5/17/2010


မနေ့ည (၁၆.၅. ၂၀၁၀) တုန်းက ကောင်းကင်မှာ လသေးသေးလေးနဲ့ သောကြာကြယ်က နီးနီးလေးရယ်။
သတိထားမိလို့ တအိမ်လုံး ထွက်ကြည့်မိတယ်။ တကယ်ချစ်စရာ ကောင်းပါတယ်။ နက်ပြာရောင် နောက်ခံ ကောင်းကင်နဲ့ လင်းလက်နေတဲ့ ကြယ်လေး၊ သူ့ဘေးနားလေးက ခပ်မျှင်မျှင်လလေး။

ကြည့်ရင်းနဲ့ နားမှာ ပန်ချင်စရာတောင်ကောင်းတယ် လို့ တွေးမိတယ်။ ဒါပေမယ့် တဘက်တည်း ပန်ရမှာပေါ့ ဆိုပြီး ကိုယ့်အတွေးနဲ့ တင် ပြုံးမိတယ်။ အင်း လနှစ်စင်း ရှိတဲ့ ကမ္ဘာမှာ နေရမှပဲ စိတ်ကူးဆက်ယဉ် တာပေါ့နော်။ အဲ့လို တခါတလေ အူကြောင်ကြားတွေ စိတ်ထဲပေါ်ပေါ်လာတာ။

ဒီမနက်ရောက်တော့ သတင်းဘလော့တွေမှာ သူများကော်မန့်တွေ ဖတ်ရတယ်။ သောကြာ ကြယ်နဲ့ လနဲ့ကပ်ရင် ပြည်ပျက်မယ့် နိမိတ်တဲ့။ တယောက်က ခပ်ပိုပိုလေး ပြောတာ ကြည့်ရင်းနဲ့ ကြက်သီးတောင် ထတယ်ဆိုပဲ။ ဗဟုသုတပဲ အားနည်းတယ်ပြောပြော တခါမှမကြားဖူးဘူး။ ဂြိုလ်တွေ တခါတခါ မြေပြင်ကကြည့်ရင် နီးတယ်ထင်ရပေမယ့် သူ့လမ်းကြောင်းတွေနဲ့ သူလည်ပတ်နေတာ မဟုတ်ဘူးလား။
တဘောင်တွေ တော်တော်ကြောက်စရာကောင်းတယ်နော်။ အနည်းဆုံးတော့ လူ့အတွင်းစိတ်ကို ဆင်းရဲသွားစေတာပဲ ။ တကယ်ပဲ မှန်လာမလား မမှန်လာမလား နောက်ထားပြီး စိုးရိမ်နေကြရတယ်။

ဆရာဖေမြင့်ဘာသာပြန်ထားတဲ့ နှလုံးသားအဟာရထဲက စာတပုဒ်ကို သွားသတိရမိတယ်။ ပြတင်းပေါက် တပေါက်ကို ကြည့်နေတဲ့ လူနှစ်ယောက်မှာ တယောက်က ကြယ်တာရာလင်းလက်နေတဲ့ ကောင်းကင်ကို မြင်ပြီး နောက်တယောက်က ရွံ့ဗွက်အိုင်တွေကိုပဲ မြင်တယ်တဲ့။

စိုးရိမ်စရာတွေ အတိအကျ တောင်မသိတဲ့ တဘောင်တွေ ထားခဲ့ပါ။ တဘောင်ဆိုတာ ခက်ဆစ်မှာ ကလေး၊ အရူးနဲ့ ဇာတ်သမားတွေ ပြောနေရာက လာတဲ့ စကားတွေကို တဘောင်လို့ ခေါ်ခဲ့တာလို့ မြန်မာစာမှာ သင်ရပါတယ်။ အဲ့ဒီတော့ ကိုယ့်စိတ်ကို အပင်ပန်းခံမလား။ ကောင်းတဲ့စိတ်နဲ့ မြင်ကြည့်မလားဆိုတာ ကြည့်တဲ့သူအပေါ်မှာပဲ မူတည်နေမှာပဲနော်။

No comments: