12/20/2007

ကောင်မလေး တစ်ယောက်ရဲ့ ဒိုင်ယာရီ

ခေါင်းထဲကို အေးစက်နေတဲ့ အထိအတွေ့ရဲ့ အသိတစ်ခု ၀င်လာတယ်.ခြုံထားတဲ့ စောင်ထဲက လက်တစ်ဖက်က အိပ်ယာ အပြင်ဘက်ကို ရောက်သွားလို့ပါ...မိုးလင်းနေပြီပဲ“..ဒီမြို့လေးက မနက်ခင်းကို အေးစက်စွာ ဆီးကြိုတတ်သည်။ ဒီအချိန်ဆို နေရောင်အောက်က အေးနေတဲ့ မြို့ လေးရဲ့  ကားလမ်းဘေးမှာ ပုပ်သိုးသိုးမျက်နှာပေးနဲ့ ကောင်မလေး တစ်ယောက် လိုင်းကားစောင့်နေတတ်တယ်...

အဲဒီတစ်ယောက်က ကွန်ပျုတာကို မချစ်ဘူး .. ဒါပေမယ့် အတူတူနေတယ်..ဘာလို့လဲဆိုတော့ အဲဒါသူ့ အလုပ်ကိုး...စိတ်လည်းသိပ်မရှည်ဘူး. အားအားရှိ စိတ်တိုတတ်တယ်.. သီချင်းသံတွေ ဆူညံနေတဲ့ စာသင်ခန်းထဲမှာ သီချင်းသံတွေကို လွှမ်းအောင် အော်အော်ပြီးစာသင်တတ်တယ်. စာမရရင်လည်း စိတ်တိုတယ်..မသိလို့မေးရင်လည်း စိတ်ကမရှည်ဘူး..အဲဒီလိုပဲ..

ညနေခင်းရောက်ရင်တော့ သူ့နှလုံးသားက သူ့ ရင်ထဲပြန်ရောက်လာတယ်..သူ့သူငယ်ချင်းနဲ့ ကော်ဖီသောက်ရင်း ရောက်တတ်ရာရာ ပြောကြတယ်..သူတို့က အဲဒါကို အလုပ်တစ်ခုလို သဘောထားကြတယ်..စကြ နောက်ကြ နဲ့ ..ကော်ဖီနံ့တွေက ပိုပြီးအသက်ဝင်လာတယ်....

အဲဒါကလည်း ခဏပါ ..ပြီးရင် ကော်ဖီခွက်တကိုင်တိုင်နဲ့ စာသင်ခန်းထဲ ရောက်လာတာပဲ..

အိမ်ပြန်ချိန်ရောက်ရင် သူက ရဲလေးရဲ့  (အိမ်ပြန်ချိန်) သီချင်းကို သွားပြီးသတိရတတ်တယ်..ဒါပေမယ့် သူ့အတွက် ဟန်ထွန်းရဲ့  (မိုးမချုပ်မီ) သီချင်းကို ဆိုပေးတတ်တဲ့လူ ရောက်လာမလား စောင့်နေတတ်တယ်တဲ့...ညနေခင်းတွေမှာ ဒီမြို့လေးရဲ့  လမ်းမတွေမှာ ဆောင်းရာသီ ဖက်ရှင်တွေ ၀ဲပျံနေပြီး သူနဲ့ သူ့ ရဲ့  သူငယ်ချင်းက ဒီနေ့ ခေတ်စားတဲ့ ဖက်ရှင်တွေ အကြောင်း၊ ဘယ်ဆိုင်က ဘယ်အစားအစာ ကောင်းတဲ့အကြောင်း၊ လခရရင် သွားမယ့်အကြောင်း ပြီးတော့ ဟိုအကြောင်း ဒီအကြောင်း....လမ်းမခွဲခင်အထိ တတွတ်တွတ်ပြောရင်းနဲ့ပေါ့

အဲဒီကောင်မလေး ရဲ့  အိမ်ပြန်လမ်းမှာ နေကြာရိုင်းတွေ တောင်ကပါးတွေမှာ အအုပ်အသင်းနဲ့ ပွင့်တယ်..နေ၀င်ချိန် မြေနီလမ်းတလျှောက်လုံး သူမဘာတွေတွေးနေသလဲ... အိပ်တန်းတတ်တဲ့ ငှက်တွေ ..အိမ်ပြန်တဲ့ ကလေးတွေကို တငေးငေးနဲ့..သူကတော့ ပြောတယ်..သူ့ငယ်ငယ်တုန်းက ကစားဖော်မရှိတဲ့ အကြောင်း..စာအုပ်တွေနဲ့ အဖော်လုပ်ရတဲ့ အကြောင်း...အိမ်ပြန်ရောက်ရင် သူလုပ်ရမယ့် အလုပ်တွေအကြောင်း..အဲဒါတော့ ခဏခဏပြောတယ်..အဲဒီအလုပ်တွေကို သူတော်တော်မုန်းတယ် ထင်တယ်...အဲဒီတယောက်က တော်တော်လည်း စကားများတယ်...(စာဖတ်သူ သိအောင် သတင်းပေးတာပါ.)

သူ့ရဲ့  အခန်းလေးက အိမ်ပြန်လာတဲ့ ကောင်မလေးကို တနေ့ တမျိုး မရိုးအောင် ကြိုပါတယ်...နေ့တိုင်း သူ့ရဲ့  ခေါက်ထားတဲ့ ခြုံစောင်ပေါ်မှာ တက်အိပ် တတ်တဲ့ ကြောင်ကလေးနဲ့ နေ့တိုင်း ရန်ဖြစ်ရင်းနဲ့လေ..သူမရဲ့  ခွေးကလည်းသူပြန်လာရင် အိမ်အပြင်ထွက်ချင်လို့ ဆူညံဆူညံ လုပ်တတ်ပါတယ်...

သူ့ရဲ့  တနေ့ တာ အလုပ်အားလုံး ပြီးသွားရင် သူမ အိပ်ယာဝင်ပါတယ်..ဖြစ်နိုင်ရင် ခပ်စောစောလေးဝင်ပါတယ်..ဘာလို့လဲဆိုတော့ သူက အိပ်ပုပ်ကြီး လို့ပါ..အိပ်ယာပေါ်ပစ်လှဲရင်း ခေါင်းအုံးအောက်ထဲကို လက်ကလေးတစ်ဖက် ထိုးထည့် လိုက်ပါတယ်..အေးစက်နေတာပဲ ...ဒီအသိလေးကတော့ ဒီနေ့ရဲ့  နောက်ဆုံးအသိပါပဲ.....

(ကောင်မလေးရဲ့  အိမ်ပြန်တဲ့ အစီအစဉ်တွေက တော့ (မိုးမချုပ်မီ) သီချင်းကို ဆိုမယ့်သူ ရောက်လာရင်တော့ ပြောင်းလဲ သွားနိုင်ပါသည်)

11/22/2007

သူ့အကြည့်မှာ ဆူးတွေရှိတယ်..

ငါ ကဘယ်သူ့ဆီက
ဘာကို မှမမျှော်လင့်ချင်ဘူး.....
တကယ်တော့ ..
တစ်ယောက်ယောက်ကိုချစ်တယ်ဆိုတာ..
ကိုယ့်ကိုကိုယ် ချစ်လို့ပဲ...
အဲဒီတော့..
ကိုယ့်ကိုကိုယ်ချစ်တာနဲ့ပဲ
ငါ့ကို လာမချစ်နဲ့..
ဘ၀ရည်မှန်းချက်တွေကို ထုဆစ်ရင်း
ကိုယ့်ကိုကိုယ် ဆူးတွေတပ်ထားချင်တဲ့
အဲဒီ ခပ်ညံ့ညံ့ ယောကျာ်းတစ်ယောက်ကိုပဲ
တွေ့တွေ့နေရတာ..
ငါတပ်ထားတဲ့ဆူးက
ဆူးပြောင်းပြန်ပဲ..
မင်းဆီက ဘာမှမတောင်းဆိုရပဲနဲ့
ငါ့ကို ဆူးစူးအောင်
အဲဒီလောက်...မညံ့နဲ့..


11/19/2007

အိမ်မက်တွေနဲ့ငါ


အိမ်မက်ပေါင်းများစွာနဲ့ လူ့ဘ၀ကို ဖြတ်သန်းနေရတယ်...ငယ်ငယ်ကတော့ အိမ်မက်တွေကို သိပ်အမှတ်မထားတတ်ဘူး ..ခုတော့ တချို့အိမ်မက်တွေက ကြောက်စရာကောင်းလို့ မှတ်ထားတတ်လာပြီ..အိမ်မက်ကိုတော့ မယုံကြည်တတ်ပါဘူး..တခါတခါ ဇာတ်လမ်းတပုဒ်ကို ကြည့်နေရသလို ကိုယ်တိုင်မပါဝင်တဲ့ အိမ်မက်ကိုမက်တတ်တယ်..ခြောက်တန်းလောက်တုန်းကထင်တယ် ..အဆောင်နေရတုန်းက..မေမေသေသွားတယ်လို့မက်တာ..

အိမ်မက်ထဲမှာမေမေ့အတွက် အမျှဝေမယ်ဆိုပြီး ဘုရားစင်နားသွားတော့ ဘုရားစင်ပေါ်မှာ ဘုရားမရှိဘဲ ဂါဝန်အဖြူဝတ်ထားတဲ့ မိန်းမကြီးတက်ထိုင်နေလို့ ..သူကအော်လိုက်သေးတယ် ..နားညီးတယ်တဲ့ မျက်လုံးအစိမ်းရောင်တွေနဲ့ ကြည့်သေးတယ် ..ကြောက်လိုက်တာပြောမနေနဲ့တော့ အဆောင်မှာ မီးကပျက်နေသေးတယ်..လန့်အော်လိုက်တာ တစ်ဆောင်လုံးတောင်နိုးသွားတယ်..မနက်ထိကြောက်လို့တုန်နေတာပဲ...

ခုထိဘုရားစင်နားကို တစ်ယောက်ထဲ မသွားရဲ တော့ဘူး...နောက်နေ့ညရောက်တော့ ခွေးအနက်ကြီးတွေလိုက်ကိုက်တယ်လို့မက်တယ်.

.မနက်ရောက်တော့ လက်မောင်းမှာ အစွယ်ရာ အညိုအမဲတွေ ကျန်ခဲ့ဖူးတယ်..

နဂါးဂူထဲတို့ မြွေတွေ ရစ်ထားတာတို့ လေဟုန်စီးရတာတို့..ခဏခဏပဲ..လာဘ်ကောင်းတယ်လို့ပြောကြတာပဲ..

.ဒါပေမယ့် လောက်တွေမက်တုန်းကတော့ မုန့်ဖိုးတွေရအများကြီးရတယ်.

.တခါက အိမ်မက်ကတော့ ပျော်စရာကြီး ..ဆင်ဖြူကြီးစီးပြီး သွားရတာလေ..

ခုထိဆင်တွေမြင်ရင် အဲဒီအိမ်မက်ကို သတိရပြီးပျော်တုန်းပဲ..

ဆုံးသွားတဲ့အဘွားလုပ်သွားတဲ့ဒုက္ခကတော့ မသေးဘူး..မသေခင်လူတွေက လျှောက်မြင်တတ်တယ်ဆိုလား..

သူ့ အခန်းဘေးမှာက ရေစင်ရှိတော့ ရေစင်ပေါ်မှာ သူ့ကိုလာခေါ်ပါတယ်လို့ ပြောလိုပြောနဲ့..အဆိုးဆုံးက ကြောက်တတ်ပါတယ်ဆိုမှ သူ့ကုတင်အောက်မှာရှိနေပါတယ်ဆိုပြီး ၀င်ကြည့်ခိုင်းတာပဲ..

မကြည့်ရဲလို့ ကြောင်လေး မည်းမည်းတူးတူး ကို အရင်ကုတင်အောက်ပစ်သွင်းပြီးမှကြည့် ရတယ်..သူပြောတာတွေကြားယောင်ပြီး ညရောက်ရင် ရေစင်ပေါ်မော့မကြည့်ရဲဘူး.

.ဟိုတလောက မစင်တွေမက်တာ သူငယ်ချင်းကို ပြောပြတော့ သူက ရွံလို့တဲ့.

.ဒါမေမယ့် မပြောမရှိနဲ့ နော်..အမေကော အဒေါ်တွေကော မတောင်းရဘဲနဲ့ မုန့်ဖိုးတွေ ပေးမှပေး.

.ဒီတော့မှ သူက ရယ်တယ်..ရယ်မှာပေါ့ ကဲ..ငါပြောတာ ယုံပြီလားလို့”..

11/08/2007

16th star of may

၁၉၈၆ မေလရဲ့ညတစ်ညမှာ ၁၆ပွင့်မြောက်ကြယ်လေး စတင်လင်းလက်ခဲ့ပါတယ်..
ကွန်ပျူတာနည်းပညာနဲ့ဘွဲ့ရပြီး
အခုသင်တန်းမှာစာသင်နေတယ်...ရှေးဟောင်းဒဏ္ဍာရီ
ကားတွေကြိုက်ပြီး လေးဖြူ အငဲကြိုက်ပါတယ် ..ပန်းချီဝါသနာပါပြီး ဆရာလုပ်တာလည်းဝါသနာပါတယ်..အိမ်မှာလိုတာမပြည့်နိုင်လို့
ကြွက်တွင်းလို့ခေါ်ပြီး အမေနဲ့ခဏခဏစိတ်ကောက်ပါတယ်..အဖေနဲ့တည့်ပြီး ငယ်ငယ်ကတည်းကထိန်းလာတဲ့အဒေါ်ကိုကြောက်ပါတယ်
အဖွားကို ညာစားပြီး သူငယ်ချင်းတွေကိုခင်တယ်..သူငယ်ချင်းတွေက ကြွက်ဖြူလို့ခေါ်ပါတယ်..တောင်ကြီးမှာလည်းနေတယ်..
ဒါပေမယ့်ချယ်ရီပန်းမကြိုက်ဘူး