ဈေးရဲ့ လှေဆိပ်က လှေတွေတော်တော်များတယ်။ ၀ါးဈေးဘက်မှာလဲ စည်လို့။ ထက်ထက်လုပ်လို့ လန့်ရသေးတယ် “ဟယ် ဟိုဘက်မှာ အုတ်ဂူတွေတော့“ ဆိုလို့ ကြည့်လိုက်တော့ ဘယ်ကလာ နွားတွေ ဖင်ဖြူဖြူတွေပဲ မြင်နေရတာကို အုတ်ဂူဖြစ်အောင် ပြောသေးတယ်။ နန်းပန်ဈေးက အင်းထဲရဲ့ အကြီးဆုံးဈေးလို့ ပြောပါတယ်။ လူသုံးကုန်ပစ္စည်းတော်တော်စုံတယ်။ စားသောက်ဆိုင်လဲ ပေါတယ်။ နေမြင့်တော့ မယ်ပွင့်ရဲ့ အဖေအမေ တားနေတဲ့ကြားနေ နှုတ်ဆက်ပြီး ကျွန်မတို့ သုံးယောက် ပြန်ခဲ့ပါတယ်။ မယ်ပွင့်ကို ဈေးမှာ ထားခဲ့ပြီးတော့ပေါ့။ အလာတုန်းကလောက် မတက်ကြွတာ အမှန်ပဲ။ သီတင်းကျွတ် တစ်ခေါက် လာပြန်လည်ဦးမယ်လို့ တေးထားမိတယ်။ တွေ့ကရာ အိပ်ပျော်တတ်တဲ့ သစ်လုံးက လှေပေါ်မှာ တစ်ရေးရနေပြီ။ ကျွန်မနဲ့ ထက်ထက်နဲ့ကတော့ အင်းလေးရဲ့  လူတန်းစားကွာဟချက် ကြီးမားတဲ့ အကြောင်း၊ အဓိက က ပညာရေးက လူနေမှု အဆင့်အတန်း မြင့်မားအောင် လုပ်ပေးနိုင်ကြောင်း၊ အိမ်ခြေများလာလို့ အင်းလေးရေပြင် သန့်ရှင်းဖို့ နဲ့ ကျန်းမာရေး အသိတိုးတက်လာအောင် အကောင်အထည်ဖော်ပေးနိုင်မယ့် အဖွဲ့ အစည်းတွေ လိုနေသေးကြောင်း စတဲ့ စကားကြီးစကားကျယ်တွေကို ပြောနေမိခဲ့ပါတယ်။






ညောင်ရွှေကိုရောက်တော့ အိမ်အတွက် ညောင်ရွှေဘီးမုန့်ဝယ်၊ တောင်ကြီးသွားမယ့် ကားလေးပေါ်မှာထိုင်လိုက်တော့မှ ကျွန်မတို့ သုံးယောက်ရဲ့ အမည်မသိရောဂါက ပိုးသေတော့ပါတယ်။ လည်လို့ဝပြီ။ နောက်နေ့ ခြေငြိမ်မှ ရတော့မယ် လို့လဲ သိလိုက်ပါတယ်။ ကဲ ကားလေးကလဲထွက်တော့ ဒီမှာပဲ ခရီးတိုလေးက အဆုံးသတ်ခဲ့ပါတယ်။ ဘ၀တိုတိုလေးမှာ ပျော်စရာကောင်းတဲ့ ခပ်ရိုးရိုးခရီးတိုတိုလေးက အမှတ်တရပါပဲ။ ဘ၀အမောတွေ ခဏလေး မေ့ခဲ့မိတဲ့ အချိန်လေးပေါ့။ဲ