နေသလို ဖြစ်တဲ့ ဘ၀မှာ
ဖြစ်သလို နေခဲ့ တာဆိုတော့
ကျွန်တော့် သမိုင်းက ချုပ်ရိုးတွေ မွနေပြီ ။
စက္ကု အမြင်တွေ ထူးပြီး တိုးမလာပေမယ့်
လောကအမြင်ကတော့ တရွေ့ရွေ့ ပြောင်းလဲခဲ့ပြီလေ...
ဖုန်ထူခဲ့တဲ့ နောက်ကြောင်းကို
ငဲ့ကြည့် မိတော့ကာ
ခံယူချက်နဲ့ ခံစားမှု ဆိုတဲ့
ဇာတ်ပို့နှစ်ယောက်က မီးရောင်အောက် ရောက်လာတယ်။
ကိုငှက်ကြီးကတော့ အင်္ကျီအဖြူ ၀တ်ရမှာ
ရှက်ခဲ့တယ်...
စတစ်ကော်လံဖြူ လက်ရှည်ဝတ်ထားတဲ့
ကျီးအာသီးတွေ ၊ ချတောင်ပို့ စိတ်ဓာတ် ပိုင်ရှင်တွေ ကတော့
နေရာတိုင်းမှာ ခန့်ခန့်ငြားငြား ၀င့်ကြွားနေလေရဲ့။
နေကာမျက်မှန်ရဲ့
အရောင်ဆန်းတွေကို လွယ်လွယ်သတိထားမိ ပေမယ့်
အာဃာတ က အရောင်၊အဆင်း မဲ့နေတယ်
ရောင်စုံမျက်မှန်လေးတွေ ပေါ်လာတာမကြာသေးပေမယ့်
လူတွေအားလုံးမှာ မျက်မှန်ကိုယ်စီ ရှိခဲ့ပြီးသားပါ.. .။
( အများစုကတော့ ကိုယ့်မှာ မျက်မှန်ရှိမှန်း သတိမပြုနိုင်ကြဘူးလေ...။ )
ကြားခဲ့ဖူးမှာပေါ့
ရေတ၀က်ပဲ ကျန်တော့တာ နဲ့
ရေတ၀က်တောင် ပြည့်နေတာ
သေချာတာကတော့
အဲဒီခွက်မှာ ရေတ၀က် ရှိနေတယ်
သောက် မလား၊ သွန် မလား
ခင်ဗျား ဆုံးဖြတ်ပါ ။
ကိုယ့်ပတ်ဝန်းကျင်ကို
ဂရုစိုက်ပါ..
မခံစားပါနဲ့
ကောင်း/ဆိုး ထက်ဝက်တိတိ ရှိနေတဲ့
လောကဓံ တောင် သူတို့ နှုတ်ဖျားမှာ
ဗီလိန်ကြီး လုံးလုံး ဖြစ်လို့
သူတို့မှန်တယ် ထင်တာ သူတို့ပြောလိမ့်မယ်
ကိုယ်မှန်တယ် ထင်တာ ကိုယ်လုပ်ပေါ့။
တကယ်တော့...
အမှန်/အမှား ဆိုတာ ကျောချင်းကပ် အမွှာတွေပဲ
ဘယ်သူမဆို မျက်စေ့ မှောက်နိုင် တယ်လေ..
အဲ..ပတ်ဝန်းကျင် ကို ဂရုမစိုက်ဘဲ ထင်ရာစိုင်းခဲ့မယ် ဆိုရင်တော့...
ခင်ဗျားကို တောထုတ် လိုက်ကျ လိမ့်မယ်
သင်းကွဲ တစ်ကောင်ရဲ့ဘ၀ဟာ ဘယ်တုန်းကမှ မသာယာခဲ့ပါဘူး...။
ကြိုးစားမှုနဲ့ ယှဉ်ပြိုင်ပါ...
ခံစားမှုအတွက်တော့ ချွန်းကိုင် ထားပါ
ပထမ ဆိုတာ အတော်ဆုံးတွေ အတွက်ပါပဲ
ဒါပေမယ့် လူတော်တိုင်းတော့ ပထမ မဖြစ်နိုင်ဘူးပေါ့…။
တောင်ထိပ် ရောက်ခဲ့ပြီ ဆိုရင်လည်း
အောင်လံ လွှင့်ပါ..မှတ်တမ်းတင်ပါ..
စိတ်ကြိုက် ကျူးရင့်ပါ...
ပြီးရင် .....ပြန်ဆင်း ရတော့မှာလေ ။
ပညာရှိတွေကတော့
သတိပေးခဲ့ တာပဲ
ကောင်းကောင်း/ဆိုးဆိုး မတုန်လှုပ်နဲ့တဲ့ ။
ကျွန်တော်ကတော့..
ကြက်သားစားခွင့် ကြုံလာရင် ..
နှစ်သက်သလောက် စိတ်ကြိုက်စားမယ်
ငပိရည် နဲ့ ကြုံမှာ စိုးနေရင်..
ကြက်သား အရသာ ပျောက်သွားမှာပေါ့..
တစ်ချိန်မှာ.. ကြုံလာခဲ့ရင်လည်း
သိပ် စိတ် မညစ်ပါနဲ့
စားပါများရင် ခံတွင်းတွေ့သွားမှာပါ…။
ဒီ လို နဲ့ ပဲ......
ရှေ့ ဆက်လျှောက်မယ်..
သေချာတာကတော့ ချုပ်ရိုးတွေ ထပ်လာဦးမှာပါပဲ......။ ။
( ကျွန်တော့် အမြင်ကို လက်မခံချင်ရင် လက်တို့လိုက်ပါ။
ကျွန်တော်တို့ မျက်မှန် လဲတပ်ကြတာပေါ့...။ )
သိုးမဲ (www.lawkaahla.com)
ဒီကနေ ကြိုက်နှစ်သက်သောကြောင့် ကူးယူဖော်ပြပါသည်။
No comments:
Post a Comment