12/09/2009

မူကြိုကျောင်းသူ အတွေးများ


-->
ဒီနေ့ မှာ ကျွန်မရဲ့ ပန်းချီဆွဲဖို့ ၀ါသနာပိုးကို စပြီး အကောင်အထည်ဖော်ဖို့ သင်တန်းစတတ်ခဲ့ပါတယ်။ ကျွန်မက မျက်နှာတွေကိုပဲ ဆွဲတတ်ချင်တာပါ ။ အဲ့ဒါနဲ့ ကိုမင်းသစ်ကြည် ဆိုတဲ့ပန်းချီဆရာကို “ သမီး မျက်နှာကို ကြည့်လိုက်တာနဲ့ ချက်ချင်းဆွဲတတ်ချင်တယ်ဗျာ ၊ ဘယ်လောက်ကြာအောင် သင်ရမလဲ ” မေးတော့ သူက ခပ်တည်တည်ကြီးနဲ့ “ တစ်နှစ်” တဲ့။ ငိုင်တောင် ငိုင်သွားတယ် ။ နောက်တော့ ဘာအရေးလဲ နော့ ၊ တနှစ်ဆိုတာ ခဏလေး နဲ့ ပြီးသွားမှာ ပါ ဆိုပြီး ဒီနေ့ မနက်ခင်းမှာ လုပ်ငန်းစခဲ့ပါတယ်။

တောင်ကြီးရဲ့ ဆောင်းမနက်ခင်းက အေးတယ်ဗျာ။ အိပ်ယာထဲကနေ တော်တော်စိတ်တင်းပြီး ထယူရတယ်။ အရာရာတိုင်းက အေးစက်လို့။ ရေအေးကွင်းရပ်ကွက်ထဲက သူငယ်ချင်းထက်ထက်အိမ်ကနေ လမ်းလျှောက်ပြီး တစ်ယောက်ထဲ ဆင်းလာခဲ့ပါတယ်။ သူကတော့ ဆိုင်ကယ်နဲ့ လိုက်ပို့မယ်တဲ့ “ နေပါ အိပ်ပါထက်ရာ ငါ့ဟာငါ လမ်းလျှောက်ဖြစ်အောင် သွားလိုက်ပါ့မယ် ” ဆိုပြီးထားခဲ့လိုက်တယ်။

မူကြို ကျောင်းသူ

(၁) မျဉ်းဖြောင့်များ
စာအုပ်ထဲမှာ မျဉ်းဖြောင့်တွေ အရင်ဆွဲရတယ် ။ ပန်းချီဆရာက ပြောတယ် “ ပန်းချီဆွဲတယ်ဆိုတာ စိတ်ရယ်၊ လက်ရယ်၊ ဦးနှောက်ရယ် ပေါင်းပြီး အလုပ်လုပ်ရတာ ”တဲ့။ ကျွန်မ မျဉ်းတွေ ဆွဲတယ် ။ တချို့ မျဉ်းတွေ ဖြောင့်တယ် ။ တချို့ မျဉ်းတွေ ကောက်သွားတယ်။ မျဉ်းတွေကောက် သွားရင် ဦးနှောက်နဲ့ ထိန်းပြီး ပြန်ပြင်ဆွဲလိုက်ပါတဲ့ ။ မျဉ်းတွေ ဖြောင့်သွားပါလိမ့်မယ် တဲ့။

“ ငယ်ရွယ်စဉ်ဘ၀မှာ တော့ လူတိုင်းဟာ ဖြောင့်ဖြူးတဲ့ မျဉ်းလေးတွေ ဖြစ်ချင်ခဲ့မှာပဲ ။ တကယ်လို့ ရည်မှန်းချက်တွေ လမ်းတွေမှားပြီး ဘ၀မျဉ်းလေးတွေ ကောက်သွားခဲ့ရင် စိတ်ဓါတ်မကျပါနဲ့ ။ စိတ်အားတင်းပြီး ဦးနှောက်ကလေးနဲ့ ထိန်းလိုက်ပါ။ မျဉ်းကြောင်းလေးတွေ ပြန်ဖြောင့် သွားမှာပါ”

ခုနက ဆွဲပြီးသား မျဉ်းဖြောင့်တွေပေါ်မှာ ဒေါင်လိုက်မျဉ်းတွေ ပြန်ဆွဲရတယ် ။ ပုခုံးအားကို သုံးပါတဲ့ ။ သိပ်တော့ခုနကလို မလွယ်ဘူး ။ ယိုင်ကုန်တယ် ။ မျဉ်းတွေလဲ အပေါ်ကနေ အောက်ကိုကျရင် ယိုင်တတ်တာလား။ မယိုင်အောင် သတိထားဖို့တော့ လိုတယ်နော် ။ အကွက်လေးတွေ ဖြစ်သွားတယ်။ အကွက်ကျကျ ဖြစ်ဖို့ကလဲ လိုသေးတာပဲနော်။ တွေးနေမိတာက

“ ပုခုံးအားကို သုံးမှတော့ အပေါ်ကနေ အောက်ကို ဆွဲမချချင်တော့ပါဘူးဗျာ ။ ဒါနဲ့ အောက်ကနေ အပေါ်ကို ဖြောင့်ဖြောင့်တက် ဖို့က ပိုခက်မယ်ထင်တယ်နော် ဆရာ ”

(၂) စက်ဝိုင်းများ

အ၀န်းအ၀ိုင်းတွေက ဆွဲရခက်ပါတယ် ။ ၀ိုင်းနေအောင်ဆွဲဖို့ လက်ကောက်ဝတ်နဲ့ဆို သေးသေးပဲ ဆွဲလို့ရမယ်။ တံတောင်နဲ့ ဆို နဲနဲ ပိုကြီးလာမယ် ။ အကြီးကြီးရချင်ရင်တော့ ပုခုံးအားကိုပဲ ပြန်သုံးပေါ့။ ၀ိုင်းဖို့လဲ လိုသေးတယ်နော် ။ ဆရာပြောတာက အပေါ်အောက် ဘေးဘယ်ညာ ဒါပဲ ရှိပါတယ်တဲ့။

“ အပေါ်ကို တွန်းတင်တာများပြီး ဆွဲချ ရင်လဲ စက်ဝိုင်းဟာ မ၀ိုင်းနိုင်ပါဘူး။ တွန်းတင်တာနဲပြီး ဆွဲချများရင်လဲ စက်ဝိုင်းက မဆက်တော့ဘူး ။ ဘေးထွက်နေရင်လဲ ၀ိုင်းမှာ မဟုတ်ဘူး။ တွန်းတင်တာရယ် ဆွဲချတာရယ် ဘေးဘယ်ညာရယ် ညီမှ လှပတဲ့ စက်ဝိုင်းတစ်ခုကို ရနိုင်ပါမယ်”

ဒီတော့ လူလောက ကမ္ဘာကြီး အတွက်ပဲ ဖြစ်ဖြစ်၊ ကိုယ့်မွေးရပ်မြေ အတွက်ပဲ ဖြစ်ဖြစ် ၊အဖွဲ့အစည်းံအတွက်ပဲ ဖြစ်ဖြစ် ၊ မိသားစု အတွက်ပဲ ဖြစ်ဖြစ် ၀ိုင်းဝန်းညီညာတဲ့ အ၀န်းအ၀ိုင်းလေး ဖြစ်အောင် လူတော်လူကောင်းတွေကို တွန်းတင်၊ လူ့လောကကို မကောင်းကျိုးပေးသူတွေကို ဖယ်ရှားပြီး ဘေးချည်းပဲ ထွက်မနေဘဲ စုပေါင်းညီညာမယ်ဆိုရင် သူငယ်တန်းကလေးလေးရဲ့ ကျောင်းစာအုပ်ထဲကလို အသိုက်အ၀န်း ၀လုံးလှလှလေးတွေ ရမှာ မလွဲပါဘူးရှင်..။