2/15/2009

ဥပမာအလင်္ကာများနှင့်မိန်းမများ


မိန်းမတွေကို ယောက်ျားတွေက ဘယ်လို သဘောထားတာလဲ။
သိချင်ရင်တော့ ခေတ်အဆက်ဆက်က စာတွေ၊ ကဗျာလင်္ကာတွေမှာ ကြည့်လိုက်ရင် သိသာနိုင်ပါတယ်။
ဟိုအရင် တစ်နေ့က မေအိရဲ့ဘလော့ထဲမှာ အမြဲဇာတ်လိုက်ဖြစ်နေတဲ့ အဲ့ဒီလူနဲ့ပြောနေကျ ဇာတ်လမ်းတွေကို ဒီခေါင်းစဉ်နဲ့ ပြန်ဆက်လိုက်ပါတယ်။


"မယ်အိ..ငါ့ကို ဟိုနေ့က ငါ့ကိုကောင်မလေးတစ်ယောက်က မေးတယ်ဟ၊ သီချင်းတစ်ပုဒ်အကြောင်းကနေ စပ်ဆက်မိပြီး ပြောဖြစ်တာပါ၊ သူကမေးတယ် ယောက်ျားတွေက ဘာလို့ မိန်းမတွေအများကြီးကို ကြိုက်တတ်တာလဲ တဲ့"

"အဲ့တော့နင်က ဘယ်လိုဖြေလိုက်လဲ"

"ငါကပြန်မေးတာပါ၊ ဘယ်လိုပြန်မေးလိုက်လဲဆိုတော့ မိန်းကလေးတစ်ယောက်က ပန်းတစ်မျိုးထဲကိုပဲ ကြိုက်သလား၊ ပန်းအများကြီးကို ကြိုက်တတ်လားလို့၊သူက အများကြီးလို့ဖြေတယ်။ ငါလဲ ပြောလိုက်တယ် ယောက်ျားလေးတွေ မိန်းကလေး တွေကို ကြည့်တာလေ အဲ့ဒီသဘောပါပဲလို့"

" နင်လည်တယ်၊ နင်ဆင်တဲ့အကွက်ထဲ ၀င်သွားပြီ တစ်ယောက်တော့"

"မဟုတ်ပါဘူးဟာ ၊ သူ့ကို သူ့မေးခွန်းအတိုင်းပဲ ပြန်မေးပြီးဖြေလိုက်တာပါ၊ အချိန်တန်တော့လည်း ငါတို့က ပန်းလေးတစ်ပွင့်ကိုပဲ ရွေးချယ်ခွင့်ရတာပါ"

"ဒါဆို နင်က မိန်းကလေးတွေကို ပန်းကလေးတွေလို့ ယူဆတာပေါ့နော်"

ပန်းကလေးတစ်ပွင့်ကို ချစ်တယ်ဆိုရင် သူ့ကို အပင်မှာပဲ ထားလိုက်ပါ...သူ့သက်တမ်းအဆုံးထိ လှနေတာက ကောင်းပါတယ်။ အပိုင်ရမှ ကိုယ်ပိုင်တာလား။ သူ့ဘာသာသူ ပွင့်နေတဲ့ ကိုယ်ပိုင်တဲ့ပန်းပွင့် ဖြစ်ခွင့်ရှိတာပဲ..။ လွတ်လပ်တဲ့အချစ်လို့ ခေါ်တယ်။

*****************************************
စာအုပ်ဆိုင်ထဲကို ၀င်မွှေရတာသဘောကျတဲ့ စာရင်းထဲမှာ ကျွန်မလဲပါပါတယ်။
သူများတွေကတော့ ၀ယ်မှာပေါ့၊ ကျွန်မကတော့ ၁၀ အုပ်လောက်မြည်းပြီးမှ ၁ အုပ်လောက်ကို ချီတုံချတုံ ၀ယ်ပါတယ်။ အဲ့တစ်နေ့ကတော့ စာရေးဆရာမတွေ တော်တော်များများစုပြီး ပုံဖော်ထားတဲ့ "မိန်းမသားဆိုတာ" ဆိုတဲ့ စာအုပ်လေး ၀ယ်ခဲ့ပါတယ်။ မိန်းမ တစ်ယောက်ပီပီ မိန်းမတစ်ယောက်ရဲ့ ဘ၀ အကြောင်းတွေကို စာရေးဆရာမ မိန်းမတွေရေးတာ သိချင်လို့ပါ။
အဲ့ဒီ အထဲကမှ ရသစုံ ပြီး သဘောကျတဲ့ အကြောင်းလေးတွေ ပြန်တင်ပြလိုပါတယ်။

ဆရာမဧဧသန်းပြောပြတဲ့ စာရေးဆရာတက္ကသိုလ်ဖုန်းနိုင် ရဲ့ မိန်းမဆိုတာကတော့
"မိန်းမသားဆိုသည်မှာ ကြင်နာမှုသမိုင်း ပါတဲ့။ အမိ၏ကြင်နာမှု ၊ အစ်မ၏ ကြင်နာမှု၊ ညီမလေး၏ ကြင်နာမှု၊ တူမလေး၏ ကြင်နာမှု ၊သမီးလေး၏ကြင်နာမှု၊ဆရာမ၏ ကြင်နာမှု၊ အမျိုးသမီး မိတ်ဆွေတစ်ဦး၏ ကြင်နာမှု...။ ကြင်နာမှုများစွာ ..။ထိုကြင်နာတတ်မှု သည်ပင် ထူးခြားဆန်းကျယ် အံ့အားသင့်စရာကောင်းနေပါသည် တဲ့။

ဆရာမ မနော်ဟယ်ရီရဲ့ ဥပမာတွေကတော့ တော်တော်လေးကို ကျေနပ်စရာကောင်းပါတယ်.။
အောက်မှာ နဲနဲ အချိန်ပေးလိုက်ပါဦး၊

တချို့က မိန်းမများကို " ပန်းပွင့်များ" အဖြစ် တင်စားကြသည်။
ပန်းတစ်ပွင့်ကဲ့သို့ အဆင်းလှခြင်း၊ ဂုဏ်သီတင်းသင်းပျံ့ခြင်း ၊နူးညံ့သိမ်မွေ့ခြင်းကြောင့်လား၊ ဒါမှမဟုတ် ပန်းတပွင့်ကဲ့သို့ အလွယ်တကူ ခူးယူချင်လို့ ၊ ပန်းတပွင့်လို ကြာရှည်မလန်းဆန်းနိုင်ဘူးလို့ ထင်မြင်ကြလို့လား။

တချို့က မိန်းမများကို "ဆောင်းလေမညီ" ဟုဆိုကြသည်.။
တကယ်တော့ "လေ" သည် အရောင်အဆင်းမရှိ ၊အနံ့အရသာ မရှိသော အပြစ်ကင်းစင်သည့် ဒြပ်စင်တစ်ခုသာဖြစ်သည်။ ကံကြမ္မာ၏ စေစားရာသို့ လွင့်မျောရင်း တချို့သည် "လေနုအေး"ဖြစ်ခွင့်ရကြသည်.။ တချို့က "လေညင်း"၊ တချို့က "နွေလေပူ"၊ တချို့က "နှင်းဆွတ်လေ"၊တချို့က "လေနီကြမ်း"၊ တချို့က "မုန်တိုင်း"။အဘယ်သူသည် မုန်တိုင်းထန်ချင်ပါမည်နည်း။ လေဖိအားနည်းရပ်ဝန်း တစ်ခုကြောင့်သာ မုန်တိုင်းဖြစ်သွားရသည်ကို သတိပြုသင့်သည်။ လူတိုင်းသည် လေညှင်းဖြူဖြူလေး တစ်စလိုသာ အသာအယာတိုက်ခတ် လိုကြပေလိမ့်မည်။

တချို့က မိန်းမများကို "ရေ" နှင့်တင်စားကြသည်။
သင်သည် ရေကြည်တစ်ခွက် ကိုလည်းသောက်ဖူးမည်။ သန့်စင်မှုအတွက် ရေကြည်တစ်ခွက်ကို အသုံးချခဲ့ဖူးလိမ့်မည်။ကြည်လင်အေးစိမ့်သော စမ်းရေ၏ အထိအတွေ့ကိုလည်း ခံစားဖူးလိမ့်မည်။ နောက်ကျိညစ်ထေးသော ရေသေများကိုလည်း မြင်ဖူးကြလိမ့်မည်။ အမြဲလို လေးလံမောဟိုက်ကာ ကမ်းစပ်ကို လာလာဦးခိုက်နေတတ်သော ပင်လယ်လှိုင်းများ၏ ခက်ထန်သောဂီတကိုလည်း ကြားဖူးလိမ့်မည်။ ကံကြမ္မာ၏ စေစားရာတွင် ဖြစ်တည်ရသောဘ၀တွင် မည်သူက အချိန်ပြည့် လှိုင်းထန်ချင်မည်နည်း။ မည်သူသည် သူတစ်ပါး သန့်စင်မှု အတွက် အသုံးချခံရသော မသန့်ရှင်းတော့သည့်ရေ ဖြစ်ချင်ပါမည်နည်း။ အားလုံးလိုလိုပင် ရေကြည်ရေသန့် ဖြစ်လိုကြပါသည်.၊ မသန့်စင်သောရေတိုင်းသည် နဂိုကြည်လင်သော ရေဘ၀ကိုတော့ ရခဲ့ဖူးမှာ သေချာပါသည်။

တချို့ကတော့ မိန်းမများကို "မြွေ" များနှင့် တင်စားကြသည်။
မြွေဆိုသည်မှာ သဘာဝအရခွေခေါက် ငြိမ်သက်နေတတ်သော သတ္တ၀ါဖြစ်သည်။ မြွေကို မည်သည့် အချိန်မျိုးတွင် ပါးပျဉ်းထောင်ကာ အစွယ်တရမ်းရမ်း နှင့်တွေ့ဖူးပါသနည်း။
မြွေများသည် သင်ကရန်မပြုမချင်း သင့်ကိုရန်ပြုလိမ့်မည်မဟုတ် ပါ။

***ဆရာမ ဧဧသန်းနှင့် မနောဟရီ ၏ မိန်းမသားဆိုတာ..

(မိန်းမများအပေါ်တွင် ထူးဆန်းလှပသော ဆရာမမနော်ဟရီ၏ အရေးအသားကို လေးစားသောကြောင့် မျှဝေခြင်းသာဖြစ်ပါသည်။)




1 comment:

ဗန်ပိုင်းယား said...

ကြာတော့သည်လည်း မောင့်စကား က မိန်းမ အကြောင်း ဖတ်ကြည့်ပါလား . ဟီဟိ....