1/17/2010

**ConFlict*


“ငါ့ကိုမုန်းတယ်” ဟုတ်လား၊ ဒီစကားက ရေငတ်တုန်း ရေတွင်းထဲကျသလိုပဲ။ ပြောရတာ သိပ်အရသာရှိမှာပေါ့။ရေငတ်ပြေတာနဲ့ ရေနစ်သေမှာ မတွေးမိဘူးလား။ အမုန်းတွေထဲမှာပဲ မနစ်မြုပ်ထားပါနဲ့။ မင်းရဲ့ ကောင်းကင်မှာ ကြယ်တွေ လင်းတာ မင်းမြင်ရလိမ့်မှာ မဟုတ်ဘူး။

ပျော်စရာရှာရတာ သကြားလုံးစားရသလိုပါပဲ။ အခွံခွါလိုက်တာနဲ့ ရသာသစ်တမျိုးရမှာ သိသားနဲ့။ သူများ အခွံခွါပြီးသားပေးမှာကို စောင့်မနေပါနဲ့။ သကြားလုံး ဘယ်မှာရနိုင်မှန်းသိရင် ကိုယ်တိုင်ကြိုးစားလိုက်ပါ။ သိပ်များရင်တော့ မကောင်းဘူး။ ချောင်းဆိုးတတ်တယ်။

သချိုင်းပေါက်ဝ မရောက်ခင်မှာပဲ ထားခဲ့ရမယ့် အမှန်တရားက တန်ဖိုးမရှိဘူး။ နင့်ဘ၀မှာ အလံဖြူပြတိုင်းလဲ ငြိမ်းချမ်းရေး မရနိုင်ဘူး။ကိုယ်မှန်တယ်ချည်းပဲ ထင်ရင်လည်း လက်ဖ၀ါးဘက်ပဲ ကြည့်တတ်တဲ့ ပုဏ္ဏားနဲ့တူမယ်။ ဒီတော့ “အကျွန်ုပ်သာ မှန်ပါသည်” ဆိုတဲ့ အလံကြီးတလွှားလွှားနဲ့ သွားနေမလား။ဒေါသ၊မောဟ၊လောဘ တွေ ရှိသင့်သလောက်တော့ ရှိပါစေပေါ့။ လူ့ဘ၀ကိုရောက်တယ် ဆိုတာနဲ့ မြို့တံခါးမှာ ၀န်ထုပ်တခုစီ ထမ်းရမယ်။မင်းရွေးတဲ့ ၀န်ထုပ်နဲ့လမ်းဟာ နောက်မြို့တံခါး အရောက်မှာ အဖြေပေးပါလိမ့်မယ်။

ငါဟာ“ကြည့်မှန်တချပ်”လို ဖြစ်ချင်တဲ့ ပုထုဇဉ်စစ်စစ်ပါ။ ချစ်တဲ့သူကို ချစ်ပြီး မုန်းတဲ့သူကို မုန်းချင်ပါတယ်။ မမြင့်မြတ်တဲ့အတ္တလည်း ရှိပါတယ်။ စကားလုံးပေါင်းများစွားနဲ့ ပစ်ပေါက်ခံထားရတဲ့ အသည်းနှလုံးလည်း ရှိပါတယ်။ သံသယနဲ့ ပြည့်နေတဲ့ ဒီမျက်လုံးတွေကနေ မင်းကိုမှမြင်ရတယ်။

ငါမြင်နေရတဲ့ မင်းက ငါ့ကိုမုန်းတယ်။ ငါရတဲ့သကြားလုံးမှာ အခွံလှလှလေးပဲပါတယ်။ ငါထမ်းထားတဲ့ ၀န်ထုပ်က လေးပြီး ငါရွေးတဲ့လမ်းမှားခဲ့တယ်။
ငါ့အဖြေကို ငါကြိုသိနှင့်တယ်။ဒါပေမယ့် ရင်ထဲက ကြေးမုံပြင်မှာ ချစ်သူရဲ့ အရိပ် ထင်နေခဲ့တယ်...။

1 comment:

မေအိ said...

ရှင်းလင်းတဲ့အမုန်းတွေဆို ဆယ်ခါပြန်အမုန်းပစေ အမ်စိရေ..
ဝန်ထုပ်ဝန်ပိုးတွေနဲ့ဆိုရင်တော့...ဘယ်လောက်
ချစ်နေပါစေ...ထားခဲ့လိုက်ပါ
တီတီ