10/16/2009

အသံ စောင့်သူ

ဒီရက်တွေမှာ အိမ်မှာ ငြိမ်နေရလို့လား မသိဘူး အသံတွေကို အရမ်းတောင့်တတယ်။ ညင်သာတဲ့ အသံ ၊ ဂရုတစိုက်ရှိတဲ့ အသံ ၊ မြူးထူးတက်ကြွနေတဲ့ အသံ ၊ပြုံးခြင်းရှေးရှုတဲ့ အသံ၊ ဆူသံ အော်သံ အော်ဟစ်မာန်မဲ တဲ့ အသံ ..။

ကိုယ်တိုင် ညည်းညူနေရလို့ ညည်းသံတော့ မကြားချင်ဘူး ။ အရမ်းကြောက်တဲ့ မိုးခြိမ်းသံတောင် အသေအချာနားထောင် မိနေတယ်..။

နေ့တိုင်းနီးပါး အသံတွေကို နားစွင့်မိနေတယ် ။ သူငယ်ချင်းတစ်ယောက်တလေများ ပေါ်လာမလား ။ ဘယ်သူကများ လှမ်းခေါ်လိုက်မလဲ .။ အိမ်ရှေ့က ခေါင်းလောင်းလေးကို ဘယ်သူကများ တီးလိုက်လေမလဲ . ဘိုမက ဘယ်သူလာလို့ အဲ့လောက် ဟောင်နေရတာလဲ ..။ ကျွန်မရဲ့ အခန်းပြတင်းပေါက်က သစ်ရွက်အချင်းချင်းထိတဲ့ အသံတွေက ခြောက်ကပ်ကပ်နိုင်လွန်းလှတယ်...။

ဘယ်တော့မှ မကြားနိုင်မယ့် အသံတစ်ခု ..။ မကြားနိုင်တာလား ကြားခွင့် မရတော့တာလား မကြားရသေးတာလား မသိဘူး ။ ဒြပ်သားကြားခံနယ်က အလှမ်းဝေးလွန်းတယ် ထင်တယ်နော်.. ဟုတ်တယ် ခုရက်တွေ ကျွန်မ အဲ့အသံတခုကို ကြားချင်နေတယ် ။ ကျွန်မ မကြားရသေးတာပဲ နေမှာပါ အသံတွေဆိုတာ လေထုထဲမှာ လွင့်မျောနေမှာပဲ ..။ တနေ့နေ့ မှာ တနေရာရာက နားစွန်နားဖျားတော့ ကြားခွင့်ရမှာပါ ..။ အဲ့ဒီအသံ ရောက်လာတဲ့အခါကျရင်သာ အိပ်မောကျနေမိရင် ပြန်နိုးဖို့ မေ့နေမိမှာ စိုးတယ်။

အင်ဂျင်အကောင်းစားတစ်လုံးကို စက်နှိုးလိုက်သလို ညက်နေတဲ့ အသံမျိုး..။ အသေအချာ ညှိထားတဲ့ ကြိုးတပ်တူရိယာကို လက်ညှိုးလေးနဲ့ ပွတ်ဆွဲလိုက်တဲ့ အခါ အသားတကျလေး ပေါ်လာတဲ့ အသံမျိုး ..။ ဘာသံမှမကြားရရင်တောင် ကျွန်မဆိုတဲ့ လူမျိုးက ဆံပင်တွေထဲကို လက်လေးနဲ့ သပ်လိုက်တဲ့အခါ အသံ တခုလောက်ပေါ်လာလေ မလားဆိုတာ မျှော်တလင့်လင့်နဲ့ မျက်တောင်မခတ်တမ်း စောင့်ကြည့်နေချင်နေတဲ့ တိတ်ဆိတ်နေတဲ့ ကမ္ဘာက နားထောင်သူတစ်ယောက် ဖြစ်ချင်နေလေရဲ့ ။

1 comment:

ကိုတေဇာ said...

အသံကို စောင့်သူရယ်
အသံကိုမစောင့်ပါနဲ့
အသံတွေက မင်းအနားမှာ ရှိပြီးဖြစ်နေတာပါ...