6/21/2009

တစ်ထောင့်ငါးရာနဲ့ ပြီးမြောက်တဲ့ အလှူ

အရင်နေ့ တစ်နေ့က ကျွန်မအလုပ်ရဲ့ ရှေ့မှာ အဘွားအိုတစ်ယောက် လာအလှူခံပါတယ်။ အဘွားက အရင်ကလဲ လာနေကျလို့ သူငယ်ချင်းက ပြောပါတယ်။ အဘွားကို ဆေးကုစရိတ်နဲ့ မုန့်ဖိုးကိုလဲ သူပေးနေကျ လို့ပြောဖူးပါတယ်။ တခါတခါလဲ ကျွန်မရှိနေတုန်း အဘွားလာရင် သူထွက်ထွက်သွားပြီး ပိုက်ဆံပေးပြီး နေကောင်းလား ကျန်းမာလား စပြီး မေးနေတာ ကြားဖူးနေတော့ ကျွန်မလဲ ပိုက်ဆံလေး ယူသွားပြီး ထွက်သွားလိုက်ပါတယ်။ အရင်ကတော့ မုန့်တွေပါ ပေးနေကျပါ။ ခုက မုန့်က အဆင်သင့်ကလဲ မရှိ သူငယ်ချင်းကလဲ မရှိဆိုတော့ ပိုက်ဆံပဲ ပေးလိုက်တော့မယ်ဆိုပြီး ထွက်သွားခဲ့တာပါ။


အဘွားလက်ထဲကို ပိုက်ဆံလေး ထိုးပေးလိုက်တဲ့ အချိန်မှာ အဘွားက တုန်တုန်ရီရီနဲ့ ပြောပါတယ်။


“မြေးလေးရယ် အဘွားကို အိမ်လခ မပေးနိုင်လို့တဲ့ အဘွားရဲ့ စောင်တွေနဲ့ အ၀တ်တွေ သူတို့ ယူထားကြတယ်တဲ့”


ကျွန်မလက်တွေကို ဆုပ်ကိုင်ထားတဲ့ အဘွားလက်တွေက အေးစက်နေတာပဲ၊ သူမနေ့က ဘယ်မှာအိပ်ခဲ့ပါလိမ့်။ ခဏဆိုသလိုပဲ ကျွန်မရဲ့ အိမ်က အဖွားကို သွားသတိရလိုက်မိပါတယ်။ ငါ့အိမ်ကအဖွားက နွေးနွေးထွေထွေး အိပ်နေတဲ့အချိန်မှာ ဒီအဘွားက ဘယ်လို အိပ်နေရပါလိမ့်လို့။ ဆုံးသွားတဲ့ ဖွားဖွားရဲ့ လက်ကလဲ ဒီလိုအေးစက်တတ်တယ် ဆိုတာ ကျွန်မပြန်မှတ်မိလိုက်ပါတယ်။ အဘွား ဆက်ပြောပါတယ်။


“မြေးလေးရယ် အဘွားကို ကူညီပါဦး ဟိုသူငယ်လေးရော သူ့နားကိုပြောပေးပါလားကွယ် အဘွားအခုဆေးခန်းကိုလာတာ ဒီနေ့ညနေမှမပေးရင် အဘွားကို အိမ်ပေါ်ကနေ ဆင်းရမယ်ပြောတယ် ”တဲ့


အဘွားအသံက တိုးလွန်းတော့ မနည်းနားထောင်ရပါတယ် ။


“ ဘွား အိမ်လခက ဘယ်လောက်ပေးရမှာလဲ ”လို့မေးလိုက်တယ်။

အဘွားက လက်လေး ၃ချောင်းထောင်ပြပြီး တိုးတိုးလေးပြောတယ် သုံးသောင်း ဆိုလား သုံးထောင်လား..။

ကျွန်မတော့ တွေးလိုက်မိတယ် . ဘယ်လိုလဲ သုံးသောင်းလား အဲ့ဒါဆိုရင်တော့ ဒုက္ခပဲ ဒီညနေထိမပြောနဲ့ လကုန်ထိတောင် ငါ့ဆီမှာလဲ သုံးသောင်းမရှိဘူး.။ ဟိုလူကလဲ ပြန်မလာသေးဘူး . ဘယ်လိုလုပ်ရမလဲ .. စသဖြင့်တွေးနေတုန်း ဘွားကထပ်ပြောပါတယ်။


“ သမီးလေး အဘွား ထိုင်စောင့်ရမလားဟင်” တဲ့


“အဘွားရယ် . သူက အပြင်ထွက်သွားတာ အဘွားရဲ့ ။ သူပြန်လာရင် သမီး ပြောပေးပါ့မယ်နော်” လို့ ပြောလိုက်တယ်။ ကျွန်မပြောသာပြောရတာ အားမရှိတော့ဘူး။ တကယ်လို့ ဒီညမှ အဘွားကို သူတို့ ဘယ်မှာ ပစ်ထားကြမှာလဲ ။ အဘွားရဲ့ အိမ်က အေးသာယာရဲ့ အစွန်အဖျားနားလေးမှာ လို့တော့ သူငယ်ချင်းကပြောဖူးတယ်။ အဲ့နားလေးမှာ အိမ်ကောင်းကောင်းတွေမှ သိပ်မရှိတာ ။ပြီးတော့ အဖွားကလဲ တစ်ယောက်ထဲနေတာ ။

ကျွန်မ သေချာအောင်ထပ်မေးလိုက်ကြည့်တယ်။


ဘွား သုံးသောင်းဟုတ်လား ” ။ အဘွားက တိုးတိုးလေးပြောတယ် ” သုံးထောင်ပါကွယ် တကယ်လို့ သမီးလေး အဘွားစောင့်ရမယ်ဆို ဒီပိုက်ဆံလေးကို ပြန်ယူပြီး ပြည့်တဲ့အထိ စောင့်ပါ့မယ်” ဆိုပြီး ပေးထားတဲ့ တစ်ထောင်တန် လေး ကို ပြန်ထိုးပေးနေပါတယ်။ အဲ့ဒီတော့မှာ ကျွန်မမှာ ..

“ အော် သုံးထောင်လား သမီး တခါထဲ ပေးလိုက်ပါ့မယ် ခဏနော”ဆိုပြီး ကျွန်မ ဆိုင်ထဲပြန်ဝင်လာပြီး ပိုက်ဆံယူပြီး ပေးလိုက်ပါတယ်။

“ဒါဆို အဘွား ပြည့်သွားပြီနော်” လို့ ပြောလိုက်တယ်။


အဘွားက ပိုက်ဆံလေးကို တရိုတသေလေး ယူပြီး ဆုပေးပါတယ်။ ပေးပြီးတာနဲ့ ပိန်လွန်းပြီးခါးလေးနဲနဲ ကိုင်းနေတဲ့ အဖွားက ကျွန်မကို မော့ကြည့်လာပါတယ် ပြီးတော့ ကျွန်မလက်တွေကို ဖမ်းဆုပ်ပြီး ပြောပါတယ်..။


“သမီးလေးရယ်.. အဘွားကိုခေါ်ထားလို့ရရင် ခေါ်ထားပါလားကွယ် အဘွားကိုခေါ်ထားပါနော်” တဲ့။


အဘွားမျက်လုံးတွေကို ကျွန်မ စိုက်ကြည့်လိုက်မိတယ်. တိမ်နဲနဲလေး စွဲချင်နေတာလား အဘွားသူငယ်အိမ်တွေက ပြာနေတာလား။ အဲ့ခဏလေးအတွင်းမှာ ကျွန်မ အများကြီးတွေးလိုက်မိတယ်.။ အဘွားက ဘယ်နေရာမှာဆို အဆင်ပြေနိုင်မှာလဲ လို့ ။ ကျွန်မဘေးမှာ ကားသံတွေ မီးစက်မောင်းတဲ့ အသံတွေ အားလုံး ဘယ်နားရောက်သွားမှန်းမသိဘဲ ကျွန်မရဲ့ ကမ္ဘာကြီးက တိတ်ဆိတ်သွားတယ်။ ပြီးတော့ အဘွားကို ပြောလိုက်ရတယ်။


“ အဘွားရယ် .. မဖြစ်လို့ပါနော်၊ သမီးတို့ကလဲ သူများအလုပ်မှာ လခနဲ့ လုပ်ရတဲ့လူတွေလေ။ သမီး နေရာစုံစမ်းပေးပါ့မယ်နော် အဘွားနေလို့ရမယ့်နေရာကို သမီးတို့ စုံစမ်းပေးပါ့မယ်နော် ”


အဘွား က ခေါင်းလေးငြိမ့်ပြီး ကျွန်မကို နှုတ်ဆက်ပြီး ကျေးဇူးတင်ကြောင်းပြောပြီး ပြန်သွားပါတယ်။ သူအားကိုးတဲ့ ကျွန်မ သူငယ်ချင်းကိုလဲ သူလာသွားတယ်လို့ ပြောလိုက်ပါလို့ မှာသွားပါတယ်။

ကျွန်မ သူငယ်ချင်းပြန်လာတော့ အကျိုးအကြောင်းပြောပြတော့ သူက ကျွန်မကို ပိုက်ဆံသုံးထောင် ထုတ်ပေးတယ်။ ဘယ်ရမလဲ ။ကျွန်မလဲ ဒီကုသိုလ်ကြေးလေးတော့ ခွဲယူဦးမှပေါ့နော်။

“ အာ.. ရတယ် တကယ်လို့ ပေးချင်ရင်လဲ တစ်ထောင့်ငါးရာ ပဲပေးတော”့  လို့ ပြောလိုက်တယ်။


သူက ရီဖြဲဖြဲ နဲ့ စပါတယ်။ “ဘာလို့ ပေးရမှာလဲ ။ အစကထဲက ပေးပြီးသားကို ”တဲ့ ။

မျက်စောင်းထိုးလိုက်တော့မှ “ကဲကဲ ရော့ ထောင့်ငါးရာ”တဲ့ ။ ပြီးတော့ နှစ်ယောက်သား သက်ပြင်းချပြီး ရီလိုက်ပါတယ်။


အဘွားရယ် ဒီညတော့ အဘွားစောင်လေးနဲ့ အိပ်ရတော့မှာပေါ့နော်။ နောက်ရက်တွေ အဘွားလက်တွေ အေးစက်မနေတော့ဘူးနော်။



1 comment:

alvinnaw said...

lol
မေအိ နဲ့ နော အခုတလော ၁၅၀၀ နဲ့ တော်တော် အလုပ်ဖြစ်နေပါလား...
"labels: MY OWN WORDS" <<< ချစ်သွားပြီ.. မေအိကို။ cbox ကိုကြည့်လိုက်မှ နော မေအိကို ရစ်ထားတာတောင် မေ့နေတာ။
btw, is it ur own EXPERIENCE as well, huhh? ^.0