မေအိ ၆ တန်းလောက်က ထင်တယ်။ တောင်ကြီး အထက (၅) မှာနေတုန်းကပေါ့။ အဲ့တုန်းက အဆောင်မှာ နေရတာပေါ့လေ။ တနင်္ဂနွေ တစ်နေ့မှာ သူငယ်ချင်းတစ်ယောက်က ပြောတယ်။ သူ့ဆီမှာ ဖူးစားရှင် ကို တွေ့လို့ရတဲ့နည်းတစ်ခု ရလာတယ်တဲ့။ အဲ့ဒါနဲ့ ပြောပြစမ်းပါဦးဆိုလို့ မေးတော့ သူက ဒီလိုပြောပါတယ်။
“ဖူးစာရှင် ကိုတွေ့ချင်တဲ့ နေ့မှာ ကြက်ဥ တစ်လုံး ၀ယ်ရမယ်။ ၀ယ်တာကိုလဲ ဆိုင်ရှင်နဲ့ကိုယ်က လွဲပြီး ဘယ်သူမှ မသိရဘူး၊ ပြီးတော့ အဲ့ဒီကြက်ဥကို ပြုတ် ၊ ပြုတ်တာလဲ အိမ်က လူတွေ ဘယ်သူမှမသိရဘူး၊ ပြီးတော့ ညအိပ်ယာဝင် ချိန်ရောက်ရင် စား၊ စားတာလဲ ဘယ်သူမှ မသိရဘူး။ ဒါဆိုရင် အိမ်မက်ထဲမှာ ဖူးစာရှင်က ရေလာတိုက်လိမ့်မယ် ” ဆိုပဲ။ သူပြောတာ့ သူ့အစ်မကိုယ်တိုင် စမ်းပြီးပြီတဲ့။
မေအိတို့လဲ ဘယ်ရမလဲ ။ အဆောင်ကနေ အိမ်ပြန်တဲ့နေ့မှာ အပီလှုပ်ရှားတာပေါ့၊ (ကဲတာ ကဲတာ) ကြက်ဥကို အိမ်ကမသိအောင် ခိုးယူ ၊ရေနွေးအိုး တည်ချင်ယောင်ဆာင်ပြီး ခိုးပြုတ် ။ ပြီးတော့ ဖွက်ထားတာပေါ့။ ညအိပ်ယာဝင်တော့ အိပ်ယာထဲမှာ တိတ်တိတ်လေးခွါပြီး ပလုပ်ပလောင်းစားပြီး တချိုးထဲ အိပ်ပစ်တာပေါ့။ ရေတော့ အသေဆာတယ်။ ကြက်ဥ တစ်လုံးလုံးကို ရေမသောက်ဘဲ စားရတာ ဂျို့တောင်ထိုးချင်တယ်။
ညရောက်တော့ အိမ်မက် မက်လား မမက်လား သိချင်နေတယ် ဟုတ်? မက်တယ်ဗျ။ စိတ်စွဲနေလို့ ထင်ပါတယ်.၊ မျက်နှာတော့မမြင်ရဘူး။ လူတော့လူပါပဲ။ ရေလဲ မတိုက်ပါဘူး အလကား ..။ အကျိုးဆက်ကတော့ ညကအိပ်ယာထဲမှာခွါထားတဲ့ ကြက်ဥခွံတွေကို အိမ်က အဖွားတွေ့သွားတာပဲ။ ပစ်ဖို့ မေ့နေတာကိုး.။ရေလည် အဆူခံရတာ ။ နင်ဒီလို ခိုးစားတာ ဘယ်ကတတ်သလဲ ပြောစမ်း ဆိုပဲ။ ဖူးစာရှင်တော့ မတွေ့လိုက်ဘူး ။ အဆူတော့ ခံလိုက်ရတယ် ။ သူငယ်ချင်းတို့ လဲ စမ်းကြည့်ပါလား။ မအိပ်ခင် ဘာဘာညာညာတော့ လျှောက်မကြည့်နဲ့ပေါ့။ တော်ကြာ ဗေလုဝ ကားတို့ ကြူကြူသင်း ဇာတ်ကား တို့ ကြည့်မိပြီး ကြေကွဲ နေဦးမယ်။
ဟီးဟီးဟီး အဟတ် အဟတ် ( ဆယ်ကျော်သက်ဘ၀ က အမှတ်တရ လေးပေါ့နော် )

No comments:
Post a Comment