3/04/2009

တောင်းရမ်းလက်ထပ်ယူခြင်းမှလွဲ၍

(သူမ)

“ဧည့်ခန်းထဲမှာ လူတွေသိပ်စုံနေပါလား”

တစုံတရာကိုပြောဆိုနေကြ၍ တစုံတယောက်ဆီဆို စိတ်ဝင်စားစွာလှမ်းကြည့်နေသော မျက်နှာများကို တစ်ယောက်ချင်း လိုက်လို့ကြည့်မိသည်။ ထိုလူအုပ်တွေကြားထဲမှာ သူမကို စိုက်ကြည့်နေသည့် မျက်ဝန်းတစုံအား သတိထားမိသွားသည်။ ထိုသူမျက်ဝန်းများသည် သူမထံမှမရွေ့ ၊ နှုတ်ခမ်းများမှာလည်း တင်းတင်းစေ့ထားလျက် စူးစူးစိုက်စိုက်ကြည့်နေသည်။

“ဟင် နင်ဘာလို့ ဒီကိုရောက်နေရတာလဲ၊ နင်ငါ့ကိုအဲ့လိုမကြည့်ပါနဲ့ ၊ ငါ့အမေရဲ့ ပြုံးခြင်းရှေးရှုတဲ့ စကားလုံးလှလှတွေအောက်မှာ နင်ခံစားခက်နေပြီ ၊ ငါသိတယ် .. နင်ကြည့်နေတာက ငါ့နားဘယ်တော့မှ ပြန်မလာတော့ဘူး ဆိုတာ ငါသိနေတယ်၊ ဟင့်အင်း .အဲ့မျက်လုံးတွေနဲ့ မကြည့်ပါနဲ့”

သူမ ကို သူမအန်တီက အနောက်ခန်းထဲ ဆွဲဝင်သွားသည်။

……………

(သူ)

ဒီအိမ်ထဲကို ၀င်လာမိတာကိုက မှားတာ။ ချစ်သူဆိုတာ ပိုင်ဆိုင်ယူရမှ အဓိပ္ပါယ်ရှိတယ်လို့ ခဏနေကအထိ ထင်နေတုန်း။ ချစ်သူလို့ပြောရအောင်လဲ ချစ်တယ်လို့ မပြောရသေးဘူး။ ငါမပြောလဲ နင်သိမယ်ထင်နေခဲ့တာ။ တို့နှစ်ယောက်က အဲ့လောက်မပတ်သတ်ရကောင်းမှန်း တကယ်ငါမသိခဲ့ဘူး..။ ငါ့အတွက် နင်သတ္တိလည်းမရှိဘူး။ မုန်းတယ် လို့ ပြောလိုက်ချင်တယ် ။

“မေ ..။ ဒီစကားလုံးတွေအောက်က ငါပြေးထွက်ချင်နေပြီ။ နင်နဲ့ငါ့ကို ဘယ်လိုမှမဖြစ်နိုင်ဘူးဆိုတဲ့ စကားတွေကို ရင်ဆိုင်ဖို့ ငါက ဘယ်သူ့အားကိုးနဲ့ နားထောင်ရမှာလဲ ..။ နင် ငါ့ကိုအဲ့လို မကြည့်နေပါနဲ့။ နင်အဲ့လိုကြည့်နေရင် အခု လူသတ်ချင်နေတဲ့စိတ်က နင်ဖြစ်သွားမယ်။ ဒီကမ္ဘာထဲမှာ နင်က ငါ့အတွက် မဟုတ်ရင် နင်သေသွားမှဖြစ်မယ် ..မေ။ ငါမျက်လုံးထဲက ဝေ့၀ဲချင်လာနေတဲ့ မျက်ရည်က နင်ကြည့်နေဖို့မဟုတ်ဘူး”

…………………

မင်းအင်္ကျီလက်ဖျားလေးကို ဆုပ်ကိုင်မိ

ဝေးရမယ်ဆိုတဲ့ အသိတစ်ခုမှာတင်

ငါဆယ်ခါပြန်သေတယ်...။

အရာရာအားလုံးက ပြီးဆုံးသွားခဲ့ပြီ။ကျွန်တော့်ကို ဆွဲနေတဲ့ ကျွန်တော့အမေလက်ထဲကနေ ရုန်းပြီး မေတို့အိမ်နောက်ဖေးခန်းထဲ ၀င်လာခဲ့တယ်။ လှေကားပေါ်မှာထိုင်ပြီး လက်ရန်းလေးကိုမှီပြီး ငိုနေတဲ့မင်းပုံလေးက ငါ့နှလုံးသားကို လှံတစင်းနဲ့ ထိုးဆွနေသလိုပဲ။ သွားတော့မယ်မေ..။

ငါ့ရင်ခွင်ထဲမှာမငိုနဲ့..။နောက်ထပ်မတွေ့တော့ဘူး..။တွေ့ရင်လည်း ဒီပုံစံနဲ့ မဟုတ်တော့ဘူး။ တို့နှစ်ယောက် ပြန်ဆုံရင် ဘုရားရှင်အားလုံးသိပြီးဖြစ်မှာမဟုတ်လား။

ခြား

နီးနီးလေးပါပဲ...ဒါပေမယ့်

ဘယ်တော့မှမဆုံနိုင်တော့ဘူး

အဆွေးကြီးဆွေးတာပဲ...ဒါပေမယ့်

ဘယ်တော့မှရင်မခုန်တော့ဘူး..

အတွေးကြီးတွေးတာပဲ..

အရင်တုန်းက ပျော်ခဲ့တာတွေ

အငေးကြီးငေးတာပဲ...

မင်းဓါတ်ပုံကိုကြည့်ပြီးတော့ပေါ့

အခုတော့...နီးနီးလေးပါပဲ

ဒါပေမယ့်..အဝေးကြီးဝေးကွာခဲ့။

မောင်ရဲသီး

မှတ်ချက်။ ။ မကြာခဏ အိမ်မက်မက်တတ်ပြီး မက်တိုင်းလဲ မျက်ရည်တွေနဲ့ လန်းနိုးစေတဲ့ ဒီအိမ်မက်တွေ ဒီဘလော့စာမျက်နှာပေါ် ရောက်တဲ့နေ့က စပြီး ပျောက်ကွယ်ပါစေလို့ ကောင်မလေးတစ်ယောက် ဆုတောင်းလျက်ရှိပါသည်။

THE END
DREAMT at 03:03:09 PM

1 comment:

ဗန်ပိုင်းယား said...

အချစ်ကို အဓိပ္ပါယ်ဖွင့်ကြတဲ့ထဲမှာ ... စွန့်လွှတ်ခြင်း အချစ်ဆိုတာ ..... အချစ်ဝတ္ထုတွေ မှာပဲ ကောင်းတာပါ ... လက်တွေ့က ပိုင်ဆိုင်မှ ဂွတ်တာ. .... ခိုးသာပြေး ... ကြာလို့ ...